လစာနဲ့စားစရာ ညီမျှနေသောအခါ

အခုတာဝန်ကျနေတဲ့ သံတောင်ကြီးမြို့လေးကို ရောက်ရှိခဲ့တာ ဘာလိုလိုနဲ့ ၁နှစ်ကျော်ခဲ့ပြီ။ သြော် ဘာမှ မကြာလိုက်သလိုပဲ ရက်တွေ လတွေပြောင်းကာ နှစ်နဲ့ချီ တွက်ရတဲ့ကာလတစ်ခု ဖြစ်လာခဲ့ပြီ။

ဝန်ထမ်းဆိုတာကလည်း ဆေးစက်ကျရာ အရုပ်ထင်ရတဲ့ဘဝ။ နယ်တကာလှည့်ပြောင်းနေရပေမယ့် ဘယ်နယ်ဘယ်ဒေသမှာတော့ ဘယ်ရွေ့ဘယ်မျှ ကြာမယ်ဆိုတာ ကြိုသိနိုင်ခြင်း မရှိသော အိမ်ဝေးသူတွေ။
အင်းပေါ့လေ သူ့ဆန်စားက ရဲရမည်ပဲလေ။

သံတောင်ကြီးဆိုတာက ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၄,၀၀၀ကျော် မြင့်သောအရပ်။ တောတောင် အထပ်ထပ်ကို ကျော်ကာဖြတ်မှ ရောက်တဲ့ ကရင်ပြည်နယ်ရဲ့ မြို့လေးတစ်မြို့။ဟိုးအရင်က တစ်ခါမှ မရောက်ဖူးတဲ့ နယ်ပယ်ဒေသတစ်ခု။

ဝေးလံခေါင်ဖျားတောင်ပေါ်ဒေသမို့ စားစရာ ရှားပါသည်။
ဈေး ဟူ၍ မရှိ။ ကုန်စုံဆိုင်လေး ၂ဆိုင် / ၃ဆိုင်သာ ရှိသည်။ မြေပြန့်ဒေသထက် ဈေးအဆမတန် ကြီးမြင့်သော်လည်း အားကိုးအားထားပြုစရာ ဤဆိုင်တွေပဲ ရှိသည်မို့ ဝယ်စားရသည်ပဲ။

မနက်အစောဆိုလျှင်တော့ ဆိုင်ကယ်မှာ ခြင်းကြီးတွေ တပ်ပြီး အသီးအနှံနှင့် အသားငါးတချို့ လာရောင်းသော ဆိုင်ကယ်ဈေးသယ်တွေတော့ ရှိသည်။ကုန်စုံဆိုင်တွေထက်စာရင် ဈေးသက်သာသည်ဆို သော်လည်း သူတို့လည်း ဆီဖိုးနဲ့အမြတ် ကျန်ဖို့အတွက် ဈေးအတော်မြှင့်ထားသည်သာ။

မည့်သို့ပင်ဖြစ်စေ တစ်နေ့တစ်ရက်ကိစ္စ မဟုတ်သဖြင့် နေ့စဉ်တိုင်းတော့ ဖြစ်သလို မစားနိုင်ပေ။ အကောင်းဆုံး မဟုတ်တောင် အူစိုအောင်တော့ စားပေးမှ ဖြစ်မည်။ ဒါ့ကြောင့် ဈေးအဆမတန်ကြီးလည်း ဝယ်ကာ စားရလေသည်။

သို့သော် ဝယ်စားချင်တိုင်းလည်း ဝယ်စား၍ ရသည်က မဟုတ်။မြေပြန့်ကနေ အလာလမ်း ရွာစဉ်ရွာတန်း တစ်လျှောက်လုံး ရောင်းပြီးမှ ဤသံတောင်ကြီးသို့ ဈေးသည်တွေက ရောက်ခြင်းဖြစ်သဖြင့် နောက်ဆုံးပိတ် အိတ်နဲ့လွယ် ကျန်တာသာ ဝယ်ရခြင်းဖြစ်သည်။ ကိုယ်ကြိုက်တာနဲ့ ကျန်တာနဲ့ မကိုက်ညီရင်တော့ တိုင်ပတ်ပြီသာ မှတ်။ အဆင်ပြေအောင် ကြည့်ချက်ပေတော့ပဲ။

