ကျွန်မတို့မောင်နှမတွေဟာ သူများတွေတစ်ခုခုကျွေးရင် ဘယ်တော့မှ ယူမစားဘဲ မေမေက ယူလိုက်ပါလို့ ပြောမှသာ စားတယ်လို့
မိတ်ဆွေတွေက ပြန်ပြောကြပါတယ်။ သူများစားသောက်နေတာနဲ့ ကြုံကြိုက်ရင်လည်း မကြည့်ဘဲ မျက်နှာလွှဲနေတတ်ကြတဲ့
မောင်နှမတွေကို ကြည့်ရတာ သနားစရာ ရယ်စရာတောင် ကောင်းတယ်လို့လည်း မိတ်ဆွေတွေက ပြန်ပြောပြတတ်ကြတယ်။
မေမေဟာ ကျောင်းဆရာမတစ်ယောက်လည်း မဟုတ်သလို ပညာရေးကိုလည်း အဆင့်မြင့်တန်းတွေအထိ ပြီးဆုံးတိုင်
သင်ခွင့်မကြုံခဲ့ရသူပါ။ ဒါပေမဲ့လည်း စာဖတ်ဝါသနာပါပြီး ပညာရေးကို အထူးစိတ်ဝင်စားသူ ဖြစ်ပါတယ်။ ကျွန်မဟာ
ရှေ့က ကျောင်းတက်နေတဲ့ အစ်ကို လုပ်သမျှ ဖတ်သမျှ လိုက်အတုခိုးပြီး အတတ်မြန်သူ လို့ မေမေက ပြောပါတယ်။
ကဗျာလေးတွေကို ဝါသနာပါပြီး စာလုံးတွေကို ကစားစရာလို စိတ်ဝင်စားတဲ့ ကျွန်မကို မေမေဟာ မြန်မာစာရဲ့ အသံစနစ်ကို
အသုံးပြုပြီး သတ်ပုံသတ်ညွှန်း မရှုပ်ထွေးတဲ့ စာကြောင်းတွေကို ဖတ်တတ်အောင် သင်ပေးခဲ့ပါတယ်။ ကျွန်မကို သင်ပြရတာ
လွယ်တယ် လို့ မေမေက ပြောပြပါတယ်။ သမီးရေ “အ အာ အား” လို့ မေမေ ပြောလိုက်ရင် “က ကာ ကား ခ ခါ ခါး” စသဖြင့်
ကျွန်မက အကုန် ဆက်ဆိုတတ်သွားတယ်တဲ့။