ညီလေးဖတ်ဖို့

ညီလေး ဘာလို့ဒေါသတွေထွက်နေတာလဲ။ဘာတွေကို မခံမရပ်နိုင်ဖြစ်နေရတာလဲ။ညီလေးဘာတွေကို မြင်တွေ့ရလို့ ဒီလောက်တောင်စိတ်မကောင်းဖြစ်နေတာလဲ။
image
ညီလေးရဲ့ပတ်ဝန်းကျင်မှာ ကြုံတွေ့နေရတာတွေကို မကြိုက်လို့လား။ညီလေးဖြစ်ချင်သလို မဖြစ်ရလို့ ဒေါသတွေထွက် စိတ်ဆိုးနေတယ်ပေါ့။အဲဒါဆိုရင် ညီလေးကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်အနေအထားကို အပြစ်တင်မလို့လား။ဘာလို့လဲ ပတ်ဝန်းကျင်က ဆင်းရဲတဲ့ပြည်သူတွေချည်းဘဲ ပြည့်နှက်နေလို့လား။ဒါမှမဟုတ် ညီလေးရဲ့ပတ်ဝန်းကျင်က သောက်စားမူးယစ်တတ်သော အချို့သော အမူးသမားတွေကြောင့်လား။အသိပညာနည်းလို့ အဆင်မပြေဖြစ်နေကြတဲ့ အိမ်ထောင်ရေးသမားတွေကြောင့်လား။လောဘတွေတက်ပြီး သူများအပေါ်မတရားအမြတ်ထုတ်နေတဲ့ ကုန်စုံဆိုင်သမားတွေကြောင့်လား။မိမိအလုပ်ကို မလုပ်ဘဲ သူများအကြောင်း ပြောတတ်တဲ့ အတင်းတုတ်တဲ့ သူတွေကြောင့်လား။ပိုက်ဆံရှိတဲ့သူတွေက မရှိတဲ့သူတွေကို နှိမ့်ချဆက်ဆံခြင်းကြောင့်လား။အော်ညီလေးရယ် သူတို့အပူကို ကိုယ့်အပူမလုပ်ပါနဲ့ ညီလေးရယ်နော်။ဒါတွေက လောကရဲ့သဘာဝတရားတွေပါ ညီလေးရယ်။လောကကြီးမှာ ရှိသမျှအရာတွေကို ကိုယ်ဖြစ်ချင်သလိုဖြစ်ခိုင်းလို့တော့မရဘူး ညီလေး။ဖြစ်ပျက်နေတာတွေနဲ့လိုက်လျောညီထွေနေတတ်ဖို့ကိုဘဲ ပြုပြင်ရလိမ့်မယ် ညီလေး။လူတိုင်းက ညီလေးဖြစ်ချင်သလိုတော့ လိုက်လုပ်ကြမှာမဟုတ်ဘူး။ညီလေးကလည်း သူတို့ဖြစ်ချင်တာတွေကို အမြဲတမ်းလိုက်လုပ်ပေးနိုင်မှာ မဟုတ်ဘူးလေ မဟုတ်ဘူးလား။အဲလိုအကြောင်းတရားတွေကြောင့် ညီလေးစိတ်ရဲဆင်းခြင်းဆိုတဲ့ အကျိုးရလဒ်ခံစားနေရပြီလေ။အဲဒါတွေကို လိုက်ပူနေမယ့်အစား သူတို့ကို ကိုယ်ချင်းစာစိတ်နဲ့ဘဲ မျှဝေခံစားကြည့်စမ်းပါ။ညီလေးတော်တော် အဆင်ပြေသွားလိမ့်မယ်လို့တော့ထင်တယ် ညီလေး။အကုန်လုံးကို စိတ်ကျေနပ်မသွားသော်လည်း သူ့တို့ကိုနားလည်ခွင့်လွှတ်လိုက်လို့ ညီလေးစိတ်ထဲမှာတော့ အတော်လေးကို အေးချမ်းသွားလိမ့်မယ် ညီလေး။
