ပန်းချီဆရာကြီး

image
ပန်းချီဝါသနာရှင်​များ မသိ​သေးသူများအတွက်​ ပြန်​လည်​​ဖော်​ပြ​ပေးခြင်းဖြစ်​ပါသည်​ ဆရာကြီး မောင်ကျော်ညွန့်သည် ပန်းချီပြပွဲကို တင်ပြခဲ့သည်မှာ (၁၉၉၂)ခုနှစ်မှ (၂၀၁၀) အတွင်း Group Show များစွာကို လည်းကောင်း၊(၂၀၀၆) ခုနှစ်တွင် Myanmar Beauteous Views အမည်ရှိ တစ်ကိုယ်တော် ပြပွဲကို ပြခဲ့ပြီး (၂၀၀၇) ခုနှစ်နှင့် (၂၀၀၈) ခုနှစ်အတွင်း စင်ကာပူ နိုင်ငံတွင် သွားရောက် ပြသခဲ့သည်။ ယခုပြသမည့် ပန်းချီပြပွဲတွင် ရှေးခေတ် မြန်မာတို့၏ ရာဇဝင်၊ ဗုဒ္ဓဝင်ထဲမှ မဟေသီများ၏ ပုံများကို ရေးဆွဲထားသည်များကို ပြသမည် ဖြစ်သည်။ ပန်းချီကားပေါင်း (၂၂) ကား ပြသမည် ဖြစ်ပြီး ၎င်းပန်းချီကားများသည် အကုန်လုံး ရောင်းချထားပြီးသား ကားများဖြစ်သည်ဟု သိရသည်။ဆရာကြီးသည် သရုပ်ဖော် ပန်းချီပုံစံ ရေးဆွဲထားသော်လည်း ပန်းချီချစ်သူများ အကြိုက်တွေ့မည့် တကယ့် ပန်းချီကားများ ဖြစ်သည်ကို တွေ့ရမည် ဖြစ်သည်။ ရာဇဝင် ပန်းချီကားများကို နှစ်မျိုးရေးဆွဲခဲ့ပြီး ပထမ sketch ရေးဆွဲကာ နောက်ထပ် ပန်းချီကားကို ပြန်ရေးဆွဲခြင်းလည်း ဖြစ်သည်။ ရာဇဝင်ကားများကို ရေးဆွဲရာတွင် ထိုခေတ်နှင့် လိုက်ဖက်ညီသော အဝတ်အစားများကို သေချာစွာ လေ့လာ၍ ရေးဆွဲထားခြင်း ဖြစ်သည်ကိုလည်း တွေ့ရမည် ဖြစ်သည်။ ၎င်းပန်းချီကားများအား ရေးဆွဲရာတွင် ရာဇဝင်စာ စကားများကိုပင် လေ့လာ၍ ထည့်သွင်း ပုံဖော်ရေးဆွဲထားခြင်း ဖြစ်သည်ကိုလည်း တွေ့မြင်ရမည် ဖြစ်သည်။ ပန်းချီဆရာကြီး မောင်ကျော်ညွန့်၏ ပြသမည့် ပန်းချီကားများမှာ မဏိစန္ဒာ၊ ဥမ္မာဒန္တီ၊ ရှင်စောပု၊ ရှင်အို့မယ်၊ လှိုင်ထိပ်ခေါင်တင်၊ ပန်ထွာဘုရင်မ၊ သီတာဒေဝီ၊ စောမွန်လှ၊ စူဠသုဘဒ္ဒါ တို့ဖြစ်သည်။
image
မဏိစန္ဒာ ပန်းချီကား ဆီဆေးတစ်ကား၊ sketch တစ်ကားရေးဆွဲပြီး ဆီဆေးကားမှာ အလျားလိုက် ဖြစ်ပြီး (၄၈x၇၂) လက်မ အရွယ်အစား ရေးဆွဲထားခြင်း ဖြစ်သည်။ ရေးဆွဲသည့် ဇာတ်ကွက်မှာ ဆရာ ချစ်ဦးညိုရေးသားသည့် မဏိစန္ဒာဥဒါန်းမှ (“အမောင်ရယ် ရာဇ လှံတံလေးတစ်ခု ခြားနားရုံနဲ့ ဟိုဘက် သည်ဘက်မှာ ခင်ဦးတို့ နှစ်ယောက်ဟာ တစ်သက်တာ ကွဲကွာ ရတော့မှာလား။” “အကြီးမားဆုံး အရာတစ်ခုကို ဆုံးရှုံး လက်လွှတ်လိုက်ခြင်းဟာ တစ်ချိန်တည်းမှာပဲ အကြီးအကျယ်ဆုံး အောင်မြင်မှု တစ်ခုဖြစ်ပါတယ်။ ဒီစကား ပြောတာတောင် လွန်လှပါပြီ” ကျန်စစ်သားဟာ သူ့ကိုယ်ကို၊ သူ့နှလုံးသားကို၊ သူ့ဆန္ဒကို သူမပိုင်ပါဘူး။ ခွင့်လွှတ်ပါ။ ခွင့်မလွှတ်နိုင်လောက်အောင် မုန်းတီးစက်ဆုပ်မယ် ဆိုရင်တော့ ခံယူဖို့အသင့် ရှိပါတယ်။) ဆိုသည့် ဇာတ်ကွက်ကို ဖော်ကျူးထားခြင်း ဖြစ်သည်။ သည်ပန်းချီကားကို ဆရာကြီး မောင်ကျော်ညွန့်က (၂၀၁၁) ခုနှစ်တွင် ရေးဆွဲခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ဥမ္မဒန္တီ ပန်းချီကားကို နှစ်ကားရေးဆွဲခဲ့ပြီး ဆီဆေးတစ်ကား၊ sketch တစ်ကားစီ ရေးဆွဲထားခြင်း ဖြစ်ပြီး ဆီဆေးကားမှာ ဒေါင်လိုက် တစ်ကား၊ အလျားလိုက် တစ်ကား၊ (၇၂ x ၄၈) လက်မ အရွယ်အစား တစ်ကားနှင့် (၆၀ x ၈၄) လက်မ အရွယ်အစား တစ်ကား ဖြစ်သည်။ သည်ပန်းချီကားကို ညောင်ကန် ဆရာတော်ဘုရားကြီး ရေးသည့် ငါးရာ့ငါးဆယ် ဇာတ်ဝတ္ထု အတွဲ(၅) မှ အရိဋ္ဌဖုရမြို့၊ တန်ဆောင်မုန်းလပြည့်နေ့ နက္ခတ်သဘင်ဘွဲ သိဝိမင်းကြီး ညဥ့်ပွဲသဘင်ခံရန် မြို့တော်ကို လက်ယာရစ် လှည့်လည်သော် အဘိပါရက စစ်သူကြီး၏ အိမ်တော်ရှေ့အရောက်တွင် ဥမ္မာဒန္တီသည် သိဝိမင်းကြီးကို ပန်းတို့ဖြင့်ပစ်၏” ဟူသည့် ဇာတ်ကွက်မှ လည်းကောင်း၊ မဟာမင်းလှ မင်းခေါင်ကျော်ရေးသည့် ဥမ္မာဒန္တီပျို့မှ (လေသာနန်းကို လှစ်တွန်းပြီးခါ အရုဏ်လာတွင် နေဝါဖန်စက် ပေါ်လာထွက်သို့၊ ရွှေလက်လှနှင့် အသာဖွင့်လျက် ပန်းပွင့်ဆုပ်ကာ မယ့်ကိုရှာဟု မျက်နှာချိုချို ဆိုသလိုဖြင့် မင်းကို မဟာပစ်ကြဲခါတွင်” ဟူသည့် ဇာတ်ကွက်ကို ယူ၍လည်းကောင်း ရေးဆွဲထားခြင်း ဖြစ်သည်။ သည်ပန်းချီကားကို ဆရာကြီး မောင်ကျော်ညွန့်က (၂၀၀၉) ခုနှစ်တွင် တစ်ကား၊ (၂၀၁၀) ပြည့်နှစ်တွင် တစ်ကား ရေးဆွဲခဲ့ခြင်း ဖြစ်သည်။

