ကင်းဝန်မင်းကြီးဦးကောင်း၏ အမှားများ
""""""""""""""""""
ဆန်စေ့ပုစ္ဆာ
တစ်ချိန်က မင်းတုန်းမင်းတရားကြီးသည် ညီလာခံတစ်ခု၌ ပုစ္ဆာတစ်ပုဒ် ထုတ်ပြန်သည်မှာ ''ဆန်တစ်စေ့ကို အပြန်၃၀ မည်သူစားနိုင်မည်လဲ။ စားနိုင်သူကို မြင်းတစ်ကောင်နှင့်ပုဆိုး ဆုတော်ချမည်'' ဟူသတည်း။ ဦးကောင်းသည် မင်းလိုကြိုက် မင်းကြိုက် ဖြစ်စေရန် စဉ်းစားဆင်ခြင်ခြင်းမပြုပဲ ရုတ်ချည်းပင် ''စားနိုင်ပါကြောင်း'' လျှောက်တင်သည်။ ဆန်တစ်စေ့၏ အပြန်၃၀မှာ ၁၇၃၊ ၇၄၁၊ ၈၂၃ ဖြစ်ကြောင်း တွက်ချက်ကြည့်မှ သိရ၍ ဦးကောင်း အလျှောက်မှားမှန်း သိရသည်။
ထို့ကြောင့် ဒဏ်ခတ်သည့်အနေဖြင့် ရေထမ်း၍ ဥယျာဉ်တော်အတွင်းမှ ပန်းပင်များကို ရေလောင်းရမည်။ ထိုဒဏ်မှလွတ်လိုလျှင် မိမိ၏ အမှားကို ရုတ်ချည်းစာစပ်၍ တင်ဆက်ရမည်ဆို၍ ဦးကောင်း စာဆိုပုံကား..
ပုဆိုးနှင့်မြင်းပါ ဆုတော်ခံမယ်လို့
ပြန်သုံးဆယ်ဆန်ကိုစားတယ်
မှားချက်ကနာ
နောက်တစ်ခါ ကြောက်ပါပေါ့သက်ဆုံး
သည်တစ်ပွဲမှာဖြင့် အလွဲကံချော်လို့
ဥယျာဉ်တော်မှာ ရေလောင်းမယ်
ငယ်ရင်းဟန်ကြွယ်တဲ့
ဆင်ကြန်မယ် ဖြူပြာနွဲ့ရယ်
မင်း ကူလှည့်ဦး။
သပြေငါးရွာ
၁၂၁၈ခုတွင် ဦးကောင်းသည် မင်းတုန်းမင်းတရားကြီး၏ အမိန့်တော်အတိုင်း တိန္တုကဇာတ်ကို ပျို့သဘော ရေးသားတင်ဆက်၏။ ထို့ကြောင့် ဆုလာဘ်အနေဖြင့် ပခန်းကြီးခရိုင်အတွင်းရှိ သပြေငါးရွာကို စားစေသည်။ ဦးကောင်းက ထိုဆုလာဘ်ကို လက်မခံလိုပဲ မိမိမူလစားရာ ရွာသစ်ကြီး (စစ်ကိုင်းနယ်)ကိုသာ ဆက်လက်စားလိုကြောင်း လျှောက်တင်သည်။
ထိုအခါ မင်းတုန်းမင်းတရားကြီးက.. ''သပြေငါးရွာသည် ပညာရှိတို့ကိုမှ ပေးသောရွာဖြစ်သည်။ မိမိစားလိုရာကို လျှောက်တင်ခွင့်ရှိသလော'' ဟု ငေါက်ငမ်းမိန့်ဆိုလေရာ ဦးကောင်းသည် ကြောက်အားကြီးစွာဖြင့် မိမိအလျှောက်အတင်မှားပါကြောင်း ဝန်ခံသံတော်ဦးတင်ရလေသည်။