image
ညီလေးမြင်တွေ့နေရတဲ့ ဆင်းရဲတဲ့ ပတ်ဝန်းကျင်ဖြစ်နေတာဆိုတာက များသောအားဖြင့် ညီလေးကျင်လည်ရာ ပတ်ဝန်းကျင်မှာ ညီလေးလို ဆင်ခြင်တုံတရားတွေမရှိတဲ့ သူတွေများနေလို့ဖြစ်လိမ့်မယ်။ပတ်ဝန်းကျင်တစ်ခုဆင်းရဲခြင်းမှ လွတ်မြောက်ဖို့အတွက် လိုအပ်ချက်တွေအများကြီးဆိုတာ ညီလေးသဘောပေါက်နားလည်မှာပါ။ပတ်ဝန်းကျင်ကိုမပြောနဲ့ဦး ညီလေးတို့အစ်ကိုတို့ လက်ရှိဆင်းရဲတဲ့ မိသားစုဘ၀က လွတ်မြောက်အောင်လုပ်ဖို့ ဘယ်လိုအခက်အခဲတွေရှိတယ်ဆိုတာ ညီလေးသိမှာပါ။ညီလေးတောင် ဒီလိုဘ၀မှလွတ်မြောက်ဖို့ အခက်အခဲတွေရှိနေတယ်ဆိုရင် အသိပညာဗဟုသုတနည်းပါးသူတွေ နေထိုင်ကြတဲ့ ပတ်ဝန်းကျင်က ဆင်းရဲနေတာ ဆန်းသလားညီလေး။ကဲညီလေး သူတို့ကို အပြစ်တင်နေမယ့်အစား သူတို့ကို ကိုယ်ချင်းစာနားလည်ပြီး ဘယ်လိုခွင့်လွတ်မလဲ ၊ ဘယ်လိုကူညီပေးနိုင်မလဲဆိုတာကိုဘဲပြောင်းလဲတွေးတောလိုက်တော့နော် ညီလေး။သူတို့ရဲ့လိုအပ်ချက်တွေကိုသာ ညီလေးတတ်နိုင်သလောက်ဖြည့်ဆည်းပေးနိုင်ခဲ့မယ်ဆိုရင် သူတို့ရဲ့ ပျော်ရွှင်ခြင်းတွေက ညီလေးဆီကို ကူးစက်လာမှာပါ။အဲ့ဆိုရင် ညီလေးလည်း ပျော်ရွှင်ခြင်းရဲ့ အကျိုးရလဒ်ကို ခံစားရလိမ့်မယ် ညီလေး။
image
သောက်စားမူးယစ်တတ်သော သူများကိုလည်း အပြစ်မတင်ပါနဲ့ ညီလေး။သောက်စားမူးယစ်သူတိုင်းကို ကြည့်ပြီးစိတ်ပျက်နေရင် ညီလေးဒေါသတွေထွက်ပြီး ပူလောင်နေတာနဲ့ဘဲ အချိန်ကုန်သွားလိမ့်မယ်။အကယ်၍သာ သူတို့ကိုလည်း ကိုယ်ချင်းစာတရားနဲ့သာကြည့်ပြီး နားလည်ပေးလိုက်ပါ ညီလေးရယ်။သောက်စားမူးယစ်သူတိုင်းကလည်း ရမ်းကားတတ်သူများရှိသလို သူတို့ရဲ့ ခါးသီးလှတဲ့ဘ၀တွေကို နာကျဉ်းလွန်းလို့ အရှုံးပေးခဲ့သူတွေများလည်းရှိပါတယ်။ရမ်းကားတတ်သူများကလည်း အသိပညာအလိမ္မာမရှိခဲ့လို့ သူတို့မှားနေတယ်ဆိုတာကို မပြင်ဆင်နိုင်ဘဲ လုပ်ဆောင်နေတာတွေကို ကြည့်ခြင်းအားဖြင့် အလွန်သနားစရာကောင်းသော လူသားများအဖြစ် ညီလေး နားလည်သွားပါလိမ့်မယ်။အကယ်လို့သာ ညီလေးတို့ အစ်ကိုတို့အနေနဲ့ အဲလိုမျိုးအသိပညာမဲ့ပြီး ရမ်းကားနေသူတွေကိုသာ ပြောင်းလဲမှုကြီးတစ်ခုဖြစ်အောင် ကူညီပေးနိုင်ခဲ့မယ်ဆိုရင် သူ့အနေနဲ့ဘယ်လောက်တောင် ၀မ်းသာလိုက်မလဲ။ဒါပေမယ့်လည်း ညီလေးတို့ အစ်ကိုတို့က ပြုပြင်ပြောင်းလဲနိုင်ဖို့ နည်းလမ်းမတွေ့နိုင်သမျှ အပြစ်တင်တဲ့အကြည့်မျိုးနဲ့ မကြည့်ဘဲ ကိုယ်ချင်းစာတရားဖြင့်သာ ကြည့်လိုက်မယ်ဆိုရင်တော့ ညီလေးအနေနဲ့ အတော်အသင့်တော့ အေးချမ်းသွားလိမ့်မယ်။ခါးသီးလွန်းတဲ့ဘ၀ကို နာကျဉ်းလွန်းလို့ အရှုံးပေးသွားသူတွေကလည်း ဒီအတိုင်းပါဘဲ တကယ်လို့သာ သူတို့ခံစားခဲ့ရတာကို စိတ်အလိုမလိုက်ဘဲ အသိကိုသတိနဲ့ယှဉ်ပြီး ရင်ဆိုင်ခဲ့မယ်ဆိုရင် သူတို့အခုလိုမျိုးဖြစ်လာခဲ့မှာမဟုတ်ပါဘူး ညီလေးရယ်။မူးယစ်သောက်စားရမ်းကားနေတဲ့အမူးသမားတွေကို ကြည့်ပြီး ပူလောင်နေခဲ့မယ်ဆိုရင် ပတ်ဝန်းကျင်တွေမှာ နေနိုင်မှာတောင်မဟုတ်လောက်ဘူးထင်တယ် ညီလေး။ဒါကြောင့်သူတို့ကိုလည်း ကိုယ်ချင်းစာစိတ်လေးထည့်ပြီး နားလည်ပေးလိုက်ပါနော်။ညီလေးအတွက် အေးချမ်းမှုတွေကို ရရှိခံစားလာလိမ့်မယ်။
image
ပတ်ဝန်းကျင်မှာ နေ့တိုင်းရန်ဖြစ်နေတဲ့ အိမ်ထောင်ရေးတွေကိုလည်း ညီလေးစိတ်ထဲမှာထည့်ပြီး သိပ်ခံစားမနေပါနဲ့။သူတို့လည်းဘယ်ဖြစ်ချင်ကြမလဲ ညီလေးရယ်။တစ်ယောက်နဲ့တစ်ယောက်ချစ်ကြိုက်လို့ ဘ၀တစ်ခုကိုတည်ထောင်လာခဲ့ကြတာဘဲ။ဒါပေမယ့် သူတို့ခမျာ များပြားလွန်းတဲ့ အခက်အခဲတွေကြောင့် တစ်ယောက်နဲ့တစ်ယောက် ဒေါသတွေဖြစ်ကာ အချစ်ကိုခဏတာမေ့လိုက်ကြပြီး အော်ဟစ်ကြတာပေါ့။နောက်နေ့တွေမှာ ကြည့်လိုက်ပါ သူတို့လောက်ချစ်တာ သူတို့ပါဘဲ။အဆင်မပြေမှုတွေများလာတဲ့အခါမှာတော့ ဒေါသကိုထိန်းချုပ်ဖို့ အသိဥာဏ်တွေပါ ပျောက်ဆုံးလာခဲ့တော့ ပြသနာတွေဖြစ်လာတာပေါ့ ညီလေးရာ။သူတို့သာ အဆင်ပြေပြေနဲ့ ဘ၀တစ်ခုကို လျှောက်လှမ်းနိုင်ကြမယ်ဆိုရင် အခုလိုမျိုးတွေဘယ်ဖြစ်လာတော့မလဲ။ဒါတွေကိုလည်း ညီလေးအနေနဲ့ ကြားနေရတာတွေကို စိတ်ထဲမထားဘဲ ကိုယ်ချင်းစာတရားနဲ့သာ မြင်ပေးပါ။သူတို့ကို