ဝတ္ထုရေးသူက ဂျာနယ်ကျော်မမလေးလို့ ဆိုလိုက်ကတည်းက ဝတ္ထုရဲ့ အရေးအသားက သံသယရှိဖွယ် မရှိတော့ဘူးလို့ ကျွန်မကတော့ လက်ခံလိုက်မိပါတယ်။
ခေါင်းစဉ်လေးက " နတ်ရေးငယ်ရွှေစာ " တဲ့ ။သိပ်လှတဲ့ အမည်နာမနဲ့ ဝတ္ထုတစ်ပုဒ်။စာမျက်နှာ နှစ်ရာကျော်လောက်ပဲ ပါတဲ့ ဝတ္ထုတစ်ပုဒ်ဆီမှာ လက်က မချချင်လောက်ဖွယ် ဆွဲဆောင်ထားတဲ့ အရေးအသားတွေနဲ့ ရင်ထဲအထိ စူးနစ်ဖွယ် ဇာတ်ကောင်တွေကို အားမလို အားမရဖြစ်မှုတွေကပဲ နတ်ရေးငယ်ရွှေစာကို ပိုပြီး ပြောင်မြောက်စေသလား ထင်မိပါတယ်။
လှဆိုသော မိန်းကလေးမှ ဇာတ်ကို ပြောပြထားသလို ဖန်တီးထားပြီး တကယ်တမ်း လှ သည် မြဆိုတဲ့ မိန်းကလေးရဲ့ သူငယ်ချင်းမျှသာ။
မြ ဆိုတာ ဘယ်လို မိန်းကလေးလဲ..
ဘယ်လို စိတ်နေ စိတ်ထားမျိုးလဲ..
လှရဲ့ စိတ်ကရော ဘယ်လိုလဲ။မြနဲ့ လှရဲ့ ကြားထဲက ဆက်ဆံရေးကရော ဘယ်လိုများ ပတ်သက်မှုရှိနေခဲ့တာလဲ။
လှရဲ့ အတွေးအခေါ် အယူအဆတွေ ကိုလိုနီခေတ်က မြန်မာမိန်းကလေးတစ်ယောက်အပေါ် မိဘတွေရဲ့ အုပ်ထိန်းပုံတွေကို လှဆီကနေ သိနိုင်ပါလိမ့်မယ်။
ဒါပေမယ့် ဒီဝတ္ထုကို ဖတ်လိုက်တဲ့အခါ မြဆိုတဲ့ မိန်းကလေးတစ်ယောက် အကြောင်းက ပိုပြီး အခရာ ကျနေတာလည်း တွေ့ရပါလိမ့်မယ်။
မြ........
ငယ်ကတည်းက ရှက်ကြောက်မှုတွေနဲ့ ရုပ်ရည်လှပသလောက် စိတ်ပျော့တတ်တဲ့ မိန်းကလေးတစ်ယောက်၊ပြောရရင် မိန်းကလေးပီပီ မှီခိုမှုကို အားသန်တတ်တဲ့ မြ။သူ့မှာရှိတာ လှဆိုတဲ့ မာကျောကျော သူငယ်ချင်းတစ်ယောက်၊ ကိုလိုနီခေတ်က မြန်မာတွေရဲ့ မရိုးနိုင်တဲ့ ဇာတ်ကြောင်းတစ်ခုလို ချစ်တီးထံမှာ အပေါင်ဆုံးပြီးမှ ကိုယ့်အိမ်ကိုယ်ယာကို ပြန်ငှါးနေရတဲ့ အကြွေး ပတ်လည်နဲ့ မိသားစု။ဒါဟာ အစပိုင်း မြရဲ့ဘဝက ဒါပဲ။
