တထုတ်ကိုနှစ်ခါခွဲဖျော်သည့်အတွက် သုံးထုတ်ကို ခြောက်ရက်တော့ သောက်ရသည်။ တလတွင် ကိုမြင့်ကျော် ကော်ဖီသောက်ရရက်မှာ ခြောက်ရက်ဖြစ်သည်။ တခါတရံတော့ အေးစံအတွက်ဖြစ်ဖြစ် သမီးအတွက်ဖြစ်ဖြစ် ကိုမြင့်ကျော်အတွက်ဖြစ်ဖြစ် ဖိနပ်ကလေးတရံဝယ်ရသည်။ ဖိနပ်ဝယ်သောလတွင်တော့ ကြက်သွန်နီလျှော့သုံးရသည်။ အဲ့တော့လည်း အေးစံငွေခိုးစုသည်ကို ကိုမြင့်ကျော်က မသိချင်ယောင်ဆောင်နေသည်။
အခုအေးစံလက်ထဲတွင် စုငွေနှစ်ရာဖယ်လိုက်သည်နှင့် ကျန်ငွေနှစ်ရာသာပိုသည်။ ဈေးထိပ်ဘက်က ပဲပြုတ်နှစ်ရာဖိုးဝယ်ပြီး အိမ်ပြန်ရတော့သည်။ မပြန်လို့ကမဖြစ်။ အိမ်ရောက်သည်နှင့် မနက်စာစားဖို့ပြင်ဆင်ရသည်။ ပဲပြုတ်ထုတ်ကိုဇလုံထဲထည့် ဆီနည်းနည်းထည့် ဆားထည့် ထမင်းကြမ်းခဲကိုချေထည့်ပြီး အားရပါးရနယ်လိုက်သည်။ ပြီးလျှင် ပန်ကန်ပြားတချပ်ထဲသို့ တဝက်ခွဲထည့်ပြီးကိုမြင့်ကျော်ကိုပေးသည်။ ဇလုံထဲမှကျန်ထမင်းများကိုတော့ သမီးလေးကိုခွံရင်းအေးစံပါစားရသည်။ ခပ်မြန်မြန်စားသောက်ပြီးတာနှင့် ကိုမြင့်ကျော်ထမင်းချိုင့်အတွက် အပြေးအလွှားစီစဉ်ရသည်။