## ဖိနပ်ပုံပြင်

Words
192
Reading
1 min
Listen
Play
9y

ဖိနပ်ပုံပြင်

၈နှစ်အရွယ် ကလေးတစ်ယောက်ဟာ လမ်းလျှောက်ရင်း သူ့ရဲ့ ညာဖက်မှာ စီးထားတဲ့ ညှပ်ဖိနပ်ရဲ့ သဲကြိုးပြုတ်ထွက်သွားတယ်။ ဒါကြောင့် သူဟာ လမ်းဘေးက အုတ်ခုံလေးတစ်ခုမှာ ထိုင်လိုက်ပြီး ပြုတ်နေတဲ့ ဖိနပ်သဲကြိုးကို ဖိနပ်ပေါက်ထဲ ထည့်တယ်။ ဖိနပ်ပြန်စီးကြည့်တော့ သဲကြိုးပြန်ပြုတ်ထွက်သွားတယ်။ နောက်တစ်ခါ သဲကြိုးကို ပြန်တပ်ပြီး ဖိနပ်ကို ပြန်စီးကြည့်တဲ့အခါမှာလည်း သဲကြိုးဟာ ပြန်ပြုတ်ထွက်သွားပြန်တယ်။ ဒါနဲ့ သူလည်း စိတ်ပျက်လက်ပျက်နဲ့ ထိုင်နေတယ်။ ဖိနပ်သစ်တစ်ရန်ဝယ်ဖို့လည်း သူ့မှာ ပိုက်ဆံမရှိဘူး။

သူ ထိုင်နေတာ မြို့ပတ်ရထား ဘူတာတစ်ခုမှာပါ။ ဒီအချိန်မှာ ကလေးတစ်ယောက်နဲ့ သူ့အဖေဟာ ရထားစီးဖို့ ရောက်လာကြတယ်။ ကလေးက သူ့အရွယ်လောက်ပါ။ သူဟာ အဲဒီကလေးစီးထားတဲ့ ရှုးဖိနပ်အနက် အသစ်လေးကို ကြည့်ရင်း သဘောကျနေတယ်။ အဲဒီလို ရှုးဖိနပ်လေးကို အရမ်းလိုချင်စိတ် ဖြစ်ပေါ်နေတယ်။

ဒီအချိန်မှာ ဘူတာကို မြို့ပတ်ရထားဝင်လာပြီ။ လူတွေဟာ ရထားပေါ် အလုအယက် ပြေးတက်ကြတယ်။ သူလည်း လူတွေ ရထားပေါ် ပြေးတက်နေကြတာကို ကြည့်နေတယ်။ အခု လူတွေအားလုံး ရထားပေါ် တက်သွားကြလို့ ပလက်ဖေါင်းပေါ်မှာ လူရှင်းသွားတယ်။ ပလက်ဖေါင်းပေါ်မှာ ရှုးဖိနပ်အနက်လေးတစ်ဖက် ကျနေတယ်။

သူဟာ ဖိနပ်လေးကို ပြေးကောက်လိုက်ပြီး သေသေချာချာ ကြည့်လိုက်တယ်။ ဖိနပ်လေးဟာ စောစောက ကလေးဝတ်ထားတဲ့ ဖိနပ်လေးပါ။ ရထားပေါ်ကို သူ့အဖေက ကမန်းကတန်း ဆွဲခေါ်ရင်း ပြုတ်ကျခဲ့ဟန်တူပါတယ်။ သူဟာ ဖိနပ်လေးကို တယုတယနဲ့ ပွတ်သပ်ကြည့်နေတုန်း ရုတ်တရက် ရထားဥသြဆွဲသံ ကြားလိုက်တယ်။ ရထားထွက်တော့မယ်။

သူဟာ စတင်ထွက်ခွာနေတဲ့ ရထားဆီကို လှမ်းကြည့်လိုက်တယ်။ စောစောက ကလေးဟာ ရထားတံခါးပေါက်ကနေ လှမ်းကြည့်နေတာကို မြင်လိုက်တယ်။ သူဟာ ဖိနပ်လေးကို လက်မှာ ကိုင်ပြီး ရထားနောက်ကို ပြေးလိုက်သွားတယ်။ ရထားပေါ်က ကလေးကို ဖိနပ်ပြန်ပေးဖို့ပါ။ ကလေးကလည်း လက်လှမ်းပြီး ဖိနပ်ကို ယူဖို့ ကြိုးစားတယ်။ ဒါပေမဲ့ ရထားဟာ အရှိန်မြန်လာလို့ သူ ကလေးလက်ထဲကို ဖိနပ်ကို ထည့်ပေးလို့ မရတော့ဘူးဆိုတာ သိလိုက်တာကြောင့် ဖိနပ်ကို ကလေးရှိတဲ့ ရထားတွဲက ပြုတင်းပေါ်က်ထဲကို ပစ်ပေါက်ပေးလိုက်တယ်။ ဒါပေမဲ့ ဖိနပ်ဟာ ပြုတင်းပေါက်ထဲ မဝင်သွားဘဲ ရထားတွဲကိုပဲ ထိမှန်ပြီး ပလက်ဖေါင်းပေါ် ပြန်ကျလာတယ်။ သူဟာ ပလက်ဖေါင်းပေါ်မှာ စိတ်ပျက်လက်ပျက်နဲ့ ရပ်ရင်း အရှိန်မြန်မြန်နဲ့ ထွက်ခွာသွားတဲ့ ရထားကို ကြည့်နေလိုက်တယ်။

ဒီအချိန်မှာ ရထားပေါ်က ကလေးဟာ သူ့ခြေထောက်မှာ စီးထားတဲ့ ကျန်တဲ့ ဖိနပ်တစ်ဖက်ကို ချွတ်ယူလိုက်ပြီး ပလက်ဖေါင်းပေါ်ကို ပစ်ချပေးလိုက်တယ်။ ပြီးတော့ ကလေးဟာ ပလက်ဖေါ်ပေါ်မှာ ကျန်နေခဲ့တဲ့ သူ့ကို လက်ပြနူတ်ဆက်ရင်း ရထားပေါ်မှာ ပါသွားတယ်။

ဒီကလေးနှစ်ယောက်စလုံးရဲ့ စိတ်ထားဟာ ဘယ်လောက်များ မွန်မြတ်ကြသလဲ။ လူကြီးတွေ အတုယူစရာပါ။

YouTube မှာ ကြည့်လိုက်ရတဲ့ ဇာတ်လမ်းလေးတစ်ခုပါ။

Present By

eaglebird@eaglebird

I am Waiting Upvote From

good-karma@good-karma

fruz@fruz

hr1@hr1

esteemapp@esteemapp

image

## ဖိနပ်ပုံပြင် | Ecency