ကိုယ်အများကြီး မတတ်နိုင်ပေမယ့် ကိုယ်တတ်နိုင်တာလေးကိုတော့ ဝေမျှချင်မိပါတယ်...
သိပ်ကောင်းတဲ့ အာဟာရကို မကျွေးနိုင်ပေမယ့် စာအုပ်ကောင်းလေးတွေကိုတော့ မျှဝေပါရစေ...
................
အထက်တန်းလွှာဆိုတဲ့ ဘဝတစ်ခုကနေ မတောင့်မတ မကြောင့်ကြနေနိုင်တဲ့ လူတစ်ယောက်ဟာ အချစ်တစ်ခုကို စတင်တွေ့ထိခဲ့ခြင်းကနေ အစပြုလို့ သူ့ဘဝကို သူကိုယ်တိုင် ရှာဖွေခဲ့ပါတယ်....။
အလုပ် ငါးမျိုးလောက် ပြောင်းခဲ့တယ်။ တင့်သင့်တဲ့ ဝင်ငွေတွေနဲ့ ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းနိုင်ဖို့လည်း တွေးခဲ့တယ်။ဒါပေမယ့် သူ့အတွက် ဘဝရဲ့အဓိပ္ပါယ်က မပြည့်စုံခဲ့ဘူးလေ..။
လူတွေ ဘဝတွေ စာနာမှုတွေ နားလည်မှုတွေ သူ့အတွက် လူသားဆန်တဲ့ နှလုံးသားက အခြားသူတွေနဲ့စာရင် နည်းနည်းတော့ ထူးခြားနေတယ်။
နောက်ဆုံးမှာ သူယုံကြည်တဲ့ အလုပ်တစ်ခုကို သူရှာတွေ့ခဲ့တယ်။
ဘဝမှာ ဘယ်အတိုင်းအတာထိ ခက်ခဲဖူးကြသလဲ။ ဘယ်အခြေအနေအထိ ရုန်းကန်ဖူးကြသလဲ။ ဘယ်လောက်ကြမ်းတမ်းတဲ့ လောကဓံကို ခံစားဖူးကြသလဲ။ ဘယ်လောက်အထီးကျန်ဖူးကြသလဲ..။
အဲ့ဒီအခြေအနေတွေအားလုံးရဲ့ အဆိုးဆုံးနေရာမှာ သူရပ်နေခဲ့တယ်။
ပန်းချီ သို့မဟုတ် အရောင်တွေနဲ့ စကားပြောဖို့ သူ့ကိုယ်သူ မြှုပ်နှံလိုက်တဲ့ ဆယ်စုနှစ်တစ်ခုထဲအတွင်းမှာ ပန်းချီကားလေး တစ်ကားသာ ရောင်းခဲ့ရသတဲ့။
ဒီဆယ်စုနှစ်အတွင်းမှာ သူ့ကိုယ်ပိုင်ဝင်ငွေ တစ်ပြားသားမှ မရှိတဲ့ ယုံကြည်ရာ တစ်ခုနဲ့ ပန်းချီဆရာ။
ကိုယ်ဟန်ပြမယ် ငှါးဖို့ ငွေမရှိလို့ ကိုယ့်ပုံကိုယ် မှန်ထဲ ကြည့်ပြီး ပုံတွေ ဆွဲခဲ့တဲ့ ပန်းချီဆရာတစ်ယောက်။ကိုယ့်နားရွက်ကိုယ်ဖြတ်ပြီး ပြည့်တန်ဆာမလေးကို ပေးပစ်ခဲ့တဲ့ စိတ္တဇဆေးရုံအထိ ခရီးရောက်ခဲ့တဲ့ အခြေခံလူတန်းစားဘဝကို ထာဝရအတွက် ကင်းဗတ်ပေါ်တင်ပစ်ခဲ့တဲ့ အရောင်များနဲ့ စကားပြောသူ..။
သူနေထိုင်ရာ ပတ်ဝန်းကျင်ဆီက အရူးဆိုတဲ့ သမုတ်သံတွေ၊ သူ့ကပေးနိုင်တဲ့ ချစ်ခြင်းတရားတွေ၊ သူ့အနုပညာမာနနဲ့ အပေါင်းအသင်းတွေ ဆွေမျိုးတွေရဲ့ ပစ်ပယ်ခံရမှုတွေနဲ့ သူ့ဘဝတစ်ခုလုံးကို ပန်းချီတွေထဲ စိုက်ပျိုးပစ်ခဲ့တဲ့ ဒက်ခ်ျလူမျိုး ပန်းချီဆရာ ဗင်းဆင့်ဗင်ဂိုးရဲ့ အမြဲတစေ ဆာလောင် တောက်လောင်နေတဲ့ ရမ္မက်မီး..။