ဆုံးဖြတ်ချက် မခိုင်မာတတ်တဲ့ မြ ၊ လောကကြီးမှာ အချစ်ဆိုတာကိုလည်း ရှာတွေ့ခဲ့ပါရဲ့။ဒါပေမယ့် စိတ်ကူးထဲက မင်းသားတစ်ပါးဆီမှာ ရှာတွေ့ခဲ့တဲ့ အချစ်တော့ မဟုတ်ခဲ့ပြန်ဘူး။အဲ့ဒီအချစ်အတွက် စွန့်လွှတ် စွန့်စားဝံ့တဲ့ သတ္တိမျိုး မြ ဆီမှာ ရှိမနေခဲ့တော့တာက ကံစီမံရာဆိုတာထက် အမေစီမံရာဆိုတာမျိုးနဲ့ ငွေတိုက်ဝန်ထောက်ဆိုတဲ့ ကိုယ့်ထက် အသက်အများကြီးကြီးတဲ့ လူနဲ့ ညားပါလေရော။
ကိုယ့်ကို မချစ်တဲ့ ကောင်မလေး။ အထူးသဖြင့် ချောမောလှပလွန်းတဲ့ စိတ်အပျော်ကို စွဲလမ်းတတ်တဲ့ မိန်းကလေးတစ်ယောက်ကို ငွေပေးပြီး အလိုလိုက် အကြိုက်ဆောင်ပေးခြင်းနဲ့သာ မျှောနေတတ်တဲ့ ငွေတိုက်ဝန်ထောက်ဆိုတဲ့ လူဟာ မြကို ကြိုးတစ်စကိုင်ထားတာကလွှဲရင် ဘယ်လိုမှ မတားဆီးနိုင်ခဲ့ဘူး။မြဆိုတာ မိခင်ရင်ခွင်မှာကတည်းက ခြေစုံကန်ချင်တဲ့ ဉာဉ်ဆိုးလေးနဲ့ မိန်းကလေးလေ။လင်ယောက်ျားရဲ့ အလိုလိုက်မှုနောက်မှာ အရွဲ့တိုက်မှုအတတ်ပညာကိုပါ ကျွမ်းကျင်လာတာကတော့ မြအတွက် ထွက်ပေါက်တစ်ခုကို ရှာတွေ့ခြင်းလို့ပဲထင်မိတယ်။
အိမ်ထောင်ဆိုတာ ဘာလဲလို့ မေးရလောက်အောင် လေလွှင့်ချင်နေတဲ့ မြ။ သားသမီးဆိုတဲ့ သံယောဇဉ်အပေါ်မှာတောင် အလေးအနက်မထားတတ်တော့တဲ့အထိ မြဆိုတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အုံနဲ့ကျင်းနဲ့ သန္ဓေတည်ခဲ့တဲ့ မကျေနပ်မှုများစွာက မြဆိုတဲ့ တည်ငြိမ်ရှက်ကြောက်အေးဆေးခဲ့ဖူးတဲ့ မိန်းကလေးတစ်ယောက်ကို သတ်ပစ်လိုက်ပါတော့တယ်။
အချစ်တွေ အမုန်းတွေ မကျေနပ်မှုတွေနဲ့ မြရဲ့ဘဝက သနားစရာ ကောင်းသလို ရွံရှာဖွယ်လည်း အတိ၊ စက်ဆုပ်ဖွယ်ကလည်း အပြည့်.....ဒါပေမယ့် မြကို မှားတယ်လို့ ယူဆဖို့ မြရဲ့နေရာကိုများ တခဏဖြစ်ဖြစ် ခံစားကြည့်မိရင် မြကို စာနာလာတယ်။ နားလည်လာမိတယ်။
လှဟာ မြရဲ့ဘဝထဲ ဘယ်လိုပတ်သက်ခဲ့သလဲ။
မြရဲ့အချစ်ဦးဟာ မြကို သိပ်ချစ်ခဲ့ရက်နဲ့ မြကလည်း သိပ်ကို ချစ်မြတ်နိုးခဲ့ပါရက်နဲ့ ဘယ်လို အကြောင်းမတိုက်ဆိုင်မှုတွေက သူတို့ကို ဝေးကွာစေခဲ့တာလဲ။မြဆိုတဲ့ မိန်းကလေးက ဘယ်အတိုင်းအတာအထိ ပြောင်းလဲသွားခဲ့သလဲ။ မြဆိုတဲ့ မိန်းကလေးရဲ့ အိမ်ထောင်သည်ဘဝကို ဘယ်လို ဖြတ်သန်းခဲ့သလဲ။
