Luck is Work

လူသားတိုင်း မိမိဘဝပိုင်ဆိုင်သည့် လူ့ဘဝကို ကံကောင်းစွာနဲ့သာ ဖြတ်သန်းလိုကြပါသည်။လူတစ်ယောက်၏ ပစ္စုပ္ပန်ဘဝကံကောင်းခြင်း မကောင်းခြင်းသည် အတိတ်ကပြုခဲ့သော ကုသိုလ်ကံနှင့်လည်း စပ်လျဉ်းမှုရှိသလို လက်ရှိဘဝတွင် ခံယူထားသော မိမိရဲ့စိတ်ဓါတ်,အတွေးအခေါ်,ကြိုးစား အားထုတ်မှုသာမက လှုပ်ရှားပြုမူနေသော အပြုအမူတိုင်းနှင့် ဆက်စပ်မှုရှိပါသည်။"အလုပ်သည် ကံ,ကံသည် အလုပ်"ဖြစ်၍ လက်ရှိဘဝ၏ တိုးတက်ခြင်း မတိုးတက်ခြင်း ,ကံကောင်းခြင်း မကောင်းခြင်းကို အတိတ်ကပြုမူခဲ့သော ကုသိုလ်ကံတစ်ခုတည်းနှင့် ဆုံးဖြတ်၍မရပါ။ကံကိုယုံပြီး ဆူးပုံနင်းသကဲ့သို့ အရာရာကို အတိတ်ကပြုခဲ့သော ကုသိုလ်ကံကြောင့်ဟုသာ ယိုးမယ်ဖွဲ့ပြီး လက်ရှိဘဝတွင် ဘာမှမကြိုးစားဘဲ မလုပ်ကြည့်ဘဲ နေပါက ဘာမှဖြစ်လာနိုင်မည်မဟုတ်ပေ။မိမိကကြိုးစားအားထုတ်နေပါလျှက် ဘာမှဖြစ်မလာသေးဘူးဆိုပါလျှင် မိမိတွင် ဥာဏ်နှင့် ဝီရိယ အားနည်းနေ၍ပင်ဖြစ်ပါသည်။

image
"ကံ ဥာဏ် ဝီရိယ"ဆိုသည့် ဒွန်တွဲနေသော စကားလုံးကဲ့သို့ပင် မိမိရဲ့ကြိုးစားအားထုတ်မှုတိုင်းတွင် ဥာဏ်နှင့်ဝီရိယကို ကြောင်းကျိုးမှန်ကန်စွာ ထည့်သွင်းအသုံးချတတ်ပြီး ကြိုးစားနိုင်စွမ်းရှိရန်လည်း လိုအပ်လှပါသည်။ကျနော်တို့အားလုံး ဘဝတစ်သက်တာလုံးမှာ ကံအကောင်းဆုံးနေ့တစ်နေ့ကို မလွဲမသွေကြုံဖူးခဲ့ကြပြီးပါပြီ။လူ့ဘဝဆိုတာ ရခဲလှတဲ့အတွက် ကျနော်တို့အားလုံး မိခင်ရဲ့ဝမ်းထဲတွင်သန္ဓေတည်ပြီး လူ့လောကထဲသို့ ကိုယ်လက်အင်္ဂါစုံလင်စွာနဲ့ ကျန်းကျန်းမာမာ ဝင်ရောက်လာနိုင်ပြီဆိုရင်ဘဲ ထိုနေ့ကို ကံအကောင်းဆုံးနေ့ဟု သတ်မှတ်လို့ ရနိုင်ပါပြီ။မိုးပေါ်ကအပ်တစ်စင်းနဲ့ လူ့ပြည်ကအပ်တစ်စင်း ထိမှန်ဖို့သာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် လူ့ဘဝကိုရဖို့ရန် မလွယ်ကူနိုင်သည့်အတွက် ကျနော်တို့ဟာ ကံကောင်းဖူးတဲ့သူတွေဖြစ်ကြပါသည်။ကျန်ရှိနေတဲ့ ဘဝတစ်လျောက်လုံး မိမိစိတ်တိုင်းကျ အိပ်မက်တွေ အကောင်အထည်ပေါ်ဖို့,ချမ်းသာကြွယ်ဝဖို့,ထင်ပေါ်ကျော်ကြားဖို့နဲ့ အောင်မြင်ပျော်ရွှင်ဖို့ ဆိုတာတွေကတော့ အမေမွေးကတည်းကပါလာသည့် ဉာဏ်ပညာကို ဝီရိယဖြည့်စွက်ပြီး ကြိုးစားပါက မလွဲမသွေရရှိနိုင်မည်ဟု ကျနော်ပြောခြင်ပါသည်။