ဖြူစင်တဲ့နားလည်မှုနဲ့ သိပ်ကို ရှားပါးတဲ့ ညီအစ်ကိုနှစ်ဦးကြား နားလည်မှုနဲ့ ချစ်ခြင်းတရား၊ ဘဝမျိုးစုံကြားက ပန်းချီလောကထဲ ခုန်ဝင်ပစ်ခဲ့ကြတဲ့ ဟေ့ဂ်မြို့က ပန်းချီလောကသားများ၊ ပါရီမြို့ဟာ ဘာ့ကြောင့်များ ပန်းချီမြို့တော် ဖြစ်နေခဲ့သလဲဆိုတာ တွေ့နိုင်မယ့် ရိုးတိုးရိပ်တိပ် ဖော်ပြချက်အချို့၊
ဒက်ခ်ျလူမျိုးတွေရဲ့ ရှင်သန်နေထိုင်မှုအချို့အခင်းအကျင်းနဲ့ ယုံကြည်ကိုးကွယ်မှုများ၊ ပန်းချီတွေရဲ့ သဘောတရားတွေကို လေ့လာနိုင်မယ့်...
IRVING STONE ရဲ့ LUST FOR LIFE သို့မဟုတ် မောင်ထွန်းသူရဲ့ ရမ္မက်မီး...
ဘဝတစ်ခုက ဝတ္ထုတစ်ပုဒ်လို ခင်းကျင်းပြသဖို့ လုံလောက်ချင်မှ လုံလောက်ပါလိမ့်မယ်။
ဒါပေမယ့် ဗင်းဆင့်ဗင်ဂိုးဆိုတဲ့ လူတစ်ယောက်ကတော့ သူ့ဘဝ သူ့အယူအဆ သူ့ခံယူချက်တွေနဲ့ သူလုပ်ချင်ရာတွေကို လုပ်ပြီး လောကကြီးထဲ သူ့ကိုယ်သူ စိုက်ပျိုးပစ်ခဲ့တယ်သူပါ။
သူ့ရဲ့အသက်ရှင်သန်မှု ၃၇ နှစ်ဆိုတဲ့ အချိန်ကာလအတောအတွင်းမှာ ပန်းချီကားပေါင်း မြောက်များစွာနဲ့ သီးပွင့် စေခဲ့သူပါ။
သူ့ပန်းချီကားတွေက သူကိုယ်တိုင်မစားသုံးခဲ့တဲ့ သစ်ပင်ကြီးလိုမျိုး ထာဝရ သီးပွင့်နေစေမယ့် ပန်းချီကားများစွာကို ချန်ထားရစ်ခဲ့သူပါ...။
သူက ပန်းချီကားတွေဆွဲဖို့ထက် အရောင်တွေထဲမှာ ထာဝရရှင်သန်နေမယ့် ပုံရိပ်တွေကို ဖမ်းဆုပ်ထည့်ထားတတ်သူ တစ်ဦးပါ။
ကြွေချိန်စောခဲ့ပေမယ့် ပေးဆပ်မှုများခဲ့တဲ့ ပန်းချီဆရာကြီး ဗင်းဆင့်ဗင်ဂိုးအကြောင်းက ဖတ်ဖို့ ထိုက်တန်တဲ့ စာအုပ်တစ်အုပ်အဖြစ် ဝေမျှပေးချင်မိပါတယ်...။
မဖတ်သေးဘူးဆိုရင်ပေါ့။
ဖတ်ညွှန်းရေးဖို့ မလုံလောက်တဲ့အတွက် စာအုပ်ကိုပဲ အချိန်ပေးဖတ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။
၂၀၁၇ ၊ သြဂုတ်လမှာ စိတ်ကူးချိုချိုကနေ တတိယအကြိမ် ပြန်လည်ပုံနှိပ်ထားပြီး ရောင်းဈေးက ၇၀၀၀ ကျပ်လို့ သတ်မှတ်ထားတယ်လို့ သိရပါတယ်။
ကျွန်မက pdfပဲ ဖတ်ရတာ ဖြစ်ပါတယ်..။
(အကယ်၍ ချွတ်ယွင်းများပါခဲ့သော် ကျွန်မ၏ အားနည်းမှုသာ ဖြစ်ပါသည်။)
I'm ATM.