ရိုးရှင်းတဲ့ အဖွဲ့အနွဲ့တွေ၊ စာဖတ်သူရင်ထဲ တိုက်ရိုက် ထိခတ်စေခဲ့တဲ့ ဆရာမကြီး ဂျာနယ်ကျော်မမလေးရဲ့ ကလောင်စူးစူးတွေကို (အကယ်၍ မဖတ်ရသေးရင် )ဖတ်ကြည့်ကြစေချင်မိပါတယ်။
အားမလို အားမရမှုများစွာနဲ့ ရင်တဟာဟာ ကျန်နေခဲ့ရမယ့် နတ်ရေးငယ်ရွှေစာ ချစ်ဖို့ကောင်းတာလေးက သူငယ်ချင်းသံယောဇဉ်ရဲ့ ခိုင်မာတဲ့ ကြိုး။
အချစ်တွေ အမုန်းတွေ မပါတဲ့ အဖြူရောင် သူငယ်ချင်းတွေရဲ့ ခိုင်မာတဲ့ သံယောဇဉ်လေးက ချစ်ဖို့ကောင်းတယ်။သူ့ဘဝက ဘာလဲ။ ကိုယ့်ဘဝက ဘာလဲ တိုင်းတာမနေအားကြတဲ့ ခင်မင်ကြတဲ့ သူငယ်ချင်းနှစ်ယောက်ကြားက သန်မာတဲ့နှောင်ဖွဲ့မှုကို ဒီဝတ္ထုထဲ အတိုင်းသားတွေ့မြင်နိုင်မှာပဲ ဖြစ်ပါတယ်။
ယူတတ်မယ်ဆိုရင် မက်ဆေ့ခ်ျများစွာကို ကောင်းကောင်းရနိုင်မယ့် ဒီ ဝတ္ထုဟာ မြန်မာ မိန်းကလေးတွေအနေနဲ့ အနည်းဆုံး တစ်ခါဖြစ်ဖြစ် ဖတ်ဖြစ်စေချင်မိပါတယ်။
ဆင်ခြင်တုံတရားကင်းမဲ့သွားမှုနောက်မှာ ဘဝအပေါ် ဘယ်အတိုင်းအတာအထိ သက်ရောက်သွားစေနိုင်တယ်ဆိုတာ ဘဝအမြင် ၊အသိအမြင်တွေ ဟင်းလင်းပွင့်သွားသလို ခံစားမိစေတဲ့ နတ်ရေးငယ်ရွှေစာ...လို့ပဲ ကျွန်မ ညွှန်းဆို ချင်မိပါတယ်။
အကယ်၍ ဖတ်ကြည့်မယ်ဆိုရင် အချိန်အနည်းငယ် ပေးလိုက်ရုံနဲ့ တွေးစရာ သိစရာများစွာကို ဒီစာအုပ်လေးဆီက ရရှိစေနိုင်ပါလိမ့်မယ်လို့ ကျွန်မ ထင်မြင်ယူဆမိပါတယ်။
ကျွန်မဆီဖတ်ရတာကတော့ စာမျက်နှာစုစုပေါင်းစာမျက်နှာ ၂၀၉မျက်နှာ၊ သီဟရတနာစာပေကနေ ဒုတိယအကြိမ်အဖြစ် ၂၀၀၀ ခုနှစ်၊ အောက်တိုဘာလထုတ်ဝေထားပြီး..
စာအုပ်ဈေးနှုန်းက ၁၅၀၀ ကျပ်ဖြစ်ပါတယ်။( တိုက်ထုတ်ဈေးမဟုတ်ပါ)။
(ဖတ်မိသမျှကို မှတ်မိသလို နားလည်သလိုပဲ ညွှန်းမိတာမို့ အကယ်၍ အမှားများပါခဲ့သော် ကျွန်မရဲ့ ချွတ်ယွင်းအားနည်းမှုသာ ဖြစ်ပါတယ်။)
I'm ATM.