သည်းထိတ်ရင်ဖို ထိုတစ်ည

1998ခုနှစ် လောက်က ဖြစ်သည်။ ကျနော် 8နှစ်သားအရွယ်လောက် ဖြစ်ပြီး ထိုနှစ်ထဲမှာပင် ကျနော့်ဖေဖေဘက်မှ ကျနော်နှင့် ကြီးတော်ကြီးတော်စပ်သူ, ဖေဖေ့ရဲ့ အစ်မအကြီးဆုံး အသည်းအသန်ဖြစ်၍ သားအဖနှစ်ယောက် ညတွင်ချင်းပင် ကားငှါးပြီး ကြီးကြီးသိန်းနေထိုင်သည့် ကရင်ပြည်နယ်ဘက်သို့ သွားဖြစ်ခဲ့ပါသည်။ ကျနော့်မေမေကတော့ လသားအရွယ်ကျနော့်ညီလေးနဲ့ ညဘက်ခရီး လိုက်၍မဖြစ်သောကြောင့် အိမ်မှာပင် နေရစ်ခဲ့ရသည်။ ငယ်ရွယ်သေးသည့်ကျနော့်ကိုလည်း ညဘက်ကြီးလည်းဖြစ်, ခရီးဝေးလည်းဖြစ်နေသောကြောင့် ဘိုးဘိုးနဲ့ဘွားဘွားမှာ မေမေတို့နဲ့ နေခဲ့ရန်ဘဲပြောနေကြပါသည်။ သို့ပေမယ့် နေမကောင်းဖြစ်နေသည့် ကြီးကြီးမှာ ကျနော်အရမ်းချစ်ခင်ရပြီး, ကျန်းမာရေးကောင်းသည့် အချိန်များတွင်လည်း ကျနော့်ဆီအမြဲလာလည်တတ်ကာ ကျနော့်ကိုထိန်းကျောင်းရင်းနဲ့ဘဲ ပျော်နေတတ်သူတစ်ဦးဖြစ်ခဲ့တာကြောင့် ကြီးကြီးဆီလိုက်မည်ဟုသာ တတွတ်တွတ်ပူဆာရင်း ဇွတ်အတင်းပင် လိုက်လာခဲ့ပါသည်။

ကျနော်တို့ အိမ်ကစထွက်တော့ ညခုနှစ်နာရီ ထိုးခါနီး ရှိပြီဖြစ်သည်။ လမ်းခရီးတစ်လျှောက် ကားပေါ်တွင် ကျနော်ရယ်, ဖေဖေရယ်, ကျနော်တို့ငှါးလာတဲ့ အငှါးကားကိုမောင်းတဲ့ ဒရိုင်ဘာရယ် သုံးယောက်သာရှိသည်။ ညဘက်ခရီးဖြစ်၍ ဒရိုင်ဘာဦးလေးကြီးမှာ ကျနော်တို့နဲ့ စကားတစ်ခွန်းမှ မပြောဘဲ ကားကိုသာ ဂရုတစိုက်မောင်းနှင်နေသည်။ ကျနော်ဖေဖေကို ကြည့်လိုက်တော့လည်း ကြီးကြီးအတွက် စိုးရိမ်နေလို့လားမသိ, ဘုရားစာများဘဲ တတွတ်တွတ်ရွတ်နေသည်။

ကျနော်လည်း ကလေးသဘာဝအလျောက် ကားပြတင်းမှန်လေးမှ ညဘက်အပြင်ရှုခင်းလေးကို ဟိုငေးသည်ငေး လုပ်နေရင်းနဲ့ ကြီးကြီးမြန်မြန်နေကောင်းပါစေ ဆုတောင်းရင်းသာ လိုက်ပါလာခဲ့သည်။ ကြီးကြီး ကျန်းမာရေးကောင်းတဲ့ အချိန်တွေတုန်းက ကျနော့်ဆီကို နှစ်လတစ်ခါလောက် အလည်လာတတ်သည်။ လာလည်ချိန်တိုင်းလည်း ကျနော့်အတွက် ကစားစရာများ,မုန့်များလည်း အမြဲဝယ်လာတတ်ပြီး ကျနော့်ကိုလည်း အင်မတန် ချစ်ခင်ရှာပါသည်။

ပြန်တွေးကြည့်လိုက်ရင် ကျနော့်ကြီးကြီး ကျန်းမာရေး မကောင်းဖြစ်နေသည်မှာ ကြာနေလောက်ပြီ ဖြစ်မည်။ အမြဲလိုလို ကျနော့်ဆီ ၂လတစ်ခါလောက် လာလည်တတ်သည့် ကြီးကြီးသည် နောက်ပိုင်းတွင် ၃လ၄လလောက်နေမှသာ တစ်ခေါက် ရောက်လာဖြစ်သည်။ လာလည်သည့် အချိန်များတွင်လည်း ကြီးကြီးမှာအရင်ကထက်ပိုပြီး ချူချာလာတာကိုလည်း ပြန်တွေးရင်းနဲ့မှ သတိထားမိလာသည်။ ဖေဖေနဲ့ မေမေကတော့ ကြီးကြီး ကျန်းမာရေးမကောင်းတာ သိနေလောက်ပြီး ကျနော် စိတ်မကောင်းဖြစ်မှာစိုး၍သာ မပြောဘဲနေတာ ဖြစ်ပါလိမ့်မည်။

"ကျွီး..... ဝုန်း"

ထွက်ပေါ်လာသည့် ကားဘရိတ်အုပ်သံကြောင့် ကြီးကြီး အကြောင်းတွေးနေရင်း ကျနော်ရော ဖေဖေပါ ထိတ်လန့်သွားရသည်။

