စာဖတ်​သူသို့

Words
172
Reading
1 min
Listen
Play
9y

အခွင့်အရေးတွေကို ရှာဖွေတတ်တဲ့သူတွေက ကံပိုကောင်းကြပါတယ်။

စာချစ်သူတို့

လောကကြီးမှာ တစ်ချို့လူတွေက ကံကောင်းကြပြီး တစ်ချို့လူတွေကတော့ သူတို့နဲ့ထိုက်တန်တဲ့ အောင်မြင်မှုကို မရရှိကြဘူး။ ဘဝမှာ ကံကောင်းခြင်းတွေ မျက်စိလည်ပြီးတောင် မိမိဆီရောက်မလာဘူးလို့ဆိုတဲ့သူတွေအတွက် အကောင်းဆုံးအဖြေတစ်ခုကို စိတ်ပညာဆိုင်ရာ ပါမောက္ခ ရစ်ချက် ဝိုင်းစ်မန် က ရှာဖွေပေးခဲ့ပါတယ်။

သူက တစ်ချို့လူတွေက လိုချင်တာကို အလွယ်တကူရလောက်အောင် ကံကောင်းကြပြီး တစ်ချို့လူတွေက အမြဲမပြတ်ကြိုးစားတာတောင်မှ ဘာကြောင့်အမြဲကံဆိုးနေရတာလဲဆိုတာကို လေ့လာဖို့အတွက် လွန်ခဲ့တဲ့ဆယ်နှစ်က လေ့လာမှုတစ်ခုကို ပြုလုပ်ခဲ့တယ်။ အဲဒီစမ်းသပ်မှုမှာ လက်တွေ့ပါဝင်ဆောင်ရွက်ပေးဖို့အတွက် ကိုယ့်ကိုယ်ကို အမြဲကံကောင်းတယ်လို့ခံစားနေရတဲ့ သူတွေနဲ့ ကိုယ့်ကိုယ်ကို ကံအမြဲတမ်းဆိုးနေတယ်လို့ ခံစားနေရတဲ့သူတွေကို သတင်းစာထဲကနေတဆင့် ဖိတ်ခေါ်ခဲ့ပါတယ်။

အမျိုးသမီးနဲ့ အမျိုးသားပေါင်း တစ်ရာကျော်ဟာ သူ့ရဲ့ စမ်းသပ်မှုမှာ ပါဝင်ဆောင်ရွက်ပေးဖို့ အားတက်သရောဆက်သွယ်ခဲ့ကြပါတယ်။ ပါမောက္ခကြီးက သူတို့ရဲ့ ကံဆိုးခဲ့တဲ့ ဘဝဖြစ်စဉ် ဒါမှမဟုတ် ကံကောင်းမှုတွေကို မေးမြန်းခဲ့ပြီး စမ်းသပ်မှုတစ်ချို့ပြုလုပ်ခဲ့ပါတယ်။

ပါမောက္ခကြီးက ကံကောင်းခြင်းနဲ့ အခွင့်အရေးတွေကို အသုံးချနိုင်မှုဆက်ဆံနေပုံကို သက်သေပြဖို့အတွက် ရိုးရှင်းတဲ့ စမ်းသပ်ချက်တစ်ခုပြုလုပ်ခဲ့ပါတယ်။ သူက ကံကောင်းတဲ့သူတွေကော ကံဆိုးတဲ့သူတွေကို သတင်းစာတစ်စောင်စီပေးပြီး သတင်းစာထဲမှာ ပုံဘယ်နှပုံဘာလဲရေကြည့်ခိုင်းခဲ့ပါတယ်။ သူက သတင်းစာရဲ့ အလယ်ခေါင်မှာ

“ဒီစာလေးကိုမြင်ရင် လေ့လာသူကို ပြောပြီးဒေါ်လာ ၅ဝ ထုတ်ယူပါ” လို့ ရေးထားခဲ့ပါတယ်။

တကယ်တော့အဲဒီစာဟာ အခြားစာလုံးတွေနဲ့ ဖောင့်မတူတဲ့အပြင် အခြားစာတွေထက် ရဲ့ နှစ်လက်မအထက်မှာရှိနေတဲ့အတွက် အလွယ်တကူမြင်ရပေမဲ့ ကံဆိုးသူများအုပ်စုကတော့ မတွေ့ခဲ့ဘဲ ကံကောင်းသူများအုပ်စုကတော့ တွေ့ခဲ့ပါတယ်။

