ဥပုသ်နေ့တိုင်း ဘုန်းကြီးကျောင်း တစ်နေကုန်သွားပြီး ဥပုသ်စောင့်လေ့ရှိသော်လည်း ဒီသီတင်းကျွတ်လပြည့်နေ့မှာတော့ အမေမြသည် အိမ်မှာပင် သီလယူတော့လေသည်။ လူကြီးသူမများကို ကန်တော့သည့်အခါမို့ တူ၊ တူမတွေကအစ ရပ်ကွက်ထဲက မကင်းရာမကင်းကြောင်းရှိသူများကပါ လာကန်တော့နေကြရာ အမေမြအိမ်တွင် လူ အ၀င်အထွက် များနေသည်။
ဒီနေ့လည်း ကန်တော့သူတွေ လာကြလိမ့်ဦးမည်ကို အမေမြ သိသည်။ ကန်တော့ခံလိုသည့်အတွက် ဘုန်းကြီးကျောင်းကိုပင် မသွားနိုင်လောက်အောင် ဖြစ်နေတာတော့မဟုတ်။ တစ်နှစ်လုံးမှ ဒီတစ်ချိန်သာ တွေ့ရလေ့ရှိသော သံယောဇဉ်ကလေးတွေနှင့် လွဲသွားမှာကို စိုးသောကြောင့်ပင်။
နံနက်စောစောထပြီး ဆွမ်းချက်၊ ဘုရားဆွမ်းတော်ကပ်ပြီး သီလကို တစ်ခါတည်း ယူလိုက်သည်။ ပြီးတော့ ဒီနေ့မှာ ဝေယျာဝစ္စ မများအောင် မနေ့ကတည်းက ချက်ထားသော ဟင်းများကို နွှေးသည်။ အခြောက်အခြမ်း အကြော်အလှော်များကတော့ အမေမြ ကြောင်အိမ်ကလေးထဲမှာ အမြဲရှိနေပြီး ဖြစ်၏။ ထမင်းအိုးကတော့ ထပ်တည်မည်။
ထမင်းအိုး တည်ထားစဉ်မှာ ခြံထဲဆင်းပြီး ပြည်ပန်းညိုရွက် ခူးသည်။ တို့စရာကတော့ ခရမ်းသီး မျက်မမြင်ကလေးတွေဆို ငါးပိရည် မွှေးမွှေးနဲ့ အလိုက်ပဲ။ ကြိမ်နှီးတောင်းကလေးထဲတွင် လိုချင်သော ဟင်းသီးဟင်းရွက်များ ရှာခူးပြီး အမေမြ အိမ်ထဲ ပြန်ဝင်သည်။ ညဦးကမှ လတ်လတ်ဆတ်ဆတ်ခူးပြီး ဘုရားပန်းအိုးတွင် ထိုးထားသော ရေမွှေးနှင်းဆီဖူးများ ငုံအာ ပွင့်ကားလာကာ သင်းသော ရနံ့ဖြင့် ဘုရားရှင်ကို ဦးခိုက်နေပြီဖြစ်၍ အမေမြရင်မှာ သန့်စင်ကြည်လင် သွားလေသည်။
အမေမြသည် ဘုရားစင်ကို ကြည်နူးစွာ လှမ်းကြည့်မိ၏။ ထို့နောက် ဂုဏ်တော်ကိုးပါးကို ခပ်တိုးတိုး ရွတ်ဆို ပူဇော်ရင်း မပြီးသေးသော မီးဖိုဆောင်အလုပ်တွေကို တလှုပ်လှုပ်နှင့် ဆက်လုပ်နေသည်။
ထမင်းကျက်လျှင် ရေနွေးအိုးတည်ပြီး ဓာတ်ဘူးထဲဖြည့်၊ ခရမ်းသီးပြုတ်၊ ဟင်းချိုချက်။
“ အမေမြရေ…. ”
ဟော ….. လာပြီ။ တိုးညင်းသော ခေါ်သံကလေးနှင့်အတူ နုနုနွဲ့နွဲ့ ၀င်လာသူကား ခင်မထွေး။
“ ဟေ…. သမီးလေး….ထွေး….ဒီနေ့ ရောက်လာမယ်လို့ အမေမြ ထင်သား၊ တစ်ယောက်တည်းလား ”
ခင်မထွေးသည် ကြိမ်ခြင်းတစ်လုံးကို ဆွဲရင်း မီးဖိုထဲအထိ ၀င်လာသည်။ ပြီးတော့ အမေမြနှင့် ပူးပူးကပ်ကပ် ၀င်ထိုင်လိုက်၏။