ရှင်စောပု ပန်းချီကားကိုလည်း ဆီဆေးတစ်ကား၊ sketch တစ်ကား ရေးဆွဲပြီး ဆီဆေးကားမှာ အလျားလိုက် ဖြစ်ပြီး (၄၈ x ၇၂) လက်မ အရွယ်အစား ဖြစ်သည်။ သည်ပန်းချီကားကိုတော့ ဆရာ ချစ်ဦးညိုရေးသည့် ရှင်စောပုစာအုပ်မှ “ရှင်စောပု (မြန်မာ ၇၅၅-၈၃၄) ဟံသာဝတီ ရွှေနန်းတော်ရဲ့ ထီးညွန့်နန်းလျာ ဥပရာဇာအဖြစ် ရှင်ဓမ္မဓရ တစ်ဖြစ်လဲ ဓမ္မစေတီကို ကျွန်ုပ်တင်သွင်း ကြေညာလိုက်တယ်” ဟူသည့် ဇာတ်ကွက်ကို ရေးဆွဲထားခြင်း ဖြစ်သည်။ ဆရာကြီးက သည်ကားကို (၂၀၁၀) ပြည့်နှစ်တွင် ရေးဆွဲခဲ့ခြင်း ဖြစ်သည်။ ရှင်ဘို့မယ် ပန်းချီကားကိုလည်း ဆီဆေးတစ်ကား၊ sketch တစ်ကား ရေးဆွဲထားခြင်း ဖြစ်ကာ ဆီဆေးကားမှာ ဒေါင်လိုက်ဖြစ်ပြီး (၇၂x၄၈) လက်မ အရွယ်အစား ဖြစ်သည်။ အချုပ်တန်းဆရာဖေ ရေးသည့် အင်းဝဘုရင် မင်းခေါင်ကြီး၏ တောင်နန်းစံ မိဖုရားကြိးမှ “ရှင်ဘို့မယ် အင်းဝမိဖုရား (မြန်မာ၇၅၅-၇၈၈) ရှင်ဘို့မယ် ယင်းတစ်သက်၊ မင်းဆက်က ငါးသွယ်၊ နှင်းမပြတ် စုလျားခြယ်သည်။ ထားတသွယ်ဥဒါန်း” ဆိုသည့် ဇာတ်ကွက်ကို ရေးဆွဲထားခြင်း ဖြစ်သည်။ သည်ပန်းချီကားကို ဆရာကြီးက (၂၀၁၁)ခုနှစ် နှစ်စတွင် ရေးဆွဲခြင်း ဖြစ်သည်။ လှိုင်ထိပ်ခေါင်တင် ပန်းချီကားကိုလည်း ဆီဆေးတစ်ကား၊ sketch တစ်ကား ရေးဆွဲထားခြင်း ဖြစ်ပြီး ဆီဆေးကားမှာ အလျားလိုက်ဖြစ်ကာ (၄၂ x ၈၄) လက်မ အရွယ်အစား ဖြစ်သည်။ သည်ပန်းချီကားကို လှိုင်ထိပ်ခေါင်တင်ရေးသည့် နာဂဆန္ဒန်ချီဘောလယ်မှ “လှိုင်ထိပ်ခေါင်တင် (မြန်မာ ၁၁၉၅-၁၂၃၇) မြတ်စိန္တေမှာလ၊ ဆုထူးတော်ပိုင်၊ မယိမ်းမယိုင်အောင်လို့ ကြံပါကတဲ၊ ဘုန်းမတန်ဘဲငယ်နှင့် ကံလည်းမကူ၊ သင်းပျံဘုံဗွေ၊ တစ်ကိုယ်ရေ ဆွေးတယ်လေး တွေးကြုံလို့ပူ”ဟူသည့် ဇာတ်ကွက်ကို ရေးဆွဲထားခြင်း ဖြစ်သည်။ သည်ပန်းချီကားကို ဆရာကြီးက (၂၀၁၀) ပြည့်နှစ်တွင် ရေးဆွဲခဲ့ခြင်း ဖြစ်သည်။

ပန်ထွာဘုရင်မ ပန်းချီကားကိုလည်း ဆီဆေးတစ်ကား၊ sketch တစ်ကား ရေးဆွဲထား ခြင်းဖြစ်ပြီး ဒေါင်လိုက် အနေဖြင့် (၇၂ x ၄၈) လက်မ အရွယ်အစား ရေးဆွဲထားခြင်း ဖြစ်သည်။ သည်ပန်းချီကားကို ပန်ထွာဘုရင်မ၏ ရာဇဝင်မှ “ပန်ထွာဘုရင်မ(ပျူခေတ်၊ အေဒီ ၅ ရာစု) ဗိဿနိုးမြို့ကြီးကို ရန်သူများ ဝိုင်းရံလာလျှင် ပန်ထွာဘုရင်မသည် သိဒ္ဓိမြောက် ဂါထာမန္တန်အစွမ်းနှင့် ဆန်းကြယ်သော စည်ကြီး၏ မြည်ဟီးသံကြီးနှင့်အတူ ရေတံခါးများမှ တစ်ရှိန်ထိုး အန်ကျလာသော ရေလုံးအားဖြင့် ပျက်စီးသေဆုံးစေသော စစ်ပရိယာယ်ကိုသုံး၍ အောင်ပွဲများ ရယူနိုင်ခဲ့သည်” ဆိုသည့် ဇာတ်ကွက်ကို ရေးဆွဲထားခြင်း ဖြစ်သည်။ သည်ပန်းချီကားကို ဆရာကြီးက (၂၀၁၁) ခုနှစ် နှစ်စပိုင်းတွင် ရေးဆွဲခဲ့ခြင်း ဖြစ်သည်။ သီတာဒေဝီ ပန်းချီကားကိုလည်း ဆီဆေးတစ်ကား၊ sketch တစ်ကား ရေးဆွဲခြင်း ဖြစ်ပြီး အလျားလိုက် အနေဖြင့် (၆၀x၁၀၈) လက်မ အရွယ်အစား ရေးဆွဲထားခြင်း ဖြစ်သည်။ သည်ပန်းချီကားကို ဦးတိုးရေးသည့် ရာမရကန်မှ “လေးကိုသင်းကြွ၊ ချီနိုင်စ,က၊ သည်ခါမှ မယ့်ကို၊ အိုသေပါဘိ၊ သည်တွက်ကယ် ရှိတော့မည်၊ ဆိုမိသည့် စိတ်၊ ခေါင်းမူးများ ရိတ်တည့်အောင်၊ အသည်းထိတ်လို့ ခုန်ပေါက်၊ သည်နှင်သို့လျှင်၊ လေးရွှေစင်ကို မတင်နိုင်လှ၊ သင်းဘုန်းဘုန်းချကာမှ ကျွန်မသက်လုံ၊ ဆွေ့ဆွေ့ခုန်ငယ်၊ ---တတုမ်ညံ့၍၊ ထိတ်လန့်ပြေပါတယ်ရှင်” ဟူသည့် ဇာတ်ကွက်ကို ရေးဆွဲပေးခြင်း ဖြစ်သည်။ သည်ပန်းချီကားကို ဆရာကြီးသည် (၂၀၀၅) ခုနှစ်က ရေးဆွဲခဲ့ခြင်း ဖြစ်သည်။ စာမွန်လှ ပန်းချီကားကို နှစ်ကား ရေးဆွဲခဲ့ခြင်း ဖြစ်ပြီး ဆီဆေးကားနှင့် sketch ကား တစ်ကားစီ ရေးဆွဲခဲ့ခြင်း ဖြစ်သည်။ နှစ်ကားစလုံးကို အလျားလိုက် အနေဖြင့် (၄၈x၇၂) လက်မ အရွယ်အစား ရေးဆွဲခဲ့ခြင်း ဖြစ်သည်။ တစ်ကားကို မြန်မာ့စွယ်စုံကျမ်း အတွဲ(၁၁)မှ “စောမွန်လှ ရွှေစာရံဘုရားတည်ရာ အနီးရှိ နားတောင်းကျ ချောင်းနားသို့ ရောက်သော် နားတောင်ကျလေသည်နှင့် ရေတွင်းနားတောင် အရောင်ထင်သောကြောင့် ငုပ်၍ ရှာဖွေသော်လည်း မတွေ့ဘဲ ကောင်းကင်၌ စာသူငယ်အပေါင်း သောသောညံ ဝန်းရံလျင် နားတောင်းနှင့်တကွ မွေတော်သည် ပြာဋိဟာ ပြလျက်နေလေသည်။ ဤအခြင်းအရာကို မြင်သော် စောမွန်လှလည်း ရှိခိုးပူဇော်ကာ အဓိဋ္ဌာန် ပြုလိုက်မှ နားတောင်း မွေတော်မြတ် ဆင်းသက်လာ၍ စောမွန်လှ၏ လက်ဝဲနားဝယ် ဝတ်မြဲအတိုင်း တည်လေသည်” ဆိုသည့် ဇာတ်ကွက်ကို ရေးဆွဲခဲ့ခြင်း ဖြစ်သည်။