ကံဆိုးတဲ့သူတွေဟာ ကံကောင်းတဲ့သူတွေထက် စိတ်တွေပိုရှုပ်ထွေးနေပြီး စိတ်ပူပန်နေတဲ့အတွက် သတိမပြုမိဘဲဖြစ်သွားတာဖြစ်ပါတယ်။ သူတို့ဟာ သူတို့ရှာနေတဲ့အရာတွေကလွဲလို့ အခြားအရာတွေကို အာရုံမစိုက်မိဘဲ တစ်ခုတည်းကိုပဲ မရမကရှာဖွေနေတတ်ပါတယ်။

ဘဝလက်တွဲဖော်ကောင်းတွေကို ရှာဖွေရင်း သူငယ်ချင်းတွေကို လက်လွတ်နေကြတယ်။

ကိုယ်လိုချင်တဲ့ အလုပ်ကို သည်းသည်းမည်းမည်းရှာနေပြီး ကိုယ်နဲ့သင့်တော်နိုင်မယ့် အလုပ်အကိုင်အခွင့်အလမ်းတွေကို မမြင်နိုင်ဘဲဖြစ်နေတတ်ကြတယ်။

ကံကောင်းတဲ့သူတွေကတော့ စိတ်ကိုပေါ့ပေါ့ပါးပါးထားတယ်၊ ဒါကြောင့် သူတို့ရှာနေတဲ့အရာတွေအပြင် အခြားအရာတွေကိုပါ မြင်နိုင်ကြတယ်။

သူတို့ဟာ ဘဝလမ်းမှာ ကြုံတွေ့လာတဲ့ အခွင့်အလမ်းတွေကို သင့်တော်သလိုအသုံးချသွားပြီး မဆုတ်မနစ်ကြိုးစားတတ်တာကြောင့် ကံကောင်းခြင်းတွေ ဖြစ်လာပါတယ်။

ဒါကြောင့် စာချစ်သူတို့ရေ…. ဘဝမှာကံကောင်းချင်တယ်ဆိုရင်

၁။ မိမိပတ်ဝန်းကျင်မှာရှိနေတဲ့အခွင့်အရေးတွေကို မျက်စိဖွင့်နားစွင့်ထားပါ။

၂။ အတွေ့အကြုံအသစ်တွေအတွက် အမြဲတမ်းအဆင်သင့်လုပ်ထားပါ။

၃။ နေ့စဉ်ဘဝမှာ ကြုံတွေ့ရတဲ့ ကောင်းခြင်းတွေကို သတိတရနဲ့ စဉ်းစားပါ။

၎။ ကိုယ့်ကိုယ်ကို ကံဆိုးမိုးမှောင်သူအဖြစ် ထင်နေတဲ့ အဆိုးမြင်စိတ်တွေကို လွတ်ချပစ်လိုက်ပါ။

ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံးလူတွေက ပြဿနာမရှိတဲ့သူတွေမဟုတ်ပါဘူး။ အရာရာတိုင်းမှာ မပြီးပြည့်စုံနိုင်ဘူးဆိုတာကို လက်ခံပြီး ကြုံလာသမျှတွေကို အကောင်းဆုံးကြိုးစားနိုင်တဲ့အခါ လူတိုင်းပျော်ရွှင်လာနိုင်ပါတယ်။ ပြီးတော့ မိမိကိုယ်ကို ကံဆိုးသူတစ်ယောက်အဖြစ် သတ်မှတ်နေတာတွေကို လွှတ်ချပစ်လိုက်ပြီး ရောက်လေရာနေရာ၊ ရလာသမျှအခွင့်အရေးတွေကိုအသုံးချပြီး ကံတွေကို ပြောင်းပစ်လိုက်ရအောင်။ ကံဆိုတာ အလုပ်ပဲမဟုတ်လား။
FB_IMG_1519153648478.jpg

crd by aungmoelay@aungmoelay

စာဖတ်​သူသို့ | Ecency