Starting life or atrip (No.3)

ထိုင်းနိုင်ငံနယ်နမိတ်အတွင်းရှိ ညို့မှိုင်းအုပ်ဆိုင်းနေသော တောင်တန်းများ ပတ်ကာဝိုင်း၍ လူသူမနီးတဲ့ တောမြိုင်ကြီးထဲတွင် ဘန်ကောက်သို့ ခြေလျှင်ခရီးဖြင့်ထွက်ခွာလာကြသော ကျနော်တို့အဖွဲ့မှာ အသွားမတော်တစ်လှမ်း အစားမတော် တစ်လုပ်ဆိုသလို တောထဲမှာ သွားရင်းလာရင်းနဲ့ အစားတစ်လုပ်ကြောင့် ဒုက္ခရောက်ရတော့မည့်အဖြစ်ဆိုးနဲ့ ကြုံတွေ့နေသော သားအမိနှစ်ယောက်ရဲ့အဖြစ်ကိုကြည့်ပြီး များစွာစိတ်မကောင်းဖြစ်မိကြပာသည်

တန်ဖိုးနည်းသည်ဖြစ်စေ တန်ဖိုးများသည်ဖြစ်စေ ပိုင်ရှင်မသိပဲ သူတစ်ပါးပစ္စည်းအား ယူထားမိပါက ထိုသူသည် သူခိုးဖြစ်သည်

သူတစ်ပါးစိုက်ပျိုးထားသော သင်္ဘောသီးတစ်လုံးအားခူးယူမိ၍ ပြန်လျော်ပေးရသော လျော်ကြေးမှာ......?

ပ+ဒု မဖက်ရသေးသော စာဖက်ပရိတ်သက်များ

အောက်ဖော်ပြပါ လင့်ကနေဝင်ရောက် ဖက်ရှု့နိုင်ပါတယ်ခင်ဗျာ

https://steemit.com/introduceyourself/@kolinn/starting-life-or-atrip-no-2

လူစိမ်း "ကဲ ဒါဖြင့်ရင်လည်း ခွဲမယ်ဟေ့ ဓားယူလာခဲ့"

ပိုင်ရှင်ဖြစ်သူမှာ သင်္ဘောသီးအား ခွဲရန် ဓားယူပြီး ခွဲလိုက်သောအခါ..........

ကျနော်တို့တွေအားလုံး မင်သက်အံသြသွားကြသည်

သိသိကြီးနဲ့လုပ်မိတဲ့အပြစ်ထက် မသိလို့လုပ်မိသော ကောင်လေးရဲ့အပြစ်ကို ကံကြမ္မာက မျက်နှာသာပေးလိုက်တယ်ထင်သည်
သင်္ဘောသီးအထဲတွင် သင်္ဘောစေ့များမှာ ထူးထူးဆန်းဆန်း ဆယ်စေ့တောင်မပြည့်ပါ

ထိုကြောင့် လမ်းပြမှာ သူ့မှာပါသော ထိုင်းဘတ်ငွေဖြင့် လုံလုံငှငှနဲ့ လျော်ကြေးကို ပေးနိုင်ခဲ့လို့ သားမိနှစ်ယောက်နဲ့အတူ ကျနော်တို့ တစ်ဖွဲ့လုံးမှာ အရမ်းကိုပျော်ခဲ့ရသည် နောက်နောင်ကို သူများပစ္စည်းကို ပိုင်ရှင်မသိပဲ အပ်တိုတစ်ချောင်းတောင် မယူဖို့ကို ဒီဖြစ်ရပ်က ကျနော်တို့တစ်ဖွဲ့လုံးကို သင်ခန်းစာပေးလိုက်ပါသည်

             (ဖြစ်ရပ်မှန်) အပိုင်း သုံး

image
စိမ့်ကြီးမြိုင်ကြီး ရိပ်ကြီးတောတောင် တောအထပ်ထပ် တောင်အသွယ်သွယ်ကို ဖြတ်ကျော်၍ ကျနော်တို့အဖွဲ့တွေ အားကျိုးမာန်တက်ဖြင့် ခရီးအပြင်းနှင်လာခဲ့ကြရာ ဘန်ကောက်သို့ရောက်ရန် နောက်ဆုံးခံတပ်ဖြစ်သော မငိုတောင်နဲ့ ဖင်လျှောတောင် တောင်ခြေကို ရောက်လို့လာပါပြီ ဘန်ကောက်သို့ရောက်ရန် မျှော့်လင့်ချက်များပြည့်တော့ပါမည်....

