📝📝📔📔

aakk(38)
Published in
#esteem
Words
196
Reading
1 min
Listen
Play
8y

ကံကြမ္မာရဟတ်


ကံကိုယုံပြီး ဆူးပုံမနင်းသူကို
အလိုလိုနေရင်း ဘယ်ဆူးကမှ
ခြေထောက်ပေါက်ပီးလာမစူးပါဘူး
မယုံလို့ နင်းတယ်ဆိုရင်လည်း
ဆူးဒဏ်ကို ကိုယ်စားခံစေဖို့
ကိုယ်စားလှယ်လွှဲလို့မရပါဘူး

ကံဆိုတာ ဒီသဘောပါ
ပြုသူအပေါ်မှာ မူတည်ပါတယ်
ပြုသူရဲ့ အဆိုးအကောင်း
အကြောင်းတရားနဲ့ညီတဲ့
တန်ပြန်အကျိုးရတာကိုဆိုလိုတာပါ
အလိုလိုကောင်းလာတဲ့သဘော
ဆိုးလာတဲ့သဘောမဟုတ်ပါဘူး

ဆူးပုံကိုနင်းတာက အကြောင်းကံဖြစ်ပြီး
ဆူးစူးခြင်းက ကံရဲ့အကျိုးဆက်ပါ
ထို့အတူပါပဲ ဆူးပုံမှန်းသိလို့
ရှောင်ကွင်းတာက အကြောင်းကံဖြစ်ပြီး
ဆူးဒဏ်မခံရတာက ကံရဲ့အကျိုးဆက်ပါ

ဆူးမှန်းသိလျက် နင်းသူဟာ
ကံကို မယုံသူသာဖြစ်ပြီး
စူးမှာသိလို့ ရှောင်းကွင်းသူကဟာ
ကံကို ယုံကြည်သူဖြစ်ပါတယ်
ဒါကြောင့်ကံကိုယုံပီး ဆူးပုံနင်းရင်
ဆူးစူးခြင်းသာအဖတ်တင်မှာပါ

အဆိုးကိုပြုပြီး အကောင်းခံစားဖို့
ဘယ်တော့မှ မမျှော်လင့်ပါနဲ့
ပေးတာကိုသာ တန်ပြန်ရတဲ့
လောကသဘာဝဥပဒေသကို
ဘယ်လိုတရားသူကြီးကမှ
ကပြောင်းကပြန်မလုပ်နိုင်ပါဘူး
ကျူးလွန်ထားတဲ့ မကောင်းကံအတွက်
မကောင်းပြစ်မခံရအောင်လည်း
ဘယ်ရှေ့နေမှလျှောက်လဲမပေးနိုင်ပါဘူး

"ကိုယ်မောင်းနှင့်တဲ့ကြမ္မာရဟတ်
ကိုယ့်ထံပြန်ပတ်လာမည်" ဆိုတာ
တစ်ထစ်ချယုံကြည်ထားလိုက်ပါ
ဘယ်သူကောင်းကောင်း မကောင်းကောင်း
ကိုယ်ကကောင်းအောင် ကြိုးစားလိုက်ပါ
ကောင်းတဲ့အကျိုးဆက်ခံစားခွင့်ရဖို့
သဘာဝဥပဒေသရဲ့အာမခံချက်ရှိပါတယ်
ဒါပေမယ့် ကံကြမ္မာရဲ့အသီးအပွင့်
ရင့်မှည့်လာတဲ့ကာလတစ်ခုထိတော့
စိတ်ရှည်ရှည်နဲ့ စောင့်ရတတ်ပါတယ်

နေတတ်ရင် ကျေနပ်စရာ


ရတာမလို လိုတာမရတဲ့ဘဝဆိုတာ
အခက်ခဲတွေ ပြဿနာတွေဝိုင်းရံနေတဲ့
ရှည်လျားလှသည့် ခရီးစဉ်တစ်ခုပါ
ကမ္ဘာကြီးထဲမှာ ရှင်သန်နေသမျှ
ထိုထိုပြဿနာတွေ အခက်အခဲတွေကို
အစိတ်အပိုင်းလိုက်ဖြစ်စေ အပုံလိုက်ဖြစ်စေ
တစ်နည်းနည်းနဲ့ တွေ့ကြုံကြရမှာပါ

အဲဒီလို ကံမကောင်းအကြောင်းမလှတဲ့ 
မကျေနပ်ဖွယ်ရာအခြေနေမျိုးမှာ
ပုထုဇဉ်များဖြစ်ကြသည့်အလျောက်
ပြဿနာတွေ အခက်ခဲတွေက
ကျွနုပ်တို့ရဲ့တည်ငြိမ်တဲ့ဘဝတွေကို
ဖျက်ဆီးပစ်လေမလားဆိုတဲ့အတွေးနဲ့
စိတ်မဖြောင့်ဘဲ စိုးရိမ်နေတတ်ပါတယ်

