စွန်တစ်ခု ရဲ့ ကောက်ကြောင်း

ကျားမနိုင် ရွာတွင် မောင်နီတွတ် ဟုခေါ်သော လူတစ်ယောက်ရှိလေသည်။
ထိုမောင်နီတွတ်လေးကား အတန်းပညာမတတ်ရှာ ရွာဦးဘုန်းကြီးမှ ကောက်ယူမွေးစားကာ ပညာသင်ပေး သောကြောင့် သေစာ ရှင်စာမျှသာတတ်လေသည်။နီတွတ် ကလေးအရွယ်ရောက်လာသောအခါ ရွာထဲမှ အိမ်များသို့ သွားကာ ထင်းခွဲ ရေခပ် နွားစာကျွေး အစရှိသော ဗာဟိရ အလုပ်များကို ကူညီလုပ်ဆောင်ပေးရလေသည်။

image

ရိုးရိုးသားသားကြိုးစားကာ လုပ်ပေးလေသည်။လူတိုင်းက ချစ်ခင်ကြ၏။ ဟိုအိမ်က စားစရာပေးလိုက် ဒီအိမ်က ဝတ်စရာပေးလိုက်နှင့်မပူမပင် နေထိုင်ကာ နေလာခဲ့ပေသည်။မောင်နီတွတ်၏ အဖေ အမေ များကား ငယ်စဉ်ကပင် ဆုံးပါးသွားကြလေသည်။ ဆွေမရှိ မျိုးမရှိ နှင့် ဒီရွာသူ ဒီရွာသားများကိုပင် အမိ အဖ ဆွေမျိုးသားချင်း လုပ်ခါ နေလာခဲ့သည်မှာ နှစ်နှစ်ဆယ်ပင်ကျော်ခဲ့ပေပြီ။ဘုန်းကြီးကျောင်းတွင်အိပ်၍ မိုးလင်းလာလျှင် ရွာထဲရှိလုပ်စရာရှိတာများ လာလုပ်လေသည်။ပမ်းသည်ဟုလည်း မထင်ပေ။ ညအိပ်ရာဝင်လျှင် မနက်ရေခပ် ထင်းခွဲ ရမည့် အိမ်များကိုလက်ချိုးရေကာ စိတ်ထဲမှ အစီအစဉ်ဆွဲလျှက် အိပ်ပျော်ရှာလေသည်။

နီတွတ်ကား ဘာကိုမှ ဂရုမစိုက် ရလျှင်စားမည် ။ ရှိလျှင်ဝတ်မည်။ မရှိလျှင် ကိစ္စမရှိ ဘာမှ မခံစားရသလိုပင်။ အပူအပင်မရှိ လောဘ မရှိ ဒေါသမရှိ။ သူများပြောသလို လုပ်ပေးသည်။တစ်ချို့က သနားကြ၏။ တစ်ချို့က မသနား သူတို့ခိုင်းစေရန်အတွက် သိကြားမင်း ဖန်ဆင်းထားသည် အောင်မေ့ကြသလားမသိပေ။

image

တရွာလုံးနီးပါး သနားကြ၏။ ထိုအထဲတွင်မှ ရွာ၏ ဦးဆောင်ဦးရွက် နာယက ဦးဘမှာ နီတွတ် အပေါ် အများတကာ ထက်ပို၍ သံယောဇဉ် ကြီးရှာ၏။နီတွတ်ကို တင့်တောင်းတင့်တယ် ဖြစ်စေချင်လေသည်။နီတွတ်နောင်ရေးအတွက်စိတ်မအေးရှာ နောင် နီတွတ် မလုပ်နိုင် မကိုင်နိုင် အဖြစ်တွင် စားရမဲ့ သောက်ရမဲ့ ဖြစ်မည်ကို အလွန်စိုးရိမ်ရှာလေသည်။ မတော်လို့ အိမ်ထောင်ရက်သားကြလျှင် ဆုတ်ဆုတ်ကိုင်ကိုင် အလုပ်အကိုင်နှင့် အိမ်နှင့်ယာနှင့် ဖြစ်စေချင်သည်။ဒါကြောင့် နီတွတ်ကို အကြိုးအကြောင်း ရှင်းကာ ဆုံးမလေ့ ရှိသည်။ နီတွတ်ကား နားမလည် ။

