ယခုအချိန်အထိ ကျောင်းသားတယောက် ဖြစ်နေသေးသော ကျွန်တော့်အတွက် ကျောင်းသက်သည် ကျွန်တော့်အသက်နှင့် သိပ်မကွာ။ ကျွန်တော့် ဘဝ၏ အချိန်တော်တော်များများကို ကျောင်းသားတစ်ယောက်အဖြစ် ကုန်ဆုံးခဲ့ရသည်။ ထို့ကြောင့် ကျွန်တော့ဘဝ၏ အမှတ်တရ တော်တော်များများကိုလည်း ကျောင်းသားဘဝမှာရခဲ့သည်က အတော်များမည်ထင်ပါသည်။အခုထိ မှတ်မိနေတာများက အလယ်တန်းလို အထက်တန်းလို ကလေးဘဝက အမှတ်တရများတော့ မဟုတ်။ငယ်ငယ်က စာဂျပိုးယောင်ယောင် လူလိမ္မာယောင်ယောင် နေခဲ့သော ကျွန်တော့အတွက် အမှတ်တရရယ်လို့ ပြောစရာက ထွေထွေထူးထူးမရှိ။ အတန်းရှေ့ထိုင်ထထွက်လုပ်ရာက ဘောင်းဘီဖင်ကွဲသွားတာရယ် အစသန်သော သူငယ်ချင်းတယောက်ကို စိတ်တိုပြီး ဖက်လုံးရာက ဆရာမအရိုက်ခံရတာကိုသာ တခါတလေ အမှတ်ရမိသည်။
ကလေးမှာတက္ကသိုလ် စတက်ခဲ့ရတဲ့အချိန်မှာလည်း ကျောင်းကသူငယ်ချင်းတွေစုပြီး အပျော်ခရီးသွားတာတို့၊ ဘုရားပွဲ သွားတာတို့ ၊ မြစ်သာမြစ်ထဲ ရေသွားကူးတာတို့၊သူငယ်ချင်းတွေနဲ့အတူ ညနေပိုင်း ထမင်းစားပြီး လေညှင်းခံ ထွက်ကြတာတို့ လောက်သာ သတိရမိနေသည်။
အမိတက္ကသိုလ်ကနေ အဆင့်မြင့်တက္ကသိုလ်ဆီသို့ ပြောင်းရွှေ့သင်ကြားရခြင်းသည် ကျတော့ကျောင်းသားဘဝ အမှတ်တရများကို ဖြစ်ပေါ်လာစေခဲ့သော အကြောင်းရင်းဖြစ်လာရမည်ထင်၏။တက္ကသိုလ်ဆိုတဲ့အရပ်မှာ ကျွန်တော်က စာတော်သောကျောင်းသားများထဲမှာ မပါခဲ့။ငယ်ငယ်က လိမ္မာချင်ယောင်ဆောင်ဖော်ရသေးသော ကျွန်တော် တက္ကသိုလ် ကျောင်းသားဖြစ်တော့ လိမ္မာချင်ယောင်ပင်မဆောင်နိုင်တော့။ဘေးအိမ်က အမေကြီးတယောက် သူ့မြေးကိုဝေဖန်သလို ငါ့မြေးက မိုက်တော့မမိုက်ရှာပါဘူး လိမ်လည်းမလိမ္မာဘူး ဆိုသလို ဖြစ်နေသည်။ကျောင်းသားဆိုးထဲမှာမပါခဲ့သလို ဆရာမများအချစ်တော် စာဂျပိုးလည်း မဟုတ်ခဲ့။ကျောင်းပွဲတွေမှာ ဟိုယောင်ယောင် ဒီယောင်ယောင် လုပ်ခဲ့တာကလွဲရင် အထွေအထူး အမှတ်ရစရာ ဘာမှမရှိ။နောက်ဆုံးနှစ်ရောက်သည့်တိုင် ကောင်မလေးလည်းမရခဲ့။တက္ကသိုလ်ကျောင်းသားဘဝက ယောင်ချာချာနဲ့ဘဲ ကုန်ဆုံးသွားရမလို ဖြစ်နေသည်။