၁၂၂၃ခုတွင် မင်းတုန်းမင်းတရားကြီးသည် ဦးကောင်းအား အလုံမြို့ဝန်အဖြစ် ချီးမြှောက်တော်မူခဲ့သည်။
''ငါ့သခင်သည် ငါ့ကို ယုံကြည်သဒ္ဒါသဖြင့် အလုံမြို့ကြီး၌ ဝန်ခန့်တော်မူပြီ။ ရွှေထီးဆောင်းခွင့် သနားတော်မြတ်ခံရလျှင် ကောင်းမည်'' ဟု ယူဆကာ နံသာဖြူနန်းတော်၌ ဘုရင်စံတော်မူခိုက် သံတော်ဦးတင်လေသည်။
မင်းတုန်းမင်းက ''ထီး ဓား စသော အဆောင်အရွက် မြို့ရွာကံကျွေးများကို မင်းဧကရာဇ်က အရည်အချင်းအလျှောက် ကြည့်ရှု့ပေးမြဲဖြစ်သည်။ ယခုကဲ့သို့ မှူးမတ်က မိမိအလိုရှိရာကို လျှောက်တင်တောင်းဆိုရသည်မဟုတ်'' ဟု ပြတ်ပြတ်မိန့်ဆိုလိုက်သည်။ ဤတစ်ကြိမ်တွင်လည်း ဦးကောင်းသည် မိမိအလျှောက်အတင် မှားပါကြောင်း ရှစ်ခိုးတောင်းပန်လေသည်။
ဆွေမျိုးများအတွက် ကင်းလွတ်ခွင့်
၁၂၃၈ခုတွင် ဦးကောင်း၏ဇာတိ မုန်တိုင်ပင်ရွာမှ ဆွေမျိုးသားချင်းများ ၎င်းထံလာလည်ကြသည်။ ထိုအချိန်တွင် ဦးကောင်းသည် သေနတ်ဝန်ဖြစ်လျှက် ၎င်း၏ ဆွေမျိုးသားချင်းအချို့တို့မှာ ဆိုင်ရာမြို့ရွာများတွင် သေနတ်အမှုထမ်းအဖြစ် အလှည့်ကျ ထမ်းရွက်ရသူများဖြစ်သည်။
ထိုသူတို့မှ ''သေနတ်အမှုထမ်းအဖြစ်မှ လွတ်ငြိမ်းချမ်းသာစွာ နေထိုင်နိုင်ရန် ကြည့်ရှု့ပေးပါ'' ဟု ပန်ကြားသည်။ ထိုကိစ္စကို မင်းတရားကြီးအား လျှောက်တင်လေသောအခါ ''ငါ၏ မင်္ဂလာအိမ်တော်ပါ ရိုးရင်းဖြစ်၍ သင့်အား အဂ္ဂမဟာသေနာပတိ ဝန်ရှင်တော်နေရာ၌ ခန့်ထား သူကောင်းပြုတော်မူခဲ့သည်။
ငါ့အမှုတော်ကို ဆထက်တပိုးတိုးအောင် ထမ်းရွက်ကြရန် တိုက်တွန်းအားထုတ်သင့်ပါလျှက် အမှုထမ်းနေသူများကိုပင် အမှုတော်မထမ်းရအောင် အမိန့်တော်ခံသည်မှာ မှားသလော၊ မှန်သလော'' ဟု မေးတော်မူ၏။ ဤတွင်လည်း ဦးကောင်းသည် သူ၏ငယ်ထိပ်ထက် မိုးကြိုးနှက်သကဲ့သို့ ကြောက်ရွံ့ခြင်း ပြင်းစွာဖြစ်လျှက် မိမိသည် အမှားကြီးမှားပါကြောင်း ရှိခိုးတောင်းပန်ရပြန်သည်။