လမ်းပြ "ကဲ အဖွဲ့သားတွေ ငါတို့အခု မငိုတောင်ခြေကိုရောက်ပြီ တောင်ပေါ်မတက်ခင် ခဏအနားယူကြပါ မကြာခင်မှာ မင်းတို့တွေ ဘန်ကောက်ကို ရောက်ကြတော့မှာပါ ဒီတော့ အမျိုးသမီးဖြစ်သူတွေ သေချာ နားထောင်ကြ အခုတက်မဲ့တောင်ဟာ အရမ်းကိုခက်ခက်ခဲခဲနဲ့ တက်ရမှာဖြစ်တယ် အဲ့တော့ မလိုအပ်တဲ့ ပစ္စည်းများကို ပင်ပန်းခံပြီးမသယ်ကြပါနဲ့ ဒီနေရာမှာတင် ထားခဲ့ကြ ယောင်္ကျားလေးတွေလည်း ပစ္စည်းများကို ကိုယ်မနိုင်ဘူးထင်ရင် တစ်ခါတည်းထားခဲ့ကြပါ နောက်တော့မှ တောင်ပေါ်တက်တဲ့အခါ မနိုင်တော့လို့ ပစ္စည်းတွေပြုတ်ပျက်ကျပြီး အောက်လူကိုတိုက်မိခိုက်မိရင် ဒုက္ခတွေများကုန်မယ်ဝေ့"

အဖွဲ့သားအားလုံးမှာ မလိုအပ်တဲ့ပစ္စည်းများကိုဖယ်ကာ လိုအပ်သည့်ပစ္စည်းများကိုသာယူကြတော့သည်

လမ်းပြ "မလိုတဲ့ပစ္စည်းတွေကို ဒီတိုင်းထားခဲ့လို့မရဘူး အကုန်လုံးကိုမီးရှို့ပြီးတော့ ခြေရာလက်ရာဖျောက်ခဲ့ကြပါ နောက်ထပ်ဘန်ကောက်တက်လာမယ့်လူတွေအတွက် အန္တရယ်ရှိနိုင်တယ် ဘာဖြစ်လို့လဲဆိုရင် ငါတို့အခုသွားတဲ့လမ်းကြောင်းတွေကို အဖမ်းစီးသမားတွေ ခြေရာခံလို့မဖြစ်ဘူး မတော်လို့များ ဒီပစ္စည်းတွေကို တွေ့သွားခဲ့ရင် ငါတို့နောက်ထပ်အဖွဲ့သစ်တွေ လမ်းအသစ်ထပ်ရှာရလိမ့်မယ်ဝေ့"

