ကျွန်တော် နှင့် လက်ဖက်ရည်ဆိုင်(၂)

FB_IMG_1484498227222-picsay.jpg

ကျွန်တော် နှင့် လက်ဖက်ရည်ဆိုင်(၂)
❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇

ငယ်ရွယ်စဉ်အခါ လက်ဖက်ရည်ဆိုင်ထိုင်ခြင်းနှင့် ပတ်သက်၍ ခံစားချက်ဟူ၍ မယ်မယ်ရရ မရှိခဲ့သော်လည်း အထက်တန်း ကျောင်းသားဘဝမှ စတင်၍ ယခု ဆရာတစ်ယောက် ဖြစ်လာသည့်တိုင်အောင် လက်ဖက်ရည်ဆိုင်ထိုင်ခြင်းမှာ ငယ်ရွယ်စဉ် အချိန်အခါကလို စိတ်ခံစားချက်များ မဟုတ်တော့ပေ။ အထူးသဖြင့် လက်ဖက်ရည်ကိုသာလျှင် သောက်လေ့ရှိတော့ပြီး စားစရာမုန့်ကို မနက်ခင်း အစောပိုင်းလောက်တွင်သာ စားဖြစ်တော့သည်။ ကျန်ရှိသည့် တစ်နေ့တာလုံး ညအပါအဝင် မုန့်ကို စားခြင်းမရှိတော့ဘဲ လက်ဖက်ရည်တစ်မျိုးတည်းကိုသာ နှစ်သက်စွာ သောက်သုံးဖြစ်ခဲ့ပေသည်။


Credit to google image

အထက်တန်းကျောင်းသားဘဝတွင် သူငယ်ချင်းများနှင့်အတူ လက်ဖက်ရည်ဆိုင်ထိုင်ခြင်းကို အစပြုခဲ့သည်။ မှတ်မှတ်ရရ နွေရာသီ ကျူရှင်ချိန်တက်ရောက်ပြီးနောက် အိမ်မပြန်ကြဘဲ လက်ဖက်ရည်ဆိုင် ထိုင်ကြခြင်း ဖြစ်ပေသည်။ သူငယ်ချင်းများမှာ ကျွန်တော့်အရင် လက်ဖက်ရည်ဆိုင် ထိုင်ဖူးသူများဖြစ်ကြ၍ လက်ဖက်ရည်အမျိုးအစားများစွာကို သိရှိထားကြသည်။ ကျွန်တော်ကမူ ငယ်ငယ်က သောက်လေ့ရှိခဲ့သည့် ချိုဆိမ့် နှင့် ဖန်ချို ဟူ၍ နှစ်မျိုးသာသိပေသည်။ သူငယ်ချင်းများနှင့် ထိုင်ခြင်းဖြစ်၍ ပျော်ရွှင်မှုကို ပိုမိုခံစားရလေ့ရှိသည်။ သို့သော် လဖက်ရည်ဆိုင်ထိုင်ခြင်းမှာ ကျွန်တော်တို့အတွက် တစ်စုံတစ်ရာသော အကျိုးကျေးဇူးများ မရှိခဲ့ဟု ဆိုနိုင်ပေသည်။ အဘယ့်ကြောင့်ဆိုသော် လက်ဖက်ရည်ဆိုင်ထိုင်ရင်း ပြောကြဆိုကြသည့် အကြောင်းအရာများမှာ လူငယ်ကြိုက် အကြောင်းအရာများသာ ဖြစ်ကြသည်။ ကောင်မလေးများအကြောင်း၊ အဆိုတော်များအကြောင်း၊ ဗွီဒီယိုကားများအကြောင်း၊ မိသားစုအကြောင်း၊ ဘောလုံးကန်၊ခြင်းခတ်ကြသည့်အကြောင်း၊ ဆရာတွေအကြောင်း စသည်ဖြင့်သာ ပြောဆိုကြ၍ အချိန်ကုန်ကြသည်။

လက်ဖက်ရည်ဆိုင် အတော်များများကို အလှည့်ကျသဘောမျိုးဖြင့် ထိုင်ကြသည်။ တစ်ဆိုင်တွင် တစ်လလောက် ထိုင်ပြီးလျှင် အခြားဆိုင်တစ်ဆိုင်သို့ ပြောင်းလဲထိုင်ကြသည်။ သို့သော် ကျောင်းမုန့်စားဆင်းချိန် အတွင်းမှာတော့ ကျောင်းနှင့်နီးသည့် ဆိုင်တစ်ဆိုင်တွင်သာ အမြဲထိုင်ဖြစ်ကြသည်။ ထိုဆိုင်ပိုင်ရှင်များမှာလည်း ကျွန်တော်တို့အဖွဲ့နှင့် အထူးရင်းနှီးခင်မင်ကြသဖြင့် တစ်ခါတစ်ရံ ထိုဆိုင်မှ ထမင်း၊ဟင်းများကို ဗိုက်ဆာလျှင် စားခွင့်ပြုခဲ့သည်။