မိုးကုတ်စာချုပ်
၁၂၃၆ခုတွင် ဦးကောင်းသည် မြန်မာသံအဖွဲ့ကို ဦးဆောင်၍ ဥရောပတစ်ခွင်လှည့်လည်ရာမှ ပြန်လည်ရောက်ရှိလာသည်။ ညီလာခံ၌ မင်းတရားကြီးအား လျှောက်တင်ရာတွင် ဗြိတိသျှကျွန်း၌ စက်မှုလုပ်ငန်း ခေတ်မှီပုံ၊ စစ်သည်တော်များ ကိုင်ဆောင်သော လက်နက်ခေတ်မှီပုံ၊ ဘုရင်မကြီးမှ မိုးကုတ်ကျောက်တွင်း အရောင်းအဝယ်ပြုလုပ်လို၍ အာမခံစာချုပ် ပြုလုပ်ခဲ့ပုံများ ပါရှိလေသည်။
မိုးကုတ်ကျောက်တွင်းကိစ္စ ကြားရချိန်တွင် မင်းတရားကြီးမျက်နှာတော် ရုတ်ချည်း ညှိးသွားသည်။ ''မိုက်လှချည်လား.. ငကောင်းရဲ့။ မောင်မင်းကို မိုးကုတ်ကျောက်တွင်း ရောင်းဝယ်နိုင်ခွင့်အာဏာ ငါက အပ်နှင်းတော်မူလိုက်သလား'' ဟု မိန့်တော်မူလေရာ ဦးကောင်းမှာ မင်းတရားကြီး၏ မိန့်ကြားချက်ကို ပြန်လည်သံတော်ဦးတင်ရန် မဝံ့တော့ပဲ ခေါင်းကိုက်စိုက် ငြိမ်ကျသွားလေတော့သည်။
ညီလာခံရုတ်သိမ်း၍ အတွင်းတော်သို့ ရောက်လျှင် မင်းတရားကြီးသည် မိဘုရားကြီးငယ်တို့ကို ခေါ်ယူစုဝေးတော်မူကာ ''မမတို့.. သည်တစ်ခါတော့ဖြင့် ဈေးတောင်း ခေါင်းရွက် ရက်ကန်းရက် ပဲပြုတ်ရောင်းပြီး အသက်မွေး
ဖို့သာ စဉ်းစားကြတော့။
မင်းကြီးငကောင်းက မိုးကုတ်ကျောက်တွင်းကို သူ့သဘောနဲ့သူ မဆင်မခြင် အင်္ဂလိပ်ဘုရင်မကြီးထံ ရောင်းခဲ့ပြီ။ စာချုပ်ခဲ့ပြီ။ ပြည်ပိုင်မင်းအချင်းချင်း လောဘ ဒေါသနောက်ကိုလိုက်ရင် စစ်ဖြစ်ဖို့ပဲ ရှိတော့တယ်'' ဟု မိန့်ကြား၏။ ထိုအချိန်တွင် မိဘုရားအများ တွေဝေငိုင်နေကြစဉ် စကြာင်္ဒေဝီမိဘုရားခေါင်ကြီးမှ
''ပူပန်တော်မမူပါနဲ့.. မောင်တော်ဘုရား။ ရောင်းတဲ့သူက သူ့ဥာဏ်နဲ့သူ ရောင်းခဲ့ရင် အရောင်းအဝယ်ပျက်အောင် ပရိယာယ်နှင့် ဖျက်တာပေါ့..