ပထမဆုံးအကြံပြုပေးချင်တာက
အဲဒီပြဿနာတွေ အခက်ခဲတွေကနေ
ဘယ်တော့မှ ရှောင်ပြေးမသွားပါနဲ့
သတ္တိရှိရှိရင်ဆိုင်ပြီး ရတဲ့နည်းနဲ့ဖြေရှင်းပါ
စဉ်စားချင့်ချိန်မှုဆိုတဲ့ ဉာဏ်ပညာနဲ့
သတ္တိတွေ ခွန်အားတွေကို မွေးမြူပီး
ကျော်လွှားနိုင်အောင်ကြိုးပမ်းပါ

ဒုတိယက အကျိုးသက်ရောက်မှုတိုင်းဟာ
အကြောင်းတရားကနေပေါ်လာတဲ့အတွက်
ပြဿနာတွေ အခက်ခဲတွေမှာလည်း
မူလအကြောင်းတရား အသီးသီးရှိပါတယ်
ဒါကို သဘောပေါက်လက်ခံရပါမယ်
အကြောင်းနှင့် အကျိုးဆက်စပ်မှုဆိုတဲ့ 
ကမ္မနိယာမကို သဘောပေါက်ပြီးတဲ့နောက်
ဖြစ်ပေါ်လာတဲ့ အကြောင်းအရင်းကိုရှာဖွေခါ
ပြေပြေလည်လည် ဖြေရှင်းတတ်မယ်ဆိုရင်
ပြဿနာအခက်ခဲဆိုတဲ့ အကျိုးဆက်တွေဟာ
တဖြည်းဖြည်းနဲ့အဆုံးသတ်သွားပါလိမ့်မယ်

တတိယက ပြဿနာအခက်ခဲနဲ့ကြုံတဲ့အခါ
စိတ်ပျက်အားလျော့မသွားဘဲ ကျော်ဖြတ်နိုင်ဖို့ 
ပညာသားပါပါ လှုပ်ရှားဆောင်ရွက်ရပါမယ်
ပြဿနာအခက်ခဲဘယ်လောက်ကြီးပါစေ
တစ်ချိန်မှာ အဆုံးသတ်သွားမယ်ဆိုတာနှင့်
ဒုက္ခရဲ့အဆုံးမှာ သုခရှိနေတယ်ဆိုတာကို
မမှိတ်မသုံ လက်ခံယုံကြည်ထားရပါမယ်
အဲဒီယုံကြည်ချက်နှင့် မဆုတ်မနစ်ကြိုးစားရင်
အခက်ခဲများစွာပြေလည်သွားတတ်ပါတယ်

နောက်ဆုံးအနေနဲ့ အကြံပြုလိုတာက
ကြိုးစာဖြေရှင်းပါလျက် မပြေလည်ရင်
ဒီလိုပြဿနာတွေ အခက်အခဲတွေကို
ကိုယ်တစ်ယောက်တည်း ကြုံရတာမဟုတ်
ကိုယ်လို ရင်ဆိုင်ကြုံတွေ့ နေရသူတွေ
လောကထဲမှာ ဒုနဲ့ဒေးရှိနေတယ်လို့တွေးပီး
မိမိစိတ်ကို ရအောင်ဖြေသိမ့်လိုက်ပါ

လူသားလောက၏ သဘာဝအရ
တစ်ခါတစ်ရံ အမြတ်အစွန်းတွေ
ကောင်းသတင်းတွေ ချီးမွမ်းမှုတွေ
ပျော်ရွှင်မှုတွေ ငြိမ်းချမ်းမှုတွေကို
ရင်ခွင်ထဲမှာထွေးပိုက်ခွင့်ရရှိနိုင်သလို
တစ်ခါတစ်ရံ ဆုံးရှုံးတဲ့အခြေနေတွေ
မကောင်းသတင်းတွေ ပြစ်တင်မှုတွေ
ဝေဖန်ရှုံ့ချမှုတွေ စိတ်မချမ်းမြေ့မှုတွေကို
မလိုချင်ဘဲသိမ်းပိုက်ရတတ်ပါလားလို့
အတွေ့အကြုံကနေ ပညာယူလိုက်ပါ

အရာရာတိုင်းဟာ စိုးရိမ်ထိပ်လန့်မှုကြောင့်
ပိုကောင်းလာတယ်ဆိုတဲ့ထုံးစံမရှိခဲ့ပါဘူး
ဒီလိုဆို ဘာကြောင့်ပြဿနာအခက်ခဲပေါ်မှာ
ကသိကအောင့်ဖြစ်ပီး စိတ်ဒုက္ခခံနေမှာလဲ
ကျေနပ်နှစ်သက်ဖွယ်အခြေနေတွေကိုတွေးပြီး
ပျော်ရွှင်ချမ်းမြေ့အောင် ကြိုးစားပီးနေထိုင်လိုက်ပါ
နေတတ်ရင် ဘဝကကျေနပ်စရာကောင်းပါတယ်
image
aakk@aakk

📝📝📔📔 | Ecency