ငါ့ကိုယ်ငါ လင်းနေပေမယ့်
ပါဝါမျက်မှန်တွေရဲ့ စကားမှာတော့ မှောင်နေဦးမှာပဲ။
ဘာမှမထူးပါဘူး ...
ပြဿနာတွေကို လူငယ်ဆန်ဆန်နင်းချင်ခဲ့တော့
အန်ဒါဂရောင်း ရက်ပ် တွေကြိုက်တတ်လာတယ်
အခိုးအငွေ့တွေရှိုက်တတ်လာတယ်
မူးကွဲနေတဲ့ ညပလတ်ဖောင်းတွေမှာ
ဂစ်တာစော်နံခဲ့ ကြိုးဝိုင်းဆန်ခဲ့
မြို့ဟာလည်း ငါ့ကိုမေတ္တာပို့သရဲ့။
အဲဒီလို ငါ့ရိုးရာနဲ့ယဉ်ကျေးမှုဟာ
သူတို့အတွက် ရိုင်းစိုင်းခြင်းပဲတဲ့
ဘယ်တတ်နိုင်မလဲလေ။
သြဝါဒတွေလည်း ကြားဖူးပါရဲ့
နေရိပ်လို နေပူကစောင့်တဲ့
ကိုယ့်နည်းကိုယ့်ဟန် နေရိပ်ကိုသွားတော့
လူ့ကျင့်ဝတ်သွေဖယ်ခြင်းတံဆိပ် အကပ်ခံရတယ်။
သွားစမ်း ... အဲဒီစက္ကူပန်း
နင်းချေပြီးမှ အားနာမိတယ်
တကယ်ဆို သူလည်း
ဘဝမှာ ရနံ့တွေထုံသင်းလင်းမြချင်ခဲ့မှာပဲ။
ဘောလုံးတစ်လုံးလိုပဲပေါ့
ကံတရားရေ ...
ငါ့မှာ (မင်းကို)ပိတ်ကန်ပစ်လိုက်ချင်စိတ်များ ။