Mine Pyat History ( Myanmar)

Words
578
Reading
3 min
Listen
Play
9y

image

မိုင်း - ဖ - ယတ် မှသည် မိုင်းဖြတ်မြို့ ဟူ၍ှရှေးဟောင်းသမိုင်း

ဆောင်းပါးရှင်- ဝေယံလင်း

မိုင်းဖြတ်မြို့၏ သမိုင်းစတင်ပေါ်ပေါက်လာပုံမှာ ဒဏ္ဍာရီပုံပြင်ဆန်သော်လည်း သမိုင်းသုတေသီများ အဖို့ ဆန်းစစ်လေ့လာလျှင် ဒဏ္ဍာရီမဟုတ်တော့ဘဲ ပကတိ ဖြစ်ရပ်မှန်နှင့် အဖြစ်နိုင်ဆုံးဆက်စပ်မှုရှိ လိမ့်မည်ဟုထင်သည်။ မည်သို့ပင်ဖြစ်စေ သမိုင်းကိုမှတ်တမ်းတင်ရာတွင် စာပေအကိုးအထောက်များ မရှိသော်လည်း “ သက်ကြီးစကား သက်ငယ်ကြား ” ဆိုသကဲ့သို့ သမိုင်းစဉ်ကို စဉ်ဆက်မပြတ် လက်ဆင့်ကမ်း သယ်ဆောင်လာခဲ့သောကြောင့် မြို့နယ်နောက်ခံသမိုင်းသည် ကွယ်ပျောက်သွားခြင်း မရှိဟုဆိုချင်ပါသည်။ မိုင်းဖြတ်မြို့နယ်၌ နေထိုင်ခဲ့ကြသည့် သက်ကြီးများ၏ အဆိုအရ လွန်ခဲ့သော နှစ်ပေါင်း (၂၅၀၀) ကျော်လောက်က ဤမြို့နယ်အတွင်း မြို့ရွာတည်ထောင်၍ အုပ်ချုပ်သူနှင့် အအုပ်ချုပ်ခံလူ့အဖွဲ့စည်း တစ်ရပ် အခြေစိုက်နေထိုင်ခဲ့သည်ဟုဆို၏။ ထိုလူ့အဖွဲ့အစည်းမှာ ဒမ္မိလ ခေါ် ဝလူမျိုးများပင်ဖြစ်ရာ ဒမ္မိလလူမျိုးသည် မွန်ခမာအုပ်စုမှ ထွန်းကားလာသော အနွယ်ဝင်ဖြစ်ပြီး သမိုင်းသုတေသီများ၏ အဆိုအရ သံလွင်မြစ်ကြောင်း ရေကြည်ရာမြက်နုရာသို့ ဆင်းသက်လာပြီး ရှမ်းကုန်းပြင်မြင့်တွင် အခြေစိုက် နေထိုင် ခဲ့သည်ဟု အဆိုပြုထားပါသည်။ ထိုစဉ်အခါက မိုင်းဖြတ်ဟုခေါ်တွင်မည့် ယင်းလူမျိုးများ အုပ်ချုပ်နေသည့် မြို့မှာယန်းမန်ခေါ် နားလီးရွာ၏ တောင်ဘက်တွင် “ ဝိန်းကွန်း ” အမည်တွင်သော အုတ်နန်းမြို့ကို အခိုင်အမာ တည်ဆောက်ပြီး အုပ်ချုပ်နေထိုင်ခဲ့သည်ဟုဆို၏။ ယင်းမြို့ဟောင်း၏ အရှေ့တောင်ဘက်တွင် နမ့်လုံချောင်းက ကာဆီးထားသည်။ ချောင်း၏ တစ်ဘက်ကမ်းတွင် ဝိန်းကွန်း၏ လုံခြုံရေးကို အထောက်အကူပြုရန် “ ဝိန်းကော” ဟူသောမြို့ကို ရှေ့ပြေးကင်းအဖြစ် တည်ထားသည်။ “ ဝိန်းကွန်း ” မြို့တည်ရှိခဲ့သည်ဆိုသော အဆိုကို အုတ်ကျိုးအုတ်ခဲများက သက်သေထူနေသည်။ ထိုခေတ် ထိုဒေသတွင် အုပ်ချုပ်သူ အကြီးအကဲမှာ “ ကန့်အိုက်အွန် ” ဆိုသူဖြစ်ပါသည်။ “ ကန့် ” ၏ အဓိပ္ပာယ်မှာ အကြီးအကဲဖြစ်ပြီး “ အိုက်အွန် ” ၏ အဓိပ္ပာယ်မှာ မောင်အွန်ဟု ရှမ်းလူမျိုးများ၏ သာမန်လူပုဂ္ဂိုလ် တစ်ဦး အမည်ပင်ဖြစ်သည်။ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း “ ဝိန်းကွန်း ” သည် နန်းမြို့သဘောဖြစ်ပြီး ယင်း၏ အုပ်ချုပ်မှုအောက်တွင် ကျေးရွာငယ်များ တည်ရှိနေသည့် “ ဝိန်းကွန်း ” နှင့် ကပ်လျက် အနောက်တောင်ဘက်တွင် “ စွန်တောင်း ” တောင်ကုန်း တည်ရှိနေသည်။ ထိုစွန်တောင်း တောင်ကုန်းတွင် ဆိုးသွမ်းသော ဘီလူးကြီးတစ်ကောင် နေထိုင်သည်ဟုဆို၏။ ဗုဒ္ဓမြတ်စွာဘုရားအဖြစ် တည်ရှိပြီး သက်တော်ထင်ရှား ရှိစဉ်ကာလ ဖြစ်သည့် “ဝိန်းကွန်း” ဘုရင် ကန့်အိုက်အွန်လည်း စိုးရိမ်ကြောင့်ကြပြီး သူ့အလှည့် ကိုယ်အလှည့်ကြည့်ပြီး ကြောက်လန့်နေရသော ဘေးဒုက္ခနှင့် ကြုံတွေ့နေကြရသည်။
တစ်နေ့သော် ဗုဒ္ဓမြတ်စွာဘုရားသည် အရှေ့တိုင်းဒေသတွင် သာသနာတော်ပြန့်ပွားရန် အချိန်ကျရောက်သည်ကို ဉာဏ်တော်ဖြင့်သိရသည်နှင့်အညီ ဝိဒေတတိုင်း (တရုတ်ပြည်)မှတဆင့် ကမ္ဘောဇတိုင်း မိုင်ယောင်းမြို့နယ်သို့ ဒေသစာရီကြွ မြန်းရောက်ရှိလာသည်။ မိုင်းယောင်းတွင် ဗုဒ္ဓသာသနာ ထွန်းကားလာရေးအတွက် အရှည်ကိုမျှော်တွေးပြီး ဘုရားရှင်၏ ဆံတော်နှင့် ခြေတော်ရာကို ချီးမြှင့်ပြီး သာသနာ မျိုးစေ့ချခဲ့သည်။ ဗုဒ္ဓမြတ်စွာဘုရားသည် မိုင်းယောင်းမြို့မှ တဆင့် ဗျသခေါ် မိုင်းဖြတ်မြို့နယ်သို့ ကြွမြန်းလာပြီး မိုင်းဖြတ်မြို့၏ အရှေ့တောင်ဘက်အရပ်ရှိ နမ့်နန်းတောင်ပေါ်တွင် သီတင်းသုံးတော်မူ သည်။ ဘုရားရှင်သည် ဒမ္မိလ လူမျိုးတို့အား မွှေးညှင်းတော် (မျက်ခုံးမွှေး)ကို ကိုးကွယ်ရန် ချီးမြှင့်တော်မူ ခဲ့လေသည်။ ဘုရားရှင် ချီးမြှင့်တော်မူခဲ့သော မွှေးညှင်းတော်ကို စေတီတည်၍ “ စက္ခုမာဒေါ ” ဘွဲ့မည်တွင်သည့် ပုထိုးတော်တွင် ဌာပနာတည်၍ ကိုးကွယ်ကြသည်။ မြတ်စွာဘုရားသည် ထိုဒေသနယ်မြေတဝိုက်တွင် သီတင်းသုံးနေထိုင်တော်မူသည်ကို ဝိန်းကွန်းဘုရင် “ ကန့်အိုက်အွန် ” ကြားသိလေသည်။ ကန့်အိုက်အွန်သည် ဘုရားရှင်ထံ တော်သို့ ရောက်ရှိလာပြီး လူအပေါင်းကို ဒုက္ခအန္တရာယ်ပေးနေသော ဘီလူးကြီးအကြောင်းကို လက်စုံမိုး၍ ရှိခိုး လျှောက်ထားလေသည်။ ထိုဘီးလူးကြီးသည် စွန်တောင်းတောင်ကုန်း၏ လှိုဏ်ဂူအတွင်း