တိတ်ဆိတ်နေသော ညဘက်ဖြစ်လို့ ပိုပြီးတော့လည်း ကြောက်ရွံ့သွားမိသည်။

"ဘာဖြစ်တာလဲ ကိုမြင့်စိုး"

"အရိပ်တစ်ခု ဖြတ်ပြေးသွားတာတွေ့လို့
ဘရိတ်အုပ်လိုက်တာ ညီလေးရေ,ခွေးတစ်ကောင် နဲ့တူပါတယ်"

"တိုက်တော့ မတိုက်မိလိုက်ဘူးမှတ်လား"

"မတိုက်မိအောင်ဘဲ သတိထားပြီးဘရိတ်အုပ်လိုက်တာ,
သားလေးတောင် အရမ်းလန့်သွားမလား မသိဘူး"

"သားက ကြီးကြီးအကြောင်း စဉ်းစားနေတာ,ဦးဘရိတ်အုပ်လိုက်တဲ့ အသံကြားတော့ နဲနဲတော့လန့်သွားတာပေါ့"

"အိမ်မှာ မေမေနဲ့အိပ်ရင်း ကျန်ရစ်ခဲ့ရမှာကို, ငါ့တူကတော့ အပင်ပန်းခံပြီး လိုက်လာတယ်ကွာ"

"ပြောမရဘူး ကိုမြင့်စိုးရေ ,
သူ့မေမေလည်း နေခဲ့ပါလားပြောနေတာ
သူ့ကြီးကြီးကို စိတ်မချဘူး ဖြစ်နေတယ်"

"လိုက်ခဲ့တော့ သားပင်ပန်းတာပေါ့,
ခုတောင်ခရီးတစ်ဝက်ဘဲရှိသေးတယ်,
ကားပေါ်မှာ တစ်ရေးလောက်အိပ်ရင် အိပ်လိုက်ပါလား"

"ခု ဘယ်နှစ်နာရီထိုးပြီလဲ "

"ကိုးနာရီခွဲပြီ ငါ့တူလေးရဲ့
အိပ်ချိန်ရောက်နေပြီ"

"ဖေဖေ့ ပေါင်ပေါ်လှဲအိပ်လိုက်,
ဟိုရောက်ရင်လည်း ကြီးကြီးက နေမကောင်းနေတော့ လာပြုစုတဲ့အမျိုးတွေနဲ့ ရှုပ်နေရင် သားအိပ်ရမှာမဟုတ်လောက်ဘူး"

ဦးလေးကြီးနဲ့ ဖေဖေက အတင်းအိပ်ခိုင်းနေ၍ ကျနော်လည်း ဖေဖေ့ပေါင်ပေါ်လှဲအိပ်လိုက်ရင်း တစ်ကျိုးတည်းအိပ်ပျော်သွားပါသည်။

"ဘာဖြစ်လို့ရပ်လိုက်တာလဲ ကိုမြင့်စိုး,"

"ကားပျက်သွားတာ ညီလေးရေ,
ရောက်ခါနီးမှဘဲကွာ"

"လှိုင်းဘွဲ့ရောက်ဖို့က တော်တော်လိုသေးလား အစ်ကို"

"နှစ်နာရီလောက်တော့ မောင်းရဦးမယ်"

"အင်း...,
ခုမှ ၁၂ နာရီတောင်မထိုးသေးဘူးဆိုတော့ မနက်လင်းဖို့ကလည်း တော်တော်လိုသေးတယ်"

"လင်းရင်တော့ ဒီနားတစ်ဝိုက်မှာ ကားပြင်တဲ့နေရာ လေးဘာလေး အကူအညီတောင်းပြီး ရှာလို့ရနိုင်ကောင်းပါရဲ့"

"ဖေဖေ,
ဘာဖြစ်လို့ ဆက်မမောင်းတော့တာလဲ,
ကားလမ်းကြီးကလည်း မှောင်မဲနေတာပဲ"

"ဘာမှမဖြစ်ဘူးသား,ကားထဲမှာ ဝင်နေလေ,
ကားပျက်သွားလို့ ဘာဆက်လုပ်ရမလဲ ဖေဖေတို့ တိုင်ပင်နေတာ"

"ဒီလိုလုပ်ပါလား ညီလေး,
သားလေးလည်း ရှိနေတော့ တစ်ညလုံးလမ်းပေါ်မှာ နေဖို့လည်း မကောင်းဘူး,
ညီလေးနဲ့သားလေးက ကားထဲဝင်နေလိုက်,
အစ်ကို ဒီနားတစ်ဝိုက်မှာ တည်းဖို့နေရာလေးဘာလေးလိုက်ရှာလိုက်ဦးမယ်"

"ဒါဆိုရင် ကားထဲကဓါတ်မီး အစ်ကိုယူရင်ယူသွားလိုက်လေ,
ဟိုဘက်လမ်းသွယ်လေးထဲက အိမ်ကြီးထဲမှာ အိမ်ရှင်တွေ မအိပ်လောက်သေးဘူးထင်တယ်,
မီးအရောင်လေး လှမ်းမြင်နေရတယ်"

"အစ်ကို တစ်ချက်သွားကြည့်လိုက်ဦးမယ်"

ဦးလေးကြီးလည်း ပြောပြောဆိုဆိုနဲ့ တည်းခိုဖို့နေရာလေး ရလိုရငြား သွားမေးရန်ထွက်သွားပါသည်။

image
#အပိုင်း (၂) ဆက်ရေးပါဦးမည် ကြိုးစားလျက် ... @thihakoko
MSC.034
image

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center