ကျွန်တော်တို့ ဆယ်တန်းရောက်သည့်နှစ်တွင်မူ ကျွန်တော်တို့အဖွဲ့ထဲမှ သူငယ်ချင်းတစ်ယောက်၏ မိသားစုဝင်တစ်ဦးမှ လက်ဖက်ရည်ဆိုင်ဖွင့်သဖြင့် နောက်ပိုင်းတွင် ထိုဆိုင်တွင်သာ ထိုင်ဖြစ်ကြတော့သည်။ ထိုဆိုင်တွင် ကိုယ့်စိတ်ကြိုက် ကိုယ်တိုင်ဖျော်၍ သောက်ခဲ့ကြသည်။ လက်ဖက်ရည်ကို ထိုအသက်အရွယ်တွင် အရသာခံ၍ သောက်သည့်အကျင့် ရှိနေခဲ့ပေပြီ။ သို့သော် လက်ဖက်ရည်ဆိုင်ထိုင်ခြင်းမှာမူ လက်ဖက်ရည်တစ်ခုတည်း သောက်လိုခြင်းကြောင့် ထိုင်ခြင်းမျိုးတော့ မဟုတ်ပေ။ သူငယ်ချင်းများနှင့် ထွေရာလေးပါး စကားပြောဆိုကြခြင်း၊ မိမိနှစ်သက်သည့် သီချင်းများကို အသံကျယ်ကျယ် နားထောင်နိုင်ခြင်း၊ တစ်ခါတစ်ရံ နိုင်ငံခြားဇာတ်ကားများကို ကြည့်ရှုနိုင်ခြင်း စသည်တို့ကြောင့်လည်း ထိုင်ခြင်းဖြစ်ပါသည်။


Credit to google image

ငယ်ရွယ်စဉ် အချိန်က လက်ဖက်ရည်ဆိုင် ထိုင်လေ့ရှိခြင်းကြောင့် ကြီးပြင်းလာသည့်အခါ လက်ဖက်ရည်ဆိုင် မထိုင်ရမနေနိုင်ဆိုသည့်အချက်မှာ မှန်ကန်မှုမရှိပေ။ လူလတ်ပိုင်းအရွယ်တွင် လူငယ်ကဲ့သို့ ခံစားမှုမျိုး မဟုတ်တော့ပေ။ ပုဂ္ဂိုလ်ရေးခံစားမှုထက် လက်တွေ့ကျသည့် အတွေးအမြင်မျိုးကို ဦးစားပေးလာသည်။ ထိုအသက်အရွယ်တွင် လက်ဖက်ရည်ဆိုင်ထိုင်ခြင်းမှာ လုပ်ငန်းပိုင်းကိစ္စများအတွက် ပြောဆို၊ဆွေးနွေးခြင်းများ၊ အခြားသူများကို ဧည့်ခံကျွေးမွေးလိုသည့် အကြောင်းအရာများအတွက်သာ အဓိကထိုင်ဖြစ်တော့သည်။ တစ်ခါတစ်ရံ ဘောလုံးပွဲကြည့်လိုသည့် ဆန္ဒဖြစ်ပေါ်လာချိန်တွင်လည်း ထိုင်ဖြစ်တတ်ပါသည်။ ဆူဆူညံညံအသံများဖြင့် ကြည့်မှ ဘောလုံးပွဲအရသာ ပိုရှိသလို ခံစားရ၍ဖြစ်သည်။

ယခု ဆရာတစ်ယောက် ဖြစ်လာသည့် အချိန်တွင်မူ အေးအေးဆေးဆေး လက်ဖက်ရည်ဆိုင်ထိုင်ဖို့ရန် အတော်ဖန်တီးယူနေရသည်။ မနက်ခင်း အစောပိုင်းတွင် ခဏထိုင်ဖြစ်၍ လဖက်ရည်နှင့် မုန့်တစ်ခုခုကို အလျင်အမြန်စားရသည်။ ဇိမ်ခံအချိန်ဆွဲ၍ သောက်လို့မရ။ စာသင်ဝိုင်းများသို့ ပြေးရသည်။ နေ့လည်ပိုင်း အိမ်ပြန်ရောက်၍ တစ်ခါတစ်ရံ လက်ဖက်ရည်ဆိုင် မသွားလိုသဖြင့် ကော်ဖီမစ်ထုပ်ကိုသာ ဖျော်သောက်ဖြစ်သည်။ ညပိုင်းအချိန်များတွင်လည်း စာသင်ချိန်များရှိနေသဖြင့် သိပ်မထိုင်ဖြစ်ပေ။ အချိန်ယူ၍ အေးအေးဆေးဆေး ထိုင်ခြင်းမှာ ကျောင်းပိတ်ရက်ရှည် သို့မဟုတ် ပွဲတော်အချိန်အခါမျိုးတွင်သာ ရှိပေတော့သည်။

ဖတ်ရှုပေးသည့်အတွက် ကျေးဇူးပါ။

@mgmgkse
MSC-011

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center