စိတ်ရှုပ်လိုက်တာဆိုတဲ့ အတွေးမျိုးတွေ မတွေးပါနဲ့ ၊ ညီလေးသာ အလကားနေရင်း အပူတွေကို ရင်ဆိုင်ခံစားလာရမှာပေါ့။ဒါတွေက လူတွေရဲ့သဘာဝပါညီလေး ပြောင်းလဲလို့မရတဲ့ သဘောတရားတွေပေါ့။သူတို့ကို စိတ်ဆိုးနေမယ့်အစား ကိုယ်ကဘာများ တတ်နိုင်သလောက်ကူညီနိုင်မလဲဆိုပြီး တွေးတောပါ။ညီလေးတစ်ခုခုကူညီလိုက်လို့ သူတို့အဆင်ပြေတာကို မြင်ရခဲ့မယ်ဆိုလျှင် ညီလေးရင်ထဲဘယ်လိုနေမလဲဆိုတာ မြင်ယောင်နေတယ် ၀မ်းသာမဆုံး ပီတိတွေဖြာနေမှာအမှန်ဘဲ။
image
ကုန်စုံဆိုင်ရောင်းတဲ့သူတွေဆိုတာလည်း ဒီလိုပါဘဲ။သူတို့က စီးပွားရေးလုပ်မယ်ဆိုကတည်းက သူတို့ကအကုန်တွက်ပြီးသားပါ။ဘယ်ပစ္စည်းတစ်ခုကို ဘယ်လောက်နဲ့ဝယ် ဘယ်လောက်နဲ့ပြန်ရောင်းမှ ကိုက်မယ်ဆိုတာကို။သူတို့ကလည်း သူတို့အတွေးနဲ့သူတို့ပေါ့ ညီလေးရာ ဒါတွေကိုလည်း အပြစ်မမြင်ပါနဲ့။တကယ်ဆိုသူတို့ကလည်း သနားစရာကောင်းတဲ့ လူသားတွေထဲအပါဝင်ပေါ့ ဘာဖြစ်လို့လဲဆိုရင် သူတို့က ကိုယ်ရဖို့ဘဲ ကြည့်ပြီး နောက်လူတွေဘယ်လိုခံစားရမယ်ဆိုတာ နားမလည်တတ်ဘူးလေ။ဘယ်လောက်သနားစရာကောင်းလဲ ညီလေး ၊ နောင်သံသရာဆိုတာကို သူတို့ခေါင်းထဲမှာ မတွေးမိလို့လည်း ဖြစ်နိုင်တယ်။ဒါကြောင့် သူတို့မကောင်းဘူးထင်ရင် အပြစ်တင်နေမယ့်အစား သူတို့နဲ့ရှောင်နိုင်မယ့်နည်းကို အရင်တွေးကြည့်ပေါ့။
image
ရှောင်နိုင်ဖို့နည်းလမ်းမရှိခဲ့ရင်တော့ သူတို့ကို အသိတရားရလာအောင် ဘယ်လိုကူညီဆောင်ရွက်မလဲ စဉ်းစားရမှာပေါ့ မဟုတ်ဘူးလား။သူတို့သာ အသိတရားရပြီး လောဘတွေလျှော့ချနိုင်ခဲ့ရင်တော့ ပတ်ဝန်းကျင်က ညီလေးဖြစ်ချင်သလို အကုန်လုံးမဖြစ်နိုင်ခဲ့ရင်တောင်မှ အရင်လိုပူလောင်မှုတွေ ဖြစ်မလာတော့ဘူးပေါ့။ဒါကြောင့်ညီလေးစိတ်ဆင်းရဲပြီး ပူလောင်နေမယ့်အစား သူတို့ကို ကူညီနိုင်မယ့်နည်းလမ်းတွေကို ရှာဖွေလေ့လာပါနော် ညီလေး။