သို့သော် ကံကြမ္မာက ကျွန်တော့ကို နောက်တကြိမ်အခွင့်အရေး ပေးခဲ့သည်။နောက်ဆုံးနှစ်မှာ ကံထပြီး တိုက်ဆိုင်ခြင်း များစွာနဲ့ နောက်တဆင့်ဆက်တက်ခွင့်ရတဲ့အထဲ ကျွန်တော်ပါခဲ့သည်။အောင်စာရင်းထွက်တော့ ကျွန်တော် တော်တော်လေးကိုပျော်မိတယ်။ပတ်ဝန်းကျင်ထဲမှာ မျက်နှာရသည့်အပြင် မြို့ကြီးပြကြီးမှာ သုံးနှစ်ခန့် လွတ်လွတ်လပ်လပ် သွားကဲခွင့်ရမည်မဟုတ်ပါလား။ထို့အပြင် အထက်မြန်မာတပြည်လုံးမှ နောက်တစ်ဆင့်တက်ခွင့်ရ ကျောင်းသားအားလုံး တနေရာထဲမှာ တက်ရမည်ဖြစ်သည်။သဘောကတော့ ရှမ်းမလေးများ ကယားမလေးများ ချင်းမလေးများလည်း လာကြရမည်ဖြစ်သည်။ ဤအချက်သည်ပင် အမြီးထွက်ချင်နေပါလျက်နဲ့ ဒီအရွယ်ထိ ပေါက်ခွင့်မရသေးသော ကျွန်တော့ကို အထူးဆွဲဆောင်လျက်ရှိသည်။ပွင့်ပွင့်လင်းလင်းဆိုရလျှင် ကျွန်တော့အတွက် အမြီးပေါက်ခွင့်ရဖို့ နောက်ဆုံးကြိုးစားခွင့်ပင်မဟုတ်လား ။ဤအခွင့်အရေးကိုတော့ လက်လွတ်ခံ၍တော့မဖြစ်။ ထိုအချိန်မှစ၍ အဖေ့ကို ကျောင်းဆက်ထားဖို့ စည်းရုံးရေးဆင်းသည်။နဂိုကတည်းက ပညာတတ် ဖြစ်စေချင်သော အဖေ့ကို ခက်ခက်ခဲခဲ မစည်းရုံးလိုက်ရ။လိမ်လိမ်မာမာနေပါမည် ဆိုရုံနဲ့ပင် အားလုံးအဆင်ပြေသွားပါတယ်။
တကယ်တမ်းကျောင်းတက်လာရတဲ့အခါမှာတော့ ကျွန်တော်ဘဝက ထင်သလောက် သိပ်မဟုတ်လှသေး။ရည်စားမထားတတ်သေးတော့ သူငယ်ချင်းတွေနဲ့ လျှောက်သွားရုံသာ။ သတိရစရာဆိုလို့ ဘုရားသွား၊ တောင်တက်လောက်သာ အမှတ်ရစရာတွေဖြစ်လာမယ်ထင်ပါတယ်။မကြာခဏဆိုသလိုတောင်တက်ရတာတော့ ပျော်တယ်ဗျာ။ကျောင်းသားဘဝကတော့ ကျောင်းပြီးသွားတဲ့အချိန်ကျရင် တစ်စတစ်စသတိရလာတတ်တယ်လို့ အကိုတွေ ပြောဖူးတာတော့ ကြားဖူးပါတယ်။ဒါပေမယ့် ကျွန်တော်က ထွေထွေထူးထူး မှတ်မှတ်ရရ မရှိရင်လည်း သူငယ်ချင်းတွေနဲ့ ပျော်တတ်ပါတယ်။ လူငယ်ဘဝဆိုတော့လည်း ဖြတ်သန်းရမယ့် ကာလတွေက များသားဆိုတော့ ပျော်တတ်အောင်နေကြရမယ် မဟုတ်လား။ဒါကြောင့် ကျောင်းသားဘဝမှာ ဆိုးတူ ကောင်းဖက် နေလာခဲ့ကြတဲ့ သူငယ်ချင်းတွေကိုလည်း ကျေးဇူးတင်မိသလို မထင်မှတ်ဘဲ ဆုံတွေ့ခွင့် ရတဲ့ steemit ကအကိုအမတွေကိုလည်း သိပ်ခင်မိတယ်။ သူတို့နဲ့ gpမှာ chatရင် ပျော်မိတယ်။ စိတ်ဓာတ်ကျတဲ့အချိန် ဟာသတွေဖတ်ရတဲ့အခါ စိတ်သက်သာရာ ရတယ်။ဒါကြောင့် ယခု လက်ရှိ အချိန်မှာတော့ ကျောင်းတက်လိုက်၊စာဖတ်လိုက်၊ steemitလုပ်လိုက်နဲ့ အတော်လေး အဆင်ပြေနေတယ်လို့ ပြောရမယ်။
ဒါကြောင့်မို့ ကျောင်းတက်ရတဲ့ ဘဝလေးဟာ လူတိုင်းအတွက် အမှတ်တရ အဖြစ်ဆုံး အချိန်ကာလ ဖြစ်ခဲ့ကြမယ်ဆိုရင် ကျွန်တော်လည်း တစ်ချိန်ကျရင် အမှတ်တရတွေနဲ့ ပြည့်နှက်နေ့မယ်လို့ ယုံကြည်နေမိပါတယ်။
@tamuthar