တစ်ခါတွင် ဦးဘ မှ နီတွတ်ကို ခေါ်ကာ ဆုံးမလေသည်။
" နီတွတ် မင်း ရှေ့ကို ဘာလုပ်မယ် စဉ်းစား ထားသလဲ"
"ဘာကိုပြောတာလဲ ဘကြီး "
" ရှေ့လျှောက် မင်းတိုးတက်ရာတိုးတက်ကြောင်း ကို ပြောတာဟ "
" သြော် ဒါလား မနက်ဖြန် ကြီးတော်သေးအိမ်မှာ ထင်းခွဲ ရမလေဗျာ ဦးကြီးသာ အိမ်ကလည်း ထင်းခွဲသူ မရှိလို့ လာပါအုံး တဲ့ "
" မင်း ဒါပဲ စဉ်းစားထားလား နီတွတ်ရာ ကျန်တာမစဉ်းစားတော့ဘူးလား "
" ဘာတွေ စဉ်းစား ရမှာလဲ ဘကြီး "
" မင်း အနာဂတ် အတွက် မစဉ်းစားတော့ဘူးလား "
" အနာဂတ် ဆိုတာ ဘာလည်း ကျွန်တော် နားမလည်ဘူး ဘကြီး "
" ဒီမယ် နီတွတ် နောက်ဆို မင်း အိမ်ထောင် ရက်သားကြမယ် သားသမီးတွေ ရမယ် ဒါအတွက် အာမခံချက်ရှိအောင် စီးပွားရေးတောင့်တင်းအောင် လုပ်ထားရမယ်ကွ "

ထိုအခါ နီတွတ် မှာ ခေါင်းချာချာလည်လေသည်။ ဘာမှနားမလည် ။ ဘာသာခြားစကား နားထောင်နေရသလို မျက်လုံးလေး ကလည်ကလည် နှင့်
" ဘကြီးရယ် ကျွန်တော် အဲ့တာတွေ ဘာမှ မသိဘူးဗျ ကျွန်တော်သိတာက မနက်လင်းရင် ရွာသားတွေ ထင်းခွဲခိုင်းရင် ခွဲပေးမယ် ရေခပ် နွားစာ ကျွေးခိုင်းတာ လုပ်ပေးမယ် ကျွေးတာ စားမယ် ပေးတာယူမယ် ဒါပဲ သိပါတယ်ဗျာ။ နောက်တစ်ရက်လည်း နောက်တစ်ရက် အလိုက်သွားမယ်လေ ဗျာ "
" နီတွတ် မင်းဒီအတိုင်း မနေဘူးကွ အသက်ဆိုတာ တဖြည်းဖြည်း ကြီးလာ တာ အဲဒီအခါမှာ အားကိုးအားထား သားထောက် သမီးခံ ရှိရတယ် လုပ်ငန်း အတည်တကျ စီးပွားရေးကလည်း အာမခံချက် ရှိရတယ် ဒါမှ လူ့လောကမှာ နေရကြိုးနပ်တယ်လို့ ဆိုရမယ် "
ဟု ဘကြီးဘ က အရှည်ကြီး ရှင်းပြလေသည်။

image

" ဘကြီး စီးပွားရေး အာမခံချက် နေရကြိုး နပ်တာတို့ ဆိုတာ ဘာတွေလည်းဗျာ အဲဒါတွေ ကျွန်တော် နားမလည်ဘူး ရလည်းမရချင်ဘူး လက်ရှိ ကျွန်တော်လုပ်ရမယ့် လုပ်ငန်းကိုပဲ စိတ်ဝင်စားတယ် ကျန်တာတွေ ကျွန်တော် စိတ်မဝင်စားဘူး ။ နီတွတ် ဟာ နီတွတ်ပဲ ဖြစ်ချင်တယ် ။ ကျန်တာ ဘာမှ မဖြစ်ချင်ဘူး "