နေထိုင် လျက်ရှိသည်။ မြတ်စွာဘုရားသည် ဘီလူးကြီးနေထိုင်ရာ စွန်တောင်းတောင်ကုန်းသို့ ကြွရောက်တော်မူ လာသည်။ ဘီလူးသည် မြတ်စွာဘုရားကို မသိသဖြင့် အမျက်ဒေါသထွက်ပြီး စားမည်ဟုကြုံးဝါးသည်။ ဘုရားရှင်က မေတ္တာတော်ရှေ့ထား၍ လက်သန်းတော်ကိုစားပါဟု ဘီလူးအား ထိုးပေးသည်။ ဘီလူးလည်း ဒေါသလှိုင်း ဘောင်ဘင်ခတ်နေစဉ်ပင် ဘုရားရှင်၏ လက်သန်းတော်ကို ကိုက်ဖြတ်ရာ မရသည့်အပြင် သွားများလည်းနာကျင်သော ဝေဒနာဖြင့် ခံရသောကြောင့် ကြောက်လန့်သွားသည်။ ဘီလူးသည် ဘုရား၏ မေတ္တာတန်ခိုးကြောင့် မာန်စွယ်ကျိုး၍ အသက်ကို ချမ်းသာပေးပါရန် ရိုသေစွာ ရှိခိုးတောင်းပန်ကြောင်းသိရ သည်။ ဘုရားရှင်သည် ကျွတ်တန်းဝင်သော ဘီလူးအား သရဏဂုံနှင့် ငါးပါးသီလတို့ကို တည်စေပြီး အစွယ်တို့ကို ချိုးစေ၍ ထူပြစ်ကြမ်းတမ်းသော အမွှေးအမျှင်တို့ကို ကျွတ်ကျစေကုန်၏။ ယင်းဘီလူးမှာ ဘုရားရှင်၏ မေတ္တာဂရုဏာတော်ကြောင့် ကျွတ်တန်းဝင်သွားပြီးသော်လည်း ဘီလူး နှင့် လူ ဇာတိသဘာဝချင်း မတူသဖြင့် လူ့ရပ်ဌာနေတွင် နေ၍ မရနိုင်ပေ။ ဘုရားက တရားပြဆုံးမပြီး ယခင်နေထိုင်သည့် လှိုဏ်ဂူတွင်း၌ နေပါဟု မိန့်တော်မူပြီး၊ ဘီလူးကို လှိုဏ်ဂူထဲသို့ ဝင်စေ၏။ ၄င်းနောက် မြတ်စွာဘုရားသည် လှိုဏ်ဂူ၏ အနောက်ပိုင်းအပေါက်ကို ဖနောင့်တော်ဖြင့် ပိတ်လိုက်သည်။ (ယခုခြေတော်ရာဟု ထင်ရှား လျက်ရှိပါသည်) မြတ်စွာဘုရား ထိုဒေသတွင် သာသနာထွန်းကားစေရန် ဘီလူးနှင့် ဒမ္မိလတို့အား ကုသိုလ်ကောင်းမှု ပွားများစေခြင်းငှာ ဆံတော်နှစ်ဆူကို ပေးသနား၍ “စွန်တောင်း” ဘွဲ့အမည်ဖြင့် ဌာပနာတည်ပြီး ကိုးကွယ်ကြသည်။ ဤသို့အားဖြင့် ဗျသခေါ် မိုင်းဖြတ်မြို့နယ်တွင် ဘီလူးရန်မှ အေးချမ်းသွားပြီး၊ ဗုဒ္ဓသာသနာတော်ကို ကိုးကွယ်ရန်အတွက် ဆံတော်ရှင် “ စွန်တောင်း ” စေတီဘွဲ့အမည်ဖြင့် သာသနာတော် အစပျိုးထွန်းကားခဲ့ပါသည်။ နှစ်ပရိစ္ဆေဒကာလ မည်မျှပင်ကြာသော်လည်း “ စွန်တောင်း ” စေတီဘုရားပွဲတော်ကို နောင်လာ နောက်သားများက အစဉ်အလာမပျက် နှစ်စဉ် တပို့တွဲလပြည့်နေ့ကျရောက်တိုင်း ကျင်းပလေ့ ရှိသည်။ ဘုရားပွဲတော် ကျရောက်သည့်အခါ ဘုရားဖူးသူများသည် မောင်းကြီးများ တဒူဒူထု၍ ဘုရားကုန်းတော်သို့ တက်လေ့ရှိသည်။ ဤအလေ့အထမှာ စွန်တောင်းလှိုဏ်ဂူထဲတွင် ရှိနေသော ဘီလူးကြီး ထွက်မလာရေး အတွက် မောင်းသံပေး၍ ကြားသိစေခြင်းဖြစ်စေသည်ဟုဆိုကြ၏။
