ပတ်ဝန်းကျင်က အရေးကြီးသလား?

image
ဤလောကကြီးထဲမှာ လူရယ်လို့ ဖြစ်လာပြီဆိုရင် တစ်ယောက်တည်း တစ်ကိုယ်တည်း ဘဝတစ်လျှောက်လုံးကို မဖြတ်သန်းနိုင်တာ လူတိုင်းအသိပါ။ တစ်ယောက်တည်း မနေနိုင်တဲ့ လူသတ္တဝါတွေအတွက် ပတ်ဝန်းကျင်ဆိုတာ အရေးပါလာတယ် အရေးကြီးလာတယ်။ တစ်ချို့ကတော့ ထင်ကြတယ် ပတ်ဝန်းကျင်က ထမင်းမကျွေးဘူး၊ ပတ်ဝန်းကျင်က နေဖို့ဝတ်ဖို့ ဘာမှ မလုပ်ဘူးလို့ ထင်ကြတယ်။ တကယ်တော့ ပတ်ဝန်းကျင်က လူ့စရိုက်အတွက် အရမ်းအရေးပါတယ်။ လူဆိုးကော လူကောင်းကော နှစ်မျိုးစလုံးဟာ ပတ်ဝန်ကျင်က မွေးထုတ်ပေးလိုက်တဲ့ လူအမျိုးစားတွေပဲ ဖြစ်တယ်။

ကျွန်တော်တို့ လူသားတွေအများစုဟာ ပတ်ဝန်းကျင် ဒေသအလိုက် စရိုက်မျိုးစုံ ပြောင်းလဲ နေလာကြသည်။ ကောင်းတဲ့ ပတ်ဝန်းကျင်က ပေါက်ပွားလာတဲ့ သူတွေဟာ လူကောင်းစရိုက်တွေနဲ့ လူတောတိုးလာကြသလို စရိုက်ဆန်တဲ့ ပတ်ဝန်းကျင်က ပေါက်ပွားလာတဲ့ သူတွေကတော့ မကောင်းစရိုက်တွေနဲ့ လူတောတိုးလာကြမှာ လူတိုင်းသိမှာပါ။ တစ်ချို့တစ်ချို့သော သူတွေကတော့ ပတ်ဝန်းကျင် အပြောင်းအလဲအောက်မှာ ဦးညွှတ်မနေဘဲ ပင်ကိုယ် စရိုက်တွေနဲ့သာ ဖြစ်တည်လာကြတတ်ပါတယ်။ ဒါပေမဲ့လည်း အနည်းစုသာဖြစ်သည်။ တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး ဆိုတဲ့ စကားပုံဟာ အကြောင်းမဲ့ ပေါ်လာခဲ့တာ မဟုတ်ဘူး။ လူ့စရိုက်က ပတ်ဝန်းကျင်အလိုက် ပြောင်းလဲ ဖြစ်တည်လာတယ်ဆိုတာကို မီးမောင်းထိုးပြဖို့ ဖန်တီးခဲ့တဲ့ စကားပုံတစ်ခု ဖြစ်တယ်။ ဟုတ်ပါတယ် တံငါသည်ရွာက ထွက်တဲ့သူဟာ တံငါစရိုက်ပါလာသလို မုဆိုးနဲ့ အနေနီးသူမှာ မုဆိုးစရိုက်တွေ ပါလာမယ်ဆိုတာ ပြောဖို့မလိုအောင် မှန်ပါတယ်။

ကျွန်တော်ထပ်ပြီး ပြောပြချင်တာကတော့ သုံးသပ်တတ်ဖို့ပါပဲ။ ကိုယ့်ပတ်ဝန်ကျင်က ကိုယ့်ဘဝကို တွန်းတင်မဲ့ ပတ်ဝန်းကျင်လား အောက်ဆုံးကို ဆွဲချမဲ့ ပတ်ဝန်းကျင်လားဆိုတာ သေချာသုံးသပ်တတ်ဖို့ လိုပါတယ်။ ပတ်ဝန်းကျင်က လူ့ဘဝကို တွန်းတင်နိုင်သလို ဆွဲချနိုင်တာ သတိမူမိကြမှာပါ။ မဖြစ်နိုင်ဘူးဆိုတဲ့သူတွေလည်း ရှိနေနိုင်ပါသေးတယ်။ ကျွန်တော်ပြောတာလေးကို ဖတ်ကြည့်ရင်တော့ နည်းနည်း သိလာမယ်လို့ ယုံကြည်ပါမယ်။ ဘာမသိ ညာမသိနဲ့ နည်းနည်း လေပွားကြည့်မယ်။