နီတွတ် ကိုကြည့်ကာ ဘကြီးဘ သက်ပြင်း အကြိမ်ကြိမ် ချမိပေသည်။ဘကြီး ဘ ကသာ ကြားထဲကနေ စိတ်မချမ်းသာ ဖြစ်ရသည် နီတွတ်မှာ ကား လူလောက၏ အဘိဓမ္မာများကိုလည်း မသိ တွေးလည်း မတွေး စိတ်လည်းမဝင်စား သူလုပ်ရမည့် လုပ်ငန်းကို ရှုံးတယ် မြတ်တယ် စိတ်မဝင်စား လုပ်ရိုးလုပ်စဉ် မှတ်ခါ နေ့စဉ် လုပ်လျှက် ရှိလေတော့သည် ။

နီတွတ်ကလေးမှာကား သူ့ဘဝနှင့်သူ ကျေနပ်မဆုံး ကြည်နူးမဆုံး နီတွတ် စိတ်ညစ်နေသည်ဟု ရွာသားများ တစ်ခါမှ မမြင်ဘူး သူ့တွင် စိတ်ညစ်ချိန်မရှိ အလုပ်ချိန်သာ ရှိလေသည် ။

လူ့လောကတွင် မှီတင်းနေထိုင်ကြသော လူသားအားလုံးတွင် များစွာသော လူများသည်ကား လောဘ ဒေါသ မောဟ တရား များနှင့် ပြည့်လျှက်ရှိကြပေ၏ ။ ထိုအထဲတွင် ကြီးကြီး ငယ်ငယ် ရွယ်ရွယ် လတ်လတ် လည်း အပါအဝင် ဖြစ်လေသည်။များများ ပစ္စည်း ရှိသူများက များများ လောဘ တက်ကာ များများ ဒုက္ခ ရောက်ကြရလေသည်။
ငွေဆိုသော ဆားငံ ရေ ကို သောက်လေသောက်လေ ငတ်မပြေ ဖြစ်ကြရလေသည်။ ငွေတွင်း ဝင်္ကဘာထဲသို့ ဝင်မိကာပြန်မထွက်နိုင်ပဲ လောကထဲမှ ထွက်ခွားသွားသူများမှာ မနည်းလှပေ ။ ကြောက်စရာ ကောင်းလှပေစွ။
ကျွန်တော် လည်း ထိုကဲ့သို့ပင် စီးပွားရေး ကိစ္စ များနှင့် လုံးပန်းနေရသည်။ စားဝတ်နေရေး အများနည်းတူ တန်းတူ ညီမျှရ ရှိရေး အများတူ အဆင့်လေးတစ်ဆင့် ရရေးကို ကြိုးစားရသဖြင့် ပင်ပန်းလှပေသည် ။
အခြားသူတို့က အဆင့်ဆင့်ကို ခုံပျံ ကျော်လွားကာ ရောက်ရှိသွားကြသည်။ ကျွန်တော်မှာ ကား တဖြည်းဖြည်းနှင့် လိပ်သွား သွားနေရသည် ။ အခြားသူတွေ ကား ဆိုင်ကယ် နှင့် သွားချိန်တွင် လှည်းကြမ်း စီးကာ အမှီလိုက်ရသလို ရှိလှသည်။

image

ရွာရှိ နီတွတ် ကလေးလို နေလိုက်ချင်သည် ။ နီတွတ်မှာကား အပူအပင်မရှိ သောက အေးလှ၏။
လောဘ မရှိ ၍ ဘာဒုက္ခ မှ မရှိ ငတ်မှာလည်း မပူ ပြတ်မှာလည်း မပူ မဝတ်ရမှာလည်းမပူ ပေ။ နီတွတ် ကလေးလို လောဘ နည်းသော သောက နည်းသော ဒေါသ နည်းသော သူကလေး ခဏလောက် ဖြစ်လိုက်ရလျှင် မည်သို့ ကောင်းမည်နည်း ။ မည်မျှ စိတ်ချမ်းသာ လိုက်မည် နည်း ။ ချမ်းသာလှပေစွ နီတွတ် ဘဝ ။

@ lwanwai
MSG . 045
photo . FB image

H2
H3
H4
3 columns
2 columns
1 column
Join the conversation now