မည်သို့ပင်ဖြစ်စေ ဘီလူးကြောင့် “ မိုင်း-ဖ-ယတ် ” ခေါ်တွင်ခဲ့သည်။ မိုင်း-ဖ-ယတ်၏ အဓိပ္ပာယ်မှာ မိုင်း=နယ်မြေ၊ မြို့။ ဖ=ဖကျောက်၊ ဘုရား။ ယတ်=ဘီလူး ဟူ၍ ဘုရားနှင့် ဘီလူး ဆုံတဲ့ မြို့ အဓိပ္ပာယ်ရှိရာမှ မိုင်းဖြတ်မြို့ ဟု ယနေ့တိုင် ခေါ်ထွင်ခဲ့လေသည်။
မိုင်းဖြတ်မြို့နယ်အတွင်းရှိ ထူးခြားချက်များ
ကျောက်ဂူ
မိုင်းဖြတ်မြို့နယ်၏ တောင်ဘက်တွင် မွန်ကာကျောင်းကျေးရွာအုပ်စု၊ ဟိုပေါ့ကျေးရွာအနီးတွင် အလျား(၁)မိုင်ခွဲခန့်ရှိ ရှည်လျားသော ကျောက်ဂူကြီးတစ်ခုရှိသည်။ သဘာဝအလျောက် ဖြစ်ပေါ်နေပြီး ရှေးဟောင်းလူများ ဂူအောင်နေထိုင်ခဲ့ခြင်း ရှိ/မရှိ မသိနိုင်ပါ။ နမ့်ပေါ့ချောင်းသည် ကျောက်ဂူကြီးအတွင်းမှ အလျားလိုက် စီးဆင်းလျက်ရှိပေသည်။
နတ်ရေကန်
မိုင်းဖြတ်မြို့နယ်၊ မိုင်းတင်းကျေးရွာအုပ်စု၊ မိုင်းတင်း (အောက်)ကျေးရွာအနီးတွင် ကျောက်လှိုဏ်ဂူ အတွင်းမှ စိမ့်ထွက်နေသော ရေကန်တစ်ကန်ရှိသည်။ ထိုဒေသရှိ လူများက နတ်မှဖန်ဆင်း ထားသော ရေကန်ဟု အယုံအကြည် ရှိနေကြသည်။ မည်သို့ပင်ဆိုစေကာမူ ရေကန်မှာ ထူးခြားမှုရှိပါသည်။ ဆယ့်နှစ်ရာသီကာလပတ်လုံး ရေခမ်းခြောက်ခြင်းမရှိဘဲ၊ ငါးများပြည့်နှက်နေလျက်ရှိပါသည်။ ရွာသားများ အနေဖြင့် နတ်ငါးများဖြစ်သည်ဟု အယူရှိသဖြင့် ဖမ်းယူစားသောက်ခြင်း မရှိကြပါ။ ရွာသားများသည် ထိုရေကန်အနီးတွင် နတ်ပူဇော်ပသခြင်းပြုလုပ်ကြပြီး နတ်ရေကန်အဖြစ် အစွဲပြု ခေါ်ဝေါ်ခြင်းဖြစ်သည်။ ရေပူစမ်း
မိုင်းဖြတ်မြို့နယ်၊ မိုင်းဖြတ်ကျေးရွာအုပ်စု၊ ဟိုနားကျေးရွာ ဘုရားတောင်ခြေရင်း (မိုင်းဖြတ်-ကျိုင်းတုံ ကားလမ်းဘေး) နမ့်လုံချောင်းစပ်တွင် ရေပူစမ်းတွင်းငယ်များ တည်ရှိနေသည်ကို တွေ့ရှိရပါသည်။
ဆင်တောင်
မိုင်းဖြတ်မြို့နယ်၊ နမ့်နန်းကျေးရွာအုပ်စုတွင် မြို့ဘက်သို့နောက်ခိုင်း၍ ဝပ်နေသည့် ဆင်ကြီး တစ်ကောင်၏ ပုံသဏ္ဍာန်နှင့်တူသော တောင်ကြီးတစ်လုံးရှိပါသည်။ ယင်းတောင်ကို အစွဲပြု၍ အနီးအနားရှိ ကျေးရွာများက “ ကွန်ကြန့် ” ဟုခေါ်ကြသည်။ (ကွန်=နောက်ပိုင်း။ ကြန့်=ဆင် ဟုအဓိပ္ပာယ်ရပါသည်။)