ကျွန်တော် ဆန့်ကျင်ဘက် စကားပုံ ၂ခုနဲ့ ပြောပြမယ်ဗျာ။ ပထမ စကားပုံကတော့ ✴တစ်ရွာမပြောင်း သူကောင်းမဖြစ် နဲ့ ဒုတိယ စကားပုံက ✴သေချင်တဲ့ကျား တောပြောင်း ဆိုတဲ့ စကားပုံတွေပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်စဉ်းစားမိတယ်။ စကားပုံ ထွင်တဲ့သူ နှစ်ဦးဟာ ရန်ဘက်တွေများလားလို့ပေါ့။ တစ်ယောက်က ပြောင်းခိုင်းတယ်။ နောက်တစ်ယောက်က မပြောင်းခိုင်းဘူး။ တစ်ယောက်က ပြောင်းရင် စီးပွားဖြစ်မယ်တဲ့ နောက်တစ်ယောက်က ပြောင်းရင် သေမယ်တဲ့။ ဘာသဘောလဲပေါ့ တွေးပြီလေ။ သေချာ စဉ်းစားကြည့်လိုက်တော့ စကားပုံ နှစ်ခုလုံးရဲ့ အဓိက ရည်ရွယ်ချက်က လူ့ဘဝတိုးတက်မှုနဲ့ ဆုတ်ယုတ်မှုကို ပတ်ဝန်းကျင်ကလည်း ဖန်တီးပေးတယ်ဆိုတာကို ပြောချင်တာပါ။

စကားပုံ နှစ်ခုကို ပေါင်းပြီး ဆင်ခြင်တွေးတောကြည့်ရင်တော့ ကိုယ့်ပတ်ဝန်းကျင်ကို သုံးသပ်ဖို့ပဲ ဖြစ်လာပါတယ်။ ကိုယ့်ပတ်ဝန်းကျင်က တိုးတက်မှု ကြီးပွားမှုကို အားမပေးတဲ့ ပတ်ဝန်းကျင် ဖြစ်နေရင်တော့ မိမိဘဝတက်လမ်းကို တွန်းတင်ပေးမဲ့ ပတ်ဝန်းကျင်ကို ပြောင်းရွေ့နေတတ်ဖို့လိုအပ်ပါတယ်။ မပြောင်းဘဲ ပေကပ်နေရင်တော့ တိုးတက်မှုက ရမှာ မဟုတ်ပါဘူး။ ဒါကတော့ တစ်ရွာပြောင်းရင် သူကောင်းဖြစ်လာနိုင်တယ်လို့လည်း ပြောလို့ရပါတယ်။ မိမိပြောင်းမဲ့ ပတ်ဝန်းကျင်က လက်ရှိမိမိနေနေတဲ့ ပတ်ဝန်းကျင်ထက် ပိုပြီး ဆိုးနေရင်တော့ ဘဝတိုးတက်ဖို့နေနေသာသာ လက်ရှိဘဝထက်ကို ဆုတ်ယုတ်သွားနိုင်ပါတယ်။ ဒါကတော့ ပတ်ဝန်းကျင်ကို မသုံးသပ်တတ်တာပါပဲ။ အဲ့လိုလူကတော့ သေချင်တဲ့ကျား တောပြောင်းသလို နောင်တရသွားနိုင်ပါတယ်။

အဲ့ဒီတော့ မိမိဖြစ်တည်လာတဲ့ ပတ်ဝန်းကျင်က မိမိဘဝကို ဘယ်လို အကျိုးပြုလည်းဆိုတာ တွေးတတ်ဖို့လိုတယ်။ အကောင်းဆုံးတွေ မဖြစ်တောင် အဆိုးဆုံးတွေ ဖြစ်မနေဖို့လိုတယ်။ အလိုက်ထိုက် ပြောင်းသင့်ရင် ပြောင်းပြီး နေနိုင်ရမယ်လေ။ အနီးစပ်ဆုံးပဲ ပြောကြည့်ရင် ရုပ်ရှင်ဝါသနာပါပြီး ရုပ်ရှင်သရုပ်ဆောင် ဖြစ်ချင်ရင်တော့ အစည်းရုံးရှိတဲ့ ရန်ကုန်ကို သွားကြရစမြဲပဲလေ။ နယ်မှာနေပြီး ဖြစ်ချင်နေလို့ မရဘူးလေ။ ဒါကြောင့် မိမိဘဝ တိုးတက်ဖို့ မိမိနေထိုင်ရာပတ်ဝန်းကျင် ပြောင်းသင့်ရင် ပြောင်ဖို့ လိုအပ်ပါတယ်။

မိမိပတ်ဝန်းကျင်က မိမိဘဝကို အများကြီး ပြောင်းလဲ ပေးတဲ့ အရေးကြီးတဲ့အရာဆိုတာကို လက်ခံသင့်သလားဆိုတာကတော့ ခင်ဗျားတို့ပဲ စဉ်းစားကြည့်ကြပေါ့ဗျာ။ ။

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center