မောင်တော်''
''အနို့.. ဘယ်လိုစီမံရင် ကောင်းမည်လဲ''
''သားတော်ငဘိုးလှိုင် ရှိသားပဲ။ သူ့ကိုခေါ်ယူတိုင်ပင်ပါ.. ဘုရား''
ဤတွင်မှ မင်းတရားကြီးသည် စိတ်နှလုံးချမ်းသာရာရ၍ အမရပူရတွင် ရာထူးကျကာ အကျယ်ချုပ်ကျခံနေရသော ယောအတွင်းဝန်ဦးဘိုးလှိုင်ကို အမြန်ခေါ်စေသည်။ ဦးဘိုးလှိုင်က ''ဤကိစ္စအတွက် ပူပန်တော်မမူပါနှင့်.. ဘုရား။ ပတ္တမြားငမောက်အပါအဝင် နန်းစဉ်ရတနာကျောက်၃လုံးကိုသာ အဝယ်တော်များနှင့် အရေးဆိုရာတွင် အသုံးပြုခွင့် ပေးတော်မူပါ.. ဘုရား'' ဟု တင်လျှောက်သည်။ မင်းတရားကြီးမှလည်း ဦးဘိုးလှိုင်အား ဤအရေးနှင့်ပတ်သတ်၍ အာဏာကုန် လွှဲအပ်လေသည်။
အချုပ်ကိုဆိုရသော် အင်္ဂလိပ်ကိုယ်စားလှယ်များ ရောက်လာချိန်တွင် ဦးဘိုးလှိုင်က ''စာချုပ်အတိုင်း ဂတိမပျက် မိုးကုတ်ကျောက်တွင်းကို ရောင်းချမည်ဖြစ်ကြောင်း၊ တန်ဖိုးကို ဆုံးဖြတ်နိုင်ရန် ၎င်းတွင်းမှထွက်သော ကျောက်များကို အရင်ဈေးဖြတ်ရန်လိုကြောင်း'' ပြောကြားကာ တရုတ်ရာပြတ်ကို သက်သေထားရှိ၍ အငယ်ဆုံးနန်းစဉ်ကျောက်ကို စတင်ပြသည်။ ဂွမ်းတစ်ပိဿာအလည်ရှိ ပတ္တမြားသည် ဝါဂွမ်းကို ဖောက်ထွင်းလျှက် အရောင်တစ်ဝင်းဝင်း မျက်တောက်ခတ်နေသို့ ရှိသည်။
လှိုင် ။ ဤပတ္တမြား ဘယ်လောက်တန်သလဲ။
ရာပြတ် ။ တစ်တိုင်းပြည်တန် ကျောက်ဖြစ်သည်။
ကျောက်များကို ဆက်လက်ပြသရာတွင် ဒုတိယပတ္တမြားမှာ ၃ပြည်ထောင် တန်ဖိုးရှိကြောင်း၊ တတိယငမောက်ကျောက်မှာ ၇ပြည်ထောင် တန်ဖိုးရှိကြောင်း ရာပြတ်က သတ်မှတ်လေသည်။
ငမောက်ကျောက်ကို ဂွမ်း၇ပိဿာဖုံးထားသော်လည်း နန်းတော်တစ်ဆောင်လုံး ထိန်ထိန်လင်းနေသည်။ အင်္ဂလိပ်များက တန်ဖိုးများလှ၍ ဘုရင်မကြီးနှင့် တိုင်ပင်ပါရစေ ဆို၏။
ဦးဘိုးလှိုင်က စာချုပ်ကို အင်္ဂလိပ်များလက်မှ တောင်းယူကြည့်ရှု့ပြီးနောက် ''ဒီစာချုပ်သက်တမ်းဟာ ယနေ့ကုန်ဆုံးသွားပါပြီ။ အဝယ်တော်မပြီးပြတ်မှုကြောင့်လည်း အင်္ဂလိပ်ဘုရင်မကြီး သိက္ခာကျစေပါတယ်'' ဟုဆိုကာ အများရှေ့၌ပင် ထိုစာချုပ်ကို ဆုတ်ဖြဲပစ်လိုက်လေသည်။
သို့လျှင် ဦးကောင်း၏အမှားကို ဦးဘိုးလှိုင်က အဖတ်ဆယ်ခဲ့ပေသည်။
အင်္ဂလိပ်လက်အောက်သို့ မြန်မာ့ထီးနန်းကျဆုံးခဲ့ရသည့် ၁၂၄၇ခုနှစ်ကိုပင် မြန်မာတို့က “ဦးကောင်းလိမ်ထုတ် မင်းဆက်ပြုတ်”ဟူ၍ အမှတ်သညာပြုခဲ့ကြသည်။ ဦးကောင်းသည် ကုန်း ဘောင်မင်းဆက် ပြုတ်ခဲ့ရခြင်း၏ တကယ့်တရားခံ ဟုတ်၊ မဟုတ်ကို ငြင်းချက်မထုတ်လိုပါ။