ဂုဏ်ပကာသနတွေကြောင့် မောက်မာနေသူကိုလည်း ညီလေးမမုန်းလိုက်ပါနဲ့ဦးနော်။သူတို့က သူတို့နဲ့တန်းတူရှိတဲ့သူကို ပေါင်းသင်းချင်တယ်ဆိုတာကလည်း သူတို့မမှားလောက်ပါဘူး ညီလေး။ဘာလို့အဲလိုမျိုးတွေဖြစ်လာရသလဲဆိုရင် အဆင်မပြေသူတွေကို သူတို့ကူညီပေးရမှာကြောက်နေလို့ပါ ညီလေး။သူတို့လည်း အလကားနေရင်း ဘယ်လောက်ပူလောင်နေရမယ်ထင်လဲ ညီလေး။အဲဒါကိုမှ ညီလေးကကြည့်ပြီးဒေါသထွက်နေမယ်ဆိုရင်ကော ညီလေးအတွက်ဘာတွေကောင်းလာနိုင်မလဲ။လူဆိုတာ လောဘနဲ့မကင်းနိုင်သူတွေမို့ သူတို့လိုချင်တဲ့ အရာတစ်ခုကို ရရှိဖို့ တန်းတူသူတွေကိုဘဲ အထင်ကြီးကြတာလေ ညီလေး။တကယ်တော့ အခြေခံလူတန်းစားတွေဆီက ရရှိလာမယ့် စေတနာ ၊ မေတ္တရားတွေကို သူတို့ရဲ့ အသိဥာဏ်ထဲရှိမနေခြင်းဟာ ဘယ်လောက်တောင် သနားဖို့ကောင်းလဲညီလေး။ဒါကြောင့်ညီလေးအနေနဲ့ သူတို့မကောင်းပေမယ့် ညီလေးကတော့ သူတို့အပေါ် ကိုယ်ချင်းစာစိတ်ထားပြီး နားလည်ပေးလိုက်ပါနော်။သူတို့က မေတ္တာတရားကိုခံစားတတ်လာအောင် ဘယ်လိုကူညီပေးနိုင်မလဲဆိုတာကိုဘဲ စဉ်းစားတွေးတောပါ ၊ ပူလောင်ဖို့အချိန်တွေမပေးနဲ့တော့နော်။မေတ္တတရားကို သူတို့ခံစားတတ်လာတဲ့ တစ်နေ့ ညီလေးလည်း ပျော်ရွှင်မှုတွေကို ရယူခံစားခွင့်ရှိလာမှာပါ ညီလေး။ဒါကြောင့်ညီလေး ပတ်ဝန်းကျင်ကြောင့် စိတ်ဆင်းရဲနေတယ်ဆိုရင်တော့ ဒီနေ့ကစပြီး အဲလိုပူလောင်စိတ်တွေကို ဖြစ်ပေါ်စေတဲ့အတွေးတွေကို ထုတ်လိုက်တော့နော်။ပတ်ဝန်းကျင်ကို ကူညီနိုင်မယ့် အတွေးအခေါ် ဗဟုသုတကို ရှာဖွေလေ့လာတော့နော်။ညီလေးက အစကတည်းက အရည်အချင်းရှိပြီးသားပါ ၊ ဖြစ်ရမယ်ဆိုတဲ့ စိတ်ကလေးကိုသာမွေးမြူနိုင်ခဲ့ရင် ညီလေးကတော့ ပတ်ဝန်းကျင်အတွက် အားကိုးအားထိုက်ပြုအပ်သော လူငယ်လေးတစ်ယောက်ဖြစ်လာမယ်ဆိုတာ ယုံကြည်ရင်း နိဂုံးချုပ်လိုက်ပါရစေနော် ညီလေး။

ကျွန်တော့ ရေးသားချက်များသည် လိုအပ်ချက်များစွာရှိနေခဲ့ပါသည်။ထို့ကြောင့် စာဖတ်သူမိတ်ဆွေများအားလုံး ဝေဖန်အကြံပြုပေးကြပါရန် တောင်းဆိုရင်း-
Photos : Images Credit# Google

Writter @theinzawlin
MSC No - 128

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center