ဆဲပြီ​လေ

ggay(38)
Published in
#esteem
Words
199
Reading
1 min
Listen
Play
8y

တအာင်း(ပလောင်)လူမျိုးတွေရဲ့ ရိုးရာဓလေ့ဖြစ်တဲ့
လူပျို၊အပျိုလှည့်တဲ့ ဓလေ့ကို ကြပ်ကုန်းပါတို့၊ အသားစားလူမျိုးလို့ ပြောဆို Liveလွှင့်ခဲ့တဲ့ အမျိုးသမီးရဲ့ Live Video ကိစ္စက နိုင်ငံတော်အဆင့်အထိ ကြီးသွားပြီ။
တိုင်းရင်းသားလူမျိုးတွေဘက်က လွှတ်တော်ဥက္ကဌအထိ အဆင့်ဆင့်တိုင်ကြားမှုတွေ လုပ်လာပြီ။

အဲ့ Live စတက်လာတဲ့ညကတည်းက လွှင့်တဲ့အမျိုးသမီးကို အံ့သြနေတာ။
သူကသာ ကြပ်တို့ စုန်းကဝေတို့ ပြောနေတာ
Videoထဲမှာ လူတွေက ဓါတ်မီးတွေ ဆိုင်ကယ်တွေနဲ့။
မဖြစ်နိုင်တာတွေမှန်း သိပ်သိသာနေတာကို ဇွတ်ကြီး ဇာတ်လမ်းတွေဆင်ပြီး ပြောနေတာ။
သိတဲ့လူတွေက အကျိုးသင့်အကြောင်းသင့် ဝင်ရှင်းပြတာကို လုံးဝလက်မခံဘဲ ရန်တွေ့တယ်။ ပိုစ့်တွေတင်ပြီး ရိုင်းရိုင်းစိုင်းစိုင်းတွေ ပြောတယ်။ တကယ့် အံ့သြစရာကြီး ...

မြန်မာနိုင်ငံဟာ လူမျိုး၊ ဘာသာတစ်ခုတည်း နေထိုင်နေတာ မဟုတ်ဘူး။ မတူညီတဲ့လူမျိုးစုတွေ၊ မတူညီတဲ့ ဓလေ့ထုံးတမ်းတွေ၊ မတူညီတဲ့ ကိုးကွယ်ယုံကြည်မှုတွေကို အချင်းချင်း အပြန်အလှန်လေးစားကြဖို့ လိုအပ်တယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာကိုက အတိအလင်း ပြဌာန်းထားပြီးသား။

ကိုယ်က ဗမာလူမျိုးစစ်စစ်ပေမယ့် ရှမ်းပြည်ကို ချစ်လို့ ခဏခဏရောက်ဖြစ်တယ်။ တစ်နှစ်ကို အနည်းဆုံး သုံးခါလောက်ကို ရောက်တာ။ အဲ့မြေက အသက်ရှူဝတယ်။ လူစစ်စစ်တွေ အပြုံးစစ်စစ်တွေကို မြင်ရတယ်လို့ ခံစားရလို့။ ရှမ်းပြည်မှာတင်ကို မတူညီတဲ့ လူမျိုးစုတွေ၊ ရိုးရာဓလေ့ထုံးစံအတိုင်း အခုထိကို အဲ့ပုံစံအတိုင်း နေထိုင်ကြတဲ့ လူမျိုးစုတွေ အများကြီးပါ။
သူတို့ဟာ ဘယ်သူ့ကိုမှ မစော်ကားဘဲ သူတို့ရဲ့ ရိုးရာဓလေ့အတိုင်း ရှင်သန်နေထိုင်နေကြတာ။
ခေတ်ကာလနဲ့ မျောမပါဘဲ သူတို့ရိုးရာဝတ်စုံနဲ့ပဲ နေထိုင်နေတဲ့ လူမျိုးစုတွေတောင် ရှိသေးတယ်။
သိပ်လေးစားစရာကောင်းတယ်။

သူတို့မြေကို ရောက်ရင် သူတို့ဓလေ့ကို လေးစားပေးရတယ်။ သူတို့ မကြိုက်တာကို မလုပ်သင့်ဘူး။ သူတို့ယဉ်ကျေးမှုကို မလှောင်ပြောင်ရဘူး။ သူတို့ကိုးကွယ် ယုံကြည်မှုကို မစော်ကားရဘူး။ ဒါဟာ လူတိုင်းနာလည်ရမယ့် အခြေခံစည်းမျဉ်းပဲ။

သူတို့ဟာ ခေတ်မီချင်မှ မီမယ်။ ခေတ်မီကိုမီရမယ်လို့ ဝင်သတ်မှတ်ခွင့်မရှိဘူး။ ဒါဟာ သူတို့ရဲ့ အခွင့်အရေးပဲ။
စော်ကားခွင့် မပြောနဲ့ ... စွက်ဖက်ခွင့်တောင် မရှိဘူး။

အခုကိစ္စက Liveလေး တင်မိတာပဲလို့ ပြောလို့မရဘူး။
သူ့ဘာသာ ငြိမ်းချမ်းစွာ နေထိုင်နေတဲ့ လူမျိုးစုရဲ့ နေရာကို သွားပြီး သရဲ၊တစ္ဆေ၊ နာနာဘာဝ၊ကြပ်၊ စုန်းကဝေ၊ လူသားစားလူမျိုးစုဆိုပြီး Publicမှာ စော်ကားတာ။
တိုင်းရင်းသား လူမျိုးစုအချင်းချင်းကြား သံသယပွားအောင်၊ အထင်လွဲအောင်၊ ကြောက်လန့်အောင်လုပ်တဲ့သဘောပဲ။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးနဲ့ ဖယ်ဒရယ်ပြည်ထောင်စုကို ဦးတည်နေကြတဲ့အချိန်မှာ
တိုင်းရင်းသား လူမျိုးစုတွေရဲ့ ယုံကြည်မှုကို ပျက်ပြားစေမယ့်၊ နာကျည်းမှုကို ဖြစ်ပေါ်စေမယ့် လုပ်ရပ်မျိုးတွေကို
အသေအချာကို ရှောင်ရှားသင့်တယ်။

ကိုယ်မသိတာဟာ မသိတာပဲ။
တကယ်မရှိတာ မဟုတ်ဘူး။
ကိုယ့်ရဲ့ မသိခြင်းနဲ့ သူတပါးကို သွားစော်ကားတယ်ဆိုတာ လုံးဝကို လူမပီသတဲ့ လုပ်ရပ်ပဲ။
ပြောဆိုသူအမျိုးသမီးဟာ ဘာလူမျိုးပဲ ဖြစ်နေပါစေ
သူ့ရဲ့ နှုတ်ထွက်စကားဟာ သူ့လူမျိုးနဲ့ မသက်ဆိုင်ဘဲ
သူတစ်ယောက်တည်းရဲ့ အဆင့်အတန်းကိုပဲ ကိုယ်စားပြုပါတယ်။

ချစ်စရာကောင်းတဲ့ ရိုးရာဓလေ့ကို ထိန်းသိမ်းတဲ့ တအာင်း(ပလောင်)လူမျိုးစုတွေအပါအဝင် တိုင်းရင်းသားလူမျိုးစုအားလုံးကို ချစ်ခင်လေးစား တန်ဖိုးထားကြောင်း ဗမာလူမျိုးတစ်ယောက်အနေနဲ့ ဂုဏ်ပြုပါတယ်။

မတူကွဲပြားခြင်းကို တန်ဖိုးထားလျက်
ချစ်ခင်စွာဖြင့်...
ပန်ဆယ်လို
(24.8.2018)