နောက်တစ်ကားကို မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)မှပင် “စောမွန်လှသည် တစ်ညဥ့်လုံးလုံး သိကြား၊ စတုလောကပါလ၊ သမ္မာဒေဝ နတ်တို့အား ရှိခိုးဓိဋ္ဌာန်ပြု၍ ဆင်မြန်းတော်မူသော ရွှေဖျင်မြတံဘက်နှင့် ဘုရားကို ဆွဲငင်လှည့်လည်လျှင် အရှေ့သို့ မျက်နှာမူ၍ တည်သော ရွှေစာရံဘုရားသည် အနော်ရထာမင်းစော ရှိရာ ပုဂံပြည်ဖက်သို့ လိုဏ်ဝ လှည့်သွားလေသည်” ဆိုသည့် ဇာတ်ကွက်ကို ရေးဆွဲထားခြင်း ဖြစ်သည်။ သည်ပန်းချီ နှစ်ကားစလုံးကို ဆရာကြီးက (၂၀၁၀) ပြည့်နှစ်တွင် ရေးဆွဲခဲ့ခြင်း ဖြစ်သည်။ စူဠသုဘဒ္ဒါ ပန်းချီကားကိုလည်း ဆီဆေးတစ်ကား၊ sketch တစ်ကား ရေးဆွဲခြင်းဖြစ်ပြီး အလျားလိုက် အနေဖြင့် (၄၈x၇၂) လက်မ အရွယ်အစား ရေးဆွဲထားခြင်း ဖြစ်သည်။ သည်ပန်းချီကားကို ညောင်ကန် ဆရာတော်ဘုရားကြီး ရေးသည့် ငါးရာ့ငါးဆယ် ဇာတ်တော် အတွဲ (၄)၊ ဆဒ္ဒန္တဇာတ်မှ “စူဋ္ဌသုဘဒ္ဒါ မိဖုရားသည် ခြောက်ပါးသော ရောင်ခြည်တို့ဖြင့် ဆန်းကြယ်သော ဘုရားလောင်းဆင်မင်း၏ အစွယ်တို့ကို ပတ္တမြားစီယပ်ဖြင့်ခံ၍ ပေါင်ပေါ်တင်ပြီးလျှင် ချစ်လှစွာသော မိမိလင် ဆင်မင်း၏ အစွယ်တို့ကို ကြည့်သည်ရှိသော် အဆိပ်လူးသော မြားဖြင့် အသက်ကုန်ခြင်းသို့ ရောက်စေပြီးလျှင် ဤအစွယ်တိုကို ဖြတ်ယူ၍ သောဏုတ္တရ မုဆိုးသည် လာခဲ့ပြီးတကားဟု ကြံမှိုင်လျက် ဘုရားလောင်းကို အောက်မေ့သဖြင့် စိုးရိမ်ပူဆွေးခြင်းကို သည်းခံခြင်းမှာ မတတ်နိုင်ရကား ထိုအရပ်၌ နှလုံးသည်ကွဲ၍ ထိုနေ့၌ပင်လျှင် သေလေ၏” ဟူသည့် ဇာတ်ကွက်ကို ရေးဆွဲထားခြင်း ဖြစ်သည်။ သည်ပန်းချီကားကို ဆရာကြီးက (၂၀၁၀) ပြည့်နှစ်တွင် ရေးဆွဲခဲ့ခြင်း ဖြစ်သည်။ ပန်းချီဆရာကြီး မောင်ကျော်ညွန့်၏ Queens of beauty in History ဟု အမည်ပေးထားသည့် ရာဇဝင်လှသော မဟေသီ ဘုရင်မများ ပန်းချီပြပွဲသည် ပန်းချီချစ်သူများ၏ နှလုံးအိမ်ကို ဆွဲငင်သိမ်းကျုံးရမည့် ပန်းချီပြပွဲတစ်ရပ် ဖြစ်လာဦးမည်ဟု တင်ပြလိုက်ရပေသည်။ကျေးဇူးတင်​ပါတယ်​။

H2
H3
H4
3 columns
2 columns
1 column
Join the conversation now