image
မွေးနေ့ရောက်တိုင်း ကြီးကျယ်ခမ်းနားတဲ့ မွေးနေ့တွေပြုလုပ်ဖို့ထက် ကျနော်တို့အားလုံးအတွက် ကံအကောင်းဆုံးနေ့အဖြစ်ဖန်တီးပေးပြီး လူ့လောကထဲရောက်အောင် အသက်နဲ့ရင်းကာ ခေါ်ဆောင်ပေးခဲ့တဲ့အမေနဲ့ ကျွေးမွေးပြုစုခဲ့တဲ့အဖေကို လက်အုပ်ချီပြီးကန်တော့ခြင်းဟာ ပိုအဓိပ္ပါယ်ရှိပြီး မွန်မြတ်မယ်လို့လည်း ကျနော်ထင်ပါသည်။မိဘကျေးဇူးသိတတ်ပြီး ရိုသေကိုင်းရှိုင်းခြင်းဟာ ကျနော်တို့အားလုံး ရှေ့ဆက်လျှောက်မယ့်ဘဝအတွက် ကံကောင်းစေမယ့် အပြုအမူတွေထဲကတစ်ခုလို့လည်း ကျနော်ထင်မြင်မိပါသည်။ဘဝတစ်ခုလုံးကံကောင်းပြီး ပျော်ရွှင်စွာနေနိုင်ဖို့,ကောင်းမွန်တဲ့ အရာတွေသာ ပိုင်ဆိုင်ဖို့ကတော့ နိစ္စဓူဝပြုမူနေတဲ့ ကျနော့်တို့ရဲ့လုပ်ရပ်တိုင်းမှာမူတည်နိုင်ပြီး ဉာဏ်ပညာနဲ့ လုံ့လ ဝီရိယ စိုက်ထုတ်ကာ စွမ်းဆောင်တဲ့အပေါ်မှာလည်း အခြေခံနိုင်ပါသည်။
image
လူ့ဘဝဆိုသည်မှာ ကွေးသောလက်မဆန့်မီ ဆန့်သောလက်မကွေးမီ အချိန်မရွေး သေဆုံးသွားနိုင်သည့်အတွက် အရမ်းကိုတိုတောင်းလှပါသည်။မိမိရဲ့ဘဝသက်တမ်း ဘယ်လောက်ထိ ရှည်ကြာနိုင်မယ်ဆိုတာလည်း မည်သူတစ်ဦးတစ်ယောက်မျှ မတွက်ဆနိုင်ပါ။ကံကောင်းလို့ လူ့ဘဝကိုရောက်ရှိလာပြီး တိုတောင်းလှတဲ့ အချိန်လေးအတွင်းမှာ အသက်နှင့်ခန္ဓာမြဲနေစဉ် မိမိတတ်စွမ်းသမျှ ဘာသာသာသနာရေး,လူမှုရေး,စီးပွါးရေး,ပညာရေးနှင့် နိုင်ငံ့အကျိုး,လူမျိုးအကျိုး အစရှိသည်တို့အား အကျိုးရှိစွာ ဆောင်ရွက်သွားမယ်ဆိုရင် လက်ရှိဘဝတွင်သာမက နောက်ဘဝဆက်တိုင်းအတွက်ပါ ကံကောင်းဖို့အထောက်အပံ့တွေ ဖြစ်စေနိုင်ပါသည်။
image
"အများအကျိုးဆောင်ရင် ကိုယ့်အကျိုးလည်းအောင်မည်"ဆိုသည့် စကားပုံအတိုင်း လူလူချင်းစာနာထောက်ထားပြီး ဖေးမကူညီခြင်တဲ့စိတ်ကို အစဉ်မွေးမြူဖို့လည်း လိုအပ်လှပါသည်။မိမိကြောင့်သူတစ်ပါး ဒုက္ခရောက်မည့် ကိစ္စမျိုးဖြစ်နေပါကလည်း အတတ်နိုင်ဆုံးရှောင်ရှားသင့်ပါသည်။မိမိမှ တခြားသူများထက် သာ၍ကောင်းမွန်ပြီး ဦးစီးဦးဆောင်ပြုရမည့် နေရာသို့ ရောက်ရှိနေပါကလည်း လောကကျင့်ဝတ်နှင့်အညီ မိမိလက်အောက်ငယ်သားများအား ခေါင်းဆောင်စိတ်အပြည့်ဖြင့် ကူညီစောင့်ရှောက်သင့်ပါသည်။"သစ်တစ်ပင်ကောင်းရင် ငှက်တစ်သောင်းနားရသည်"ဆိုသည့် စကားပုံလည်း ရှိနေပါသည်။ တစ်ဦးနှင့်တစ်ဦး ဆက်ဆံပေါင်းသင်းရာတွင်လည်း တစ်ဦးအပြစ်ကိုတစ်ဦးရှာနေမည့်အစား မိမိကိုယ်တိုင် အရင်ဆုံးကောင်းမွန်အောင် ကြိုးစားနေထိုင်ဖို့ လိုအပ်ပါသည်။သက်ရှိသတ္တဝါထဲမှာ အသိဉာဏ်မရှိသည့်သတ္တဝါကို တိရစ္ဆာန်ဟုခေါ်ပြီး အသိဉာဏ်ရှိသည့်သတ္တဝါကို လူဟုခေါ်တွင်သတ်မှတ်ထားသည့်အတွက် အသိဉာဏ်ရှိတဲ့လူဟာ လူပီသဖို့,လောကကြီးအတွက် အသုံးဝင်တဲ့လူတစ်ယောက်ဖြစ်ဖို့လည်း အရေးကြီးပါသည်။လူပီသတဲ့သူအဖြစ် ရှင်သန်နေထိုင်မှသာ ကံကောင်းခြင်းတွေလည်း ရောက်ရှိလာနိုင်မှာပါ။လူဖြစ်ခွင့်ရသည့် အချိန်အတောအတွင်းလေးမှာ လူသားတိုင်း ကံငါးပါးကို လုံခြုံအောင်စောင့်ထိန်းကာ မြတ်ဗုဒ္ဓရဲ့ဆုံးမသြဝါဒကို ရင်မှာပိုက်ပြီး ကောင်းကျိုးရှိမယ့် အရာတွေသာဆောင်ရွက်ရင်း ရှင်သန်နေထိုင်နိုင်ကြပါစေရန် ဆန္ဒပြုရေးသားလိုက်ပါသည်။
1.11.2017
Author: @thihakoko / Saw Myat Tun
MSC.034
image

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center