စားချင်တိုင်း မစားရ။ စားချင်သလို မစားရလို့ လစာတွေ ပိုနေသလားဆိုတော့လဲ ? ခုဏက ပြောခဲ့သလိုပဲ မြေပြန့်ထက် ပို၍ ဈေးအဆမတန်ကြီးတော့ ရသမျှ လစာသည် စားသမျှ အစားအစာဖိုးနှင့် သာတူညီမျှနေပေသည်။ "လုပ်၍ရသည့်လစာ ဈေးမြင့်သည်နှင့် အဆင်သင့်ဟု"သို့သာ ဆိုလိုက်ပေချင်သည်။

image

တစ်လလုံး လုပ်သမျှသည် နေ့စဉ်စားသမျှအတွက် ဖြစ်သည်။တစ်နေ့ လုပ်မှ တစ်နေ့စား မဟုတ်သော်လည်း ဝေးလံခေါင်းဖျားဒေသမှ ဝန်ထမ်းဘဝက တစ်လလုပ်သမျှ တစ်လစားတာနှင့် ပလုံသည်။ကုန်သည်။ မသိလျှင် အသုံးအစွဲ တိကျသည်ဟု ချီးမွမ်းခံရနိုင်သည်။ ရသမျှနှင့်ကုန်သမျှ ပိုလျှံတာ မရှိ တိကျလွန်းသောကြောင့် ဖြစ်သည်။

အယ့် ကံကောင်း အကြောင်းလှပြီး တချို့လတွေမှာ လစာမကုန်ပဲ ငွေလက်ကျန်အချို့ ရှိတာမျိုးလည်း ရှိပါသည်။ သို့သော် ထိုငွေတွေမှာလည်း ကံမကောင်း အကြောင်းမလှစွာဖြင့် သာရေးနာရေး လူမှုရေးကိစ္စတွေဖြင့် လုံးပါးပါးကာ ပျောက်ပျက်သွားရပြန်သည်ချည့်ပင်တကား။

image

လစာနှင့်စားစရာ ဤကဲ့သို့ ညီမျှနေသောအခါ
တစ်ခါတစ်ခါ မိဘတွေကိုပင် ကျေးဇူးအထူးတင်မိသည်။
တစ်ရံတစ်ခါ ထောက်ပံ့ကန်တော့ ပေးတာမျိုးကိုတောင် ငြင်းဆန်ပြီး ပြည့်စုံပါတယ် ဆိုပြီး ပြောသောကြောင့်။

လစာနှင့်စားစရာ ဤကဲ့သို့ ညီမျှနေသောအခါ
တစ်ခါတစ်ခါ ကိုယ့်ကိုကိုယ်ပင် ကျေးဇူးတင်မိသည်။
တစ်ခါတစ်ရံ ဖျားတက်သော်လည်း ဒီကိုဂျင် ဘိုင်အိုဂျက်ဆစ်ဖြင့် နှစ်ပါးသွားခဲ့ရရုံမှတပါး ကျန်းမာရေးအလွန်ကောင်းသောကြောင့်။

လစာနှင့်စားစရာ ဤကဲ့သို့ ညီမျှနေသောအခါ
ချစ်ခင်ကြည်ဖြူ ကြင်နာသူကို ကျေးဇူးအထူးတင်ရသည်။
လက်ထပ်မင်္ဂလာ တောင်းရမ်းပါဟု အိမ်ထောင်ပြု ကလေးယူ ဇွတ်မပူဆာ မတိုက်တွန်းသောကြောင့်။

လစာနှင့်စားစရာ ဤကဲ့သို့ ညီမျှနေသောအခါ
ချစ်ခင်လေးထား မိတ်ဆွေများအား ကျေးဇူးတင်ရသည်။
အရက်ဘီယာ တိုက်စမ်းပါဟု မပြောကြားပဲ စိတ်နဲ့စေတနာ အရင်းခံကာ ပေါင်းသင်းပါသောကြောင့်။

လစာနှင့်စားစရာ ဤကဲ့သို့ ညီမျှနေသောအခါ
ဆွေမျိုးပမာ ဂျီပုန်းဆွေမဟာ(G4 MSC)များအားလည်း
နောက်ဆို ကျေးဇူးအထူးတင်ရပေတော့မည်။
ဤစာကို ဖတ်ပြီးတော့ လစာနှင့်စားစရာ ညီမျှနေလေသာ ဦးအင်းခမျာ သနားစရာဆိုပြီး SBDများများရအောင် Voteတွေ ဇွတ်တအား နင်းကန် မရပ်မနား ဒလဟော ပေးကုန်ကြမည်ဖြစ်သောကြောင့် . . . . . .။

အားလုံးကိုချစ်ခင်လေးစားလျှက်
@masterinnwa
MSC-253

H2
H3
H4
3 columns
2 columns
1 column
Join the conversation now