ဤမှာဘက်၌ မကျွမ်းကျင်သူတို့သည် လိပ်ဆိုတာ အခွံပစ်ရတာနှင့် ၃ ပိသာလောက်အကောင်သည် အတွင်းသား ငါးဆယ်သားမျှ
ရပါမည်လားဟု အောက်မေ့ဖွယ်ရှိသည်။ စင်စစ် ဒီလိုဇင်းရှာလိပ်ကို (လိပ်မှာ အမျိုးမျိုးရှိသည်) မီးဖုတ်လိုက်သောအခါ၌
အခွံရယ်ဟူ၍မရှိတော့ပေ။ ကျောကုန်းနှင့်ရင်ဘတ်က ဂုံညင်းဖြာသာသာမျှ အာရိုးပြားပါးပါးကလေး နှစ်ချပ်မှတစ်ပါး အားလုံး ပျော့ပျောင်းကာ
စားရသောအရာများသာ ဖြစ်ကြကုန်၍ ၃ ပိသာလောက်ရှိသော ဇင်းရှော (ကုန်း-ရေ နှစ်ဌာနနေသည့်) လိပ်မှာ ညှိလုံး ၄ ခုနှင့် စုစုပေါင်း
အစိတ်သားမှုသာ စွန့်ပစ်ရလေသည်။
လိပ်တစ်ကောင်လုံးကို ပျော့အိသွားအောင်မီးဖုတ်ပြီး ဓားနှင့်ခွဲစိတ် ကိုင်တွယ်ရသောအခါ၌ ကိုမောင်ချိုသည် ကောင်ကလေးများအား
လိပ်၏ ပေါင်ခြံနှစ်ခုနှင့် ချိုင်းနှစ်ဖက်အတွင်းမှ ညှိလုံး ၄ ခု ထုတ်ပုံကို ပြ၏။ အမဲအဆီတုံးကဲ့သို့ ဝင်းနေသည်။ ဒါတွေမထုတ်လျှင် လိပ်သားကို
မစားနိုင်လောက်အောင် ညှိ၏။
"ဟောဒါက အသည်းကွ၊ ဘယ်တော့မှ မှားပြီးမပစ်လနဲ့၊ လောကမှာ အဆိမ့်ဆုံး၊ 'ဖွတ်ဥ၊ လိပ်သည်း၊ ကျွဲနို့ခဲ'တဲ့၊ ပညာရှိကြီးများက
ဆိုခဲ့တယ်” ထိုစဉ် ကိုသာကျော်ကြီး ရောက်လာကာ
“ဟာ... ဗိုလ်ချို ဒီမှာကိုး၊ ငါ မင်းမှာတယ်ဆိုလို့ လာပြီး မင့်လိုက်ရှာနေရတာ"
"အေးကွ... ထန်းပင်မောင်းတက်ဆွဲမလို့ဘဲ၊ ဒီနေ့တော့မဖြစ်တော့ပါဘူးကွာ..၊ နေကတော့ ဝင်သွားပြီ၊ ဒီမှာ ဟင်းရတာနဲ့ကွ”
ကိုသာကျော်ကြီးလည်း ကြမ်းပြင်ပေါ်ရောက်လာကာ
"ဟော.. အကြီးကြီးပဲကွ၊ ဆူလိုက်တာဟာ..."
“အ.. မင်းလည်း ဒီမှာစားပေါ့ကွ...”
“ဟာ... ငါ့ဦးကြီးသာဒင်အိမ် ငါမစားလို့... ဖြစ်မလားကွ၊ ဦးကြီးသာဒင်ကတော့ အသက်ကြီးလို့ ဒါမျိုးစားတော့မယ် မထင်ဘူး"
ယင်း၌ အိမ်ရှေ့ခန်းမှ...