“ တစ်ယောက်တည်းပဲ အမေမြရယ်…. သမီးလာတာ ဘယ်သူ့မှတောင် မပြောခဲ့ဘူး၊ ဒါနဲ့ အမေမြ နေကောင်းတယ်နော် ”
“ ကောင်းပါတယ်ကွယ်…. သမီးရော ”
“ ကောင်းတော့ ကောင်းပါတယ်….. ဒါပေမဲ့ တစ်ခါတစ်ခါမူးတယ် အမေမြရဲ့… ဟိုလေ…. ကလေးကလည်း ငယ်တော့ ပင်ပန်းတယ် ”
ခင်မထွေးအသံက ပိုတိုးသွားသည်။ အမေမြက နားလည်စွာ ပြုံးလိုက်သည်။
“ မနှစ် သီတင်းကျွတ်လပြည့် သမီးလာကန်တော့ကတည်းက အမေမြ သိပါတယ်၊ ငါ့သမီးတော့ ကိုယ်ဝန်ရှိနေပြီလို့၊ သမီးက ဘာမှမပြောလို့ အမေမြက မမေးတာပါ….ဘာလေးလဲ…. ဘယ်လောက်ရသွားပြီတုံး ”
“ သမီးလေး အမေမြရဲ့ ငါးလ ရှိသွားပြီ၊ မနှစ်က သမီးပြောမလို့ပဲ…. ဒါပေမဲ့ တစ်မျိုးပဲ၊ ရှက်တာလိုလို အားနာတာလိုလို….. ”
ခင်မာထွေးမျက်နှာ ပြုံးယောင်သမ်းလာသလို အမေမြလည်း ပြုံးသည်။
“ ဘာရှက်ရမှာလဲ…. အမေမြကတော့ သမီးအတွက် ၀မ်းသာလို့…. နေဦး အမေမြ ပြမယ် ”
အမေမြက မီးဖိုနှင့်ကပ်နေသော အိပ်ခန်းထဲ ၀င်သွားပြီး ပြန်ထွက်လာသောအခါ လက်ထဲတွင် စက္ကူအိတ် ဖောင်းဖောင်းကလေးတစ်အိတ် ပါလာသည်။
“ ဘာတွေလဲ….. ”
“ ဒီမှာကြည့်လေ….. ကလေးအင်္ကျီလေးတွေ…. အမေမြဘာသာ လက်ချုပ်ချုပ်ထားတာ ”
ခင်မထွေး အမေမြ ထုတ်ပြသော အင်္ကျီကလေးတွေကို ထုတ်ကြည့်ပြီး မျက်ရည်လည်မိမတတ် ၀မ်းသာနေသည်။
“ လှလိုက်တာ…. အမေမြရယ်၊ အပင်ပန်းခံ ချုပ်ထားသေးတယ်၊ ချုပ်ပြီးသား ၀ယ်လည်း ရသားနဲ့…. ”
“ အမေမြ စိတ်ကူးနဲ့ ချုပ်ထားတာလေ…. မပင်ပန်းပါဘူး….. မြေးလေးကို ခေါ်ခဲ့ပါဦး…. အမေမြ ကြည့်ချင်လို့ ”
ခင်မထွေးသည် အင်္ကျီကလေးများကို တယုတယ ပြန်ခေါက်ထည့်ရင်း မျက်ရည်လည်နေ၏။ အမေမြ၏ အိမ်ကလေးက ကျဉ်းသော်လည်း သန့်ရှင်းသပ်ရပ်လှသည်။ အတန်ငယ် ကျယ်ပြန့်သော ခြံဝင်းထဲတွင်ကား သီးပင်စားပင်တို့ဖြင့် စိမ်းလန်းအေးမြလှသည်။ တစ်ချိန်တုန်းကတော့ ခင်မထွေးသည် ဤခြံ၊ ဤအိမ်ကလေးမှာ ဤအမေအိုနှင့်အတူ နေခွင့်ရမည်ကို တွေးပြီး ပျော်ခဲ့ဖူးပါ၏။ သို့သော်လည်း ယခုအချိန်မှာတော့ တစ်မြို့တည်းအတူရှိနေသော ဤနေရာသို့ တစ်နှစ်မှ တစ်ခါသာ အနိုင်နိုင်ရောက်ရတော့သည်။
“ သမီးလေး မျက်နှာကို အမေမြ မြင်ရင် အံ့သြမယ်သိလား…. အမေမြနဲ့ သိပ်တူတာ ”
ဆက်လက်တင်ပြပါမည်
ချစ်လူ
မုံရွာ