လူ့လောကကြီးကနေ ကြိုဆိုပါတယ် သမီးလေးရေ..
ရှင်သန်ပါ..
အဖေက ရေလောင်းပေါင်းသင်ပေးပါ့မယ်..
ပထမဆုံး သမီးသိရမယ့် အသိက
သမီးဟာ သနားစဖွယ် ရင်ခွင့်မဲ့ မိဘမဲ့ကလေးတစ်ယောက်
လုံးဝမဟုတ်ဘူးဆိုတာပဲ..
လောကမှာ မိဘမဲ့ကလေးဆိုတာ မရှိဘူးသမီးရဲ့..
အဖေနဲ့ အမေဆိုတဲ့ မိဘနှစ်ပါးကြောင့်သာ
လူဆိုတာ ဖြစ်ပေါ်လာတာလေ..
မှတ်ထား သမီး .. မိဘမဲ့ဆိုတာ မရှိဘူး..
အကြောင်းကြောင်းကြောင့် မိဘနှစ်ပါးနဲ့ အတူမနေရတဲ့
ကလေးတွေပဲရှိတာပါ..
ဒါကလည်း ပြဿနာ မဟုတ်ဘူး သမီးရ..
လောကမှာ မိဘတိုင်း ကောင်းကြတယ်လို့ ဘယ်သူမှ
အာမ မခံနိုင်ပါဘူးသမီးရယ်..
ကိုယ့် သားသမီးအရင်းကို လမ်းဘေးမှာ တောင်းစားခိုင်းတဲ့
မိဘအရင်းတွေ တစ်ပုံကြီး..
မကောင်းတာတွေ တားမြစ်မယ်..
ကောင်းတာတွေ ညွှန်ပြမယ်..
အတတ်ပညာ သင်ပေးမယ်..
အရင်အနှီးတွေ အလုပ်အကိုင်တွေ ဖန်တီးပေးမယ်..
လင်ကောင်း သားကောင်းရအောင် ထိန်းမြားပေးမယ်..
ဒီအချက်တွေဟာ မိဘကောင်းတစ်ယောက်ရဲ့
အရည်အချင်းတွေလို့ သတ်မှတ်ထားတယ်ဆို
သမီးရဲ့အဖေ ဘယ်သူလဲမေးရင်
ဦးစိုးထိုက်လို့ ရဲရဲဝံ့ဝံ့သာဖြေပေတော့ကွယ်..
အခု သမီးရောက်နေတာ မိဘမဲ့ဂေဟာ မဟုတ်ဘူးနော်..
အဖေ့ရဲ့ အိမ် ..သမီးရဲ့ အိမ်..
သွေးတူ မောင်နှမ မဟုတ်ပေမယ့်
ကံတူ မောင်နှမတွေ အများကြီးခိုလှုံနေကြတဲ့ အိမ်..
ဒီအိမ်မှာကျိန်းသေ အာမခံနိုင်တာကတော့
သမီးအတွက် မေတ္တာတရားနဲ့ လုံခြုံမှုပါပဲ..
ဒီအိမ်နဲ့ပတ်သတ်လို့ အဖေ့ရဲ့ ရည်မှန်းချက်က
တစ်ခုတည်းရယ်..အဲဒါက ဘာလဲဆိုတော့
အချိန်တန် အရွယ်ရောက်လာတဲ့အခါ
သားတို့ သမီးတို့ဟာ ဒီအိမ်ကနေ ကြီးပြင်းလာတယ်ဆိုတာ
လောကအလည်မှာ လက်မထောင်ပြောရဲရမယ်..
"ဟုတ်တယ်..ငါ့အမေဟာ အသက်မပြည့်သေးတဲ့အချိန်
ငါ့အဖေက မုဒိန်းကျင့်ပြီး ငါ့ကိုမွေးလာတယ်..
အနာဂတ်ကြယ်ပွင့်လေးများဂေဟာကနေ
ငါကြီးပြင်းလာတယ်..
ဘာပြဿနာရှိပါသလဲ ရှင်.."ဆိုတဲ့
စကားမျိုးကို ပြောရဲရမယ်..
ဒါဟာ ရှက်စရာမဟုတ်..
တကယ် ရှက်ရမယ့် အကြောင်းတွေကိုလည်း
သမီးကြီးလာရင် အဖေသင်ပေးမယ်..
ကဲ..ငါ့သမီးနဲ့ စကားကောင်းနေလိုက်တာ..
ကိုယ်ဝန် ၇ လကြီးနဲ့ မျက်စိသူငယ် နားသူငယ်နဲ့
အဖေ့ဆီရောက်လာတဲ့ ၁၂ နှစ်ကျော်အရွယ်
သမီးအမေအတွက်လည်း အဖေ စီစဉ်ရအုံးမယ်..
သူ့ကို အဖေက ကျောင်းပြန်ထားပေးမှာလေ သမီးရ..
သမီး အမေက သမီးကိုမွေးပြီး ၇ တန်းပြန်တက်မှာ..
သူ့မူလဇာတိရွာကကျောင်းမှာ မနေခိုင်းတော့ဘဲ
တစ်ခြားဒေသမှာ ကျောင်းတက်နိုင်ဖို့ အဖေစီစဉ်ထားတယ်..
တို့မြန်မာ့လူနေမှုမှာ မုဒိန်းကျင့်ခံရတာကို
နှိမ်စရာတစ်ခုအနေနဲ့ အရှက်ရစရာတစ်ခုလို
ဝိုင်းအပြစ်တင်တတ်ကြတယ်..
ဒါကြောင့် သမီးအမေကို အဖေက တစ်နယ်တစ်ကျေးမှာ
ကျောင်းတက်ဖို့ စီစဉ်ရတာပေါ့..
သမီးတို့ကြီးလာရင် အဖေနဲ့ သမီးတို့ ပေါင်းပြီး
ဒီဓလေ့ကြီးကို ၀ိုင်းမြေလှန်ကြမယ်ဟေ့..
ကဲ..
အဖေ့ရဲ့ ရဲရဲတောက်သမီးလေးရေ..
လူ့လောကကြီးကနေ ကြိုဆိုပါတယ်..
ရှင်သန်ယုံပဲ ရှင်သန်ပေးပါ..
လူပီသအောင် အဖေက ရေလောင်းပေါင်းသင်ပေးပါ့မယ်..
ကိုစိုးထိုက်(ဖဒို)