ဘုရားခြေတော်ရာ
မိုင်းဖြတ်မြို့နယ်၊ မွန်ကာကျောင်းကျေးရွာအုပ်စု၊ နမ့်ဖတ်ကျေးရွာ၏ မြောက်ဘက် (၁) မိုင်ခန့် အကွာတွင် တောင်ပေါ်ရှိ ကျောက်တုံးကြီးပေါ်တွင် မြတ်စွာဘုရား၏ လင်္ကျာဘက်ခြေတော်ရာ ပုံသဏ္ဍာန် တစ်ခုရှိသည်။ ရှေးလူကြီးများ၏ အဆိုအရ ထိုဒေသသို့ မြတ်စွာဘုရားဒေသစာရီ ကြွရောက်ခဲ့ကြောင်း ဆိုစမှတ်ပြုခဲ့သည်။
မိုင်းဖြတ်မြို့နယ်ရှိစေတီပုထိုးများ
မိုင်းဖြတ်မြို့နယ်တွင် ရှေးခေတ်ကာလက တည်ထား ကိုးကွယ်ခဲ့သောစေတီပုထိုးများမှာ -
(က) စွန်ဒေါက်စေတီ
(ခ) စွန်တောင်းစေတီ
(ဂ) စက္ခူမာဒေါစေတီ
(ဃ) ဓာတ်စွန်နတ်စေတီ
(င) ဇေလိစေတီ
(စ) ပန့်မုန်း(င်)စေတီ
(ဆ) ဆီရိမွန်းမိုန်(င်)စေတီ
(ဇ) ဖူးခေါလ်စေတီ
(ဈ) ရှဲန်မုန်း(င်)စေတီ
(ည) ဆီရိကျိုင်းမုန်း(င်)စေတီ
(ဋ) ထပ်ကျောင်(မ်)ကျန်(င်)စေတီ
(ဌ) ဓါတ်ပေါင်းစုစေတီ တို့ဖြစ်ကြောင်း အကျဉ်းမျှ ဖေါ်ပြအပ်ပါသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ မိုင်းဖြတ်မြို့သို့ တစ်ခါတစ်ခေါက်လာရောက်လိုပါက ကျိုင်းတုံမြို့မှ (၅၁)မိုင်၊ တာချီလိတ်မြို့မှ (၅၁)မိုင် အကွာတွင် တည်ရှိပါသည်။ မိုင်းဖြတ်မြို့မှတဆင့် စွမ်ဟိန်းသာသနာ့ လိုဏ်ဂူတော်သို့ သွားရောက်လည်ပတ်လေ့လာလိုပါကလည်း မိုင်းဖြတ်- မိုင်းယောင်းသွားလမ်းရှိ (၁၇)မိုင် အကွာ၊ (၁၇)မိုင်ကျေးရွာမှတဆင့် လိုဏ်ဂူသွားလမ်းတွင် (၅)မိုင်ခန့် ဆက်လက်သွားရောက်ပါက လိုဏ်ဂူတော်ကြီးကို တွေ့ရှိရမည်ဖြစ်ပါကြောင်း ဗဟုသုတအဖြစ် အကျဉ်းမျှ ထပ်ဆင့်ဝေမျှ ရေးသား တင်ပြလိုက်ရပါသည်။

===========================================

ကိုးကား- (မိုင်းဖြတ်မြို့ဖြစ်စဉ်သမိုင်းစာအုပ်အား ကိုးကားမှီငြမ်းရေးသားသူ ဆရာဦးကျော်ဆွေဦး (၀တီနွယ်) ရေးသားပြုစုသည့် စာအုပ်မှ တဆင့် ဖော်ပြခြင်းဖြစ်ပါသည်)

image
image

Mine Pyat History ( Myanmar) | Ecency