Bitcoin တန်ဖိုး ဒေါ်လာ ၂ သောင်းကျော်အထိတက်မယ်
Bitcoin ရဲ့ တန်ဖိုးဟာ ကန်ဒေါ်လာ ၂ သောင်းကျော်လောက်အထိ တက်နိုင်တယ်လို့ လွတ်လပ်တဲ့ ဈေးကွက် သုတေသနပညာရှင် ရိုနီ မိုအာ့စ်က ပြောကြားလိုက်ပါတယ်။
"Bitcoin အလားအလာကောင်းတယ်လို့ ဇူလိုင်လအစပိုင်းမှာ ကျွန်တော် ပြောခဲ့ပြီးတဲ့နောက် ၅၀၀ ရာခိုင်နှုန်းအထိ တက်လာခဲ့ပါတယ်။ အခုအနေအထား ကနေ နောက်ထပ် ၅၀၀ ရာခိုင်နှုန်းလောက် တက်မယ်လို့ ကျွန်တော် ခန့်မှန်းပါတယ်"
မိုအာ့စ်ဟာ မိုင်ယာမီအခြေစိုက်ကာ Standpoint Research ကို တည်ထောင်ထားပြီး သူတစ်ယောက်တည်း လုပ်နေတယ်လို့ ကြေငြာထားသူပါ။
ပြီးခဲ့တဲ့နွေမှာ မိုအာ့စ်က Bitcoin ဟာ ၂၀၁၈ ခုနှစ်အစမှာ တစ်ကွိုင်ကို ဒေါ်လာ ၅၀၀၀ လောက်ရှိမယ်လို့ ခန့်မှန်းခဲ့ပါတယ်။ အဲဒီတုန်းက ၂၆၀၀ လောက်ရှိတဲ့ Bitcoin ဟာ သူခန့်မှန်းပြီးနောက်ပိုင်းမှာ တစ်ရှိန်ထိုး တက်လာခဲ့ပြီး တနင်္လာနေ့မှာ ၁၈၁၆၈ အထိ တက်လာခဲ့ပါတယ်။
"Bitcoin ဟာ တစ်ကွိုင်ကို ၃ သိန်းကနေ ၄ သိန်းကြားလောက်ရောက်ရင် ရပ်သွားမယ်လို့ ကျွန်တော်ထင်ပါတယ်။ ကမ္ဘာပေါ်မှာ တန်ဖိုးအမြင့်ဆုံး ငွေကြေးတစ်ခု ဖြစ်လာမှာပါ" လို့ CNBC ရဲ့ Rundown အစီအစဉ်မှာ ပြောကြားခဲ့ပါတယ်။
ဒစ်ဂျစ်တယ်ငွေကြေးဟာ လတ်တလောမှာ တော်တော်လေး ခေတ်စား လာပြီး ကမ္ဘာအကြီးဆုံး futures အိတ်ချိန်းဖြစ်တဲ့ CME က သူ့ရဲ့ ကိုယ်ပိုင် Bitcoin futures ကို စတင်မိတ်ဆက်လိုက်ပါတယ်။ Cboe ကလည်း အခုလအစောပိုင်းမှာ ဒီငွေကြေးကို မိတ်ဆက်ခဲ့ပါတယ်။
Bitcoin အရေအတွက်ဟာ ၂၁ သန်းအထိသာ အမြင့်ဆုံးရှိမှာကြောင့် ၀ယ်လိုအားများလာမှုက ဈေးကို အဆမဆန် တက်စေမယ်လို့ မိုအာ့စ်က ပြောပါတယ်။
"မြေပြင်မှာ ရွှေဘယ်လောက်ရှိလဲဆိုတာ ကျွန်တော် မသိပါဘူး။ ဒါပေမယ့် Bitcoin ဘယ်လောက်ရှိလဲဆိုတာကိုတော့ သိပါတယ်။ ၂ နှစ်အတွင်းမှာ လူ သန်း ၃၀၀ လောက်က Bitcoin သန်းနဲ့ချီ ပိုင်ဆိုင်ဖို့ ကြိုးစားလာကြပါ
တယ်။ ဒီလို ရောင်းလိုအား၊ ၀ယ်လိုအား မမျှတမှုက ဈေးကို တက်စေမှာ ဖြစ်ပါတယ်"
သဘောမတူတာတွေရှိ
~~~~~~~~~~~~~~~~~~
တစ်ချို့တွေကတော့ မိုအာ့စ်ရဲ့ ခန့်မှန်းမှုကို သဘောမတူပါဘူး။
"ဒါဟာ သိပ်ပြီး စွန့်စားရာကျနေတယ်လို့ ကျွန်တော်တို့ ထင်ပါတယ်။ Bitcoin ဈေးတက်ဖို့ ခိုင်မာတဲ့ အခြေခံအကြောင်းတရားတွေ ကျွန်တော် မမြင်ပါဘူး" လို့ OCBC ဘဏ်ရဲ့ Wealth Management က ဒုတိယဥက္ကဌ ဗာဆူ မီနွန်က ပြောကြားခဲ့ပါတယ်။
ဒါပေမယ့် မိုအာ့စ်ကတော့ မကြာမီလာမည်လို့ ဆိုပါတယ်။
"Amazon ကို ရှုမြင်သလိုမျိုး ကျွန်တော် Bitcoin ကို မြင်ပါတယ်။ ပြီးခဲ့တဲ့ ၁၅ နှစ်အတွင်း Amazon ကို ကစားတာက Buy လုပ်၊ ကိုင်ထားပြီး၊ ဈေးကျရင် ထပ်ဝယ်တာပါ။ Bitcoin ကိုလည်း လူတွေက ဒီလို ကစားမယ်လို့ ကျွန်တော်မြင်ပါတယ်"