ဒီလိုနဲ့ ကျနော်တို့အဖွဲ့တွေ မလိုအပ်တဲ့ပစ္စည်းများကို မီးရှို့ဖျက်စီးကြပြီး တစ်အောက်တစ်နား ခဏအနားယူပြီတော့ တောင်ပေါ်သို့ တက်ခဲ့ကြသည်
image
တောင်ပေါ်သို့ စတက်လာသည့် လမ်းများမှာ မြေမှုန့်မြေသားလမ်းများမဟုတ်ပါ ဂဝံကျောက်သားလမ်းများဖြစ်သည် အခန့်မသင့်မတော်၍ ပြုတ်ပျက်ကျသွားပါက အမေနဲ့ရွာပါ မလွမ်းနိုင်ပဲဖြစ်သွားမည် သို့ပေမယ့် ဂဝံကျောက်သားလမ်းများဖြစ်သည့်အတွက် တောင်တက်ရာမှာအားသာချက်တစ်ခုတော့ရှိသည် ကျောက်တုံးကျောက်ခဲများကို ခြေကန်ပြီးတက်ရသည့်အတွက် တော်တန်ရုံနဲ့ ခြေချော်လဲကျမသွားနိုင်ပါ.....
တောင်ပေါ်သို့တက်ရင်းတက်ရင်းနဲ့ တစ်ဖြည်းဖြည်းနဲ့မောလာသည် တောင်ကလည်း ပို၍မက်လာသည် တစ်ဖြည်းဖြည်းနဲ့ တက်လေမက်လေဖြစ်လာသည် တောင်ရဲ့သုံးပုံတစ်စ်ပုံစာလောက်ရောက်လာသည့်အခါ ရှေ့မှာမြေကြီးမြေသားလမ်းများဖြစ်၍ တက်လာရတာ ထင်သလောက်မလွယ်တော့ပါ....
ဆောင်းတွင်းပိုင်းဖြစ်သည့်အတွက် တောင်ပေါ်တွင် နှင်းတွေကျသောကြောင့် မြေကြီးများမှာ စိုဆွတ်နေပြီး တောင်ကလည်း အရမ်းမက်လာအခါ ရှေ့သို့တက်မရပြုမရနဲ့ လမ်းတွေမှာချော်နေသည် ချော်မှာဆိုး၍ ဖိနပ်ချွတ်ပြီးတက်၍လည်းမရပါ ပိုပြီးတော့ချော်ပါသည် ရှေ့ကိုဆယ်လှမ်း လှမ်းလို့ သုံးလောက်စာလောက်သာ ခရီးတွင်သည် အဖွဲ့သားတွေလည်း အရမ်းကိုပင်ပန်းနေကြသည် မောလို့နားမည်ဆိုပါကလည်း ထိုင်၍နားလို့မရပါ မက်တက်ရပ်လျက်နားရပါသည် ထိုင်ပြီးနားလျှင်ဖင်လျောကျသွားနိုင်သည် တောင်ပေါ်သို့ ကြာကြာတက်လာလေ လမ်းတွေက ဆိုးသထက်ဆိုးလာ အမျိုးသမီးများမှာ တောင်ပေါ်သို့ လမ်းတစ်ဝက်မရောက်သေးခင်မှာ ခြေကုန် လက်ပန်းကျကုန်သည် တစ်ချို့တွေလည်း ညည်းညူကုန်ကြသည် ကျနော်ဆိုရင် တစ်ကီလိုလောက်သာ လေးသည့် အထုတ်သေးသေးလေးကို ပိုးထားတာ ကြာလာတော့ ခရီးပန်းသည့် ဒဏ်ကြောင့် ထိုအထုပ်သေးသေးလေးမှာ ဆယ်ကီလိုမက လေးလာသလို ခံစားရသည်
image
"ဟာ ဟေ ဟေ့ ဒီမှာ လုပ်ကြပါဦးဟေ့"

အဒေါ်ကြီးတစ်ယောက်မှာ မူးမေ့လဲသွားခြင်းဖြစ်သည်

"ဟေ့ အောက်ကိုပြုတ်ကျသွားလိမ့်မယ် ဝိုင်းပြီးထိန်းထားကြပါဟ"

တောင်ပေါ်မရောက်သေးခင် လမ်းတစ်ချို့တစ်ဝက်မှာတင် အဒေါ်ကြီးတစ်ယောက်မှာ အသက်ရွယ်ကြီးပြီမို့ နှလုံးအမောဖောက်သွားတာထင်သည် သတိမေ့လဲကျသွားသည်

အဒေါ်ကြီး ပြန်သတိရလာစေရန် အရေးပေါ် အသက်ကယ်နည်းနဲ့ ဝိုင်းပြီးတော့ကုသကြသည် နာရီဝက်လောက်အကြာမှာ အဒေါ်ကြီး သတိပြန်လည်လာသည်

လမ်းပြ "ဟေ့ ဟိုက အားကောင်းမောင်းသန် ယောင်္ကျားလေးနှစ်ယောက် မင်းတို့အထုတ်တွေကို တစ်ခြားလူကိုပေးပြီးတော့ ဒီအစ်မကြီးကို လာပြီးတော့ ဝိုင်းထိန်းပြီးတွဲခေါ်ခဲ့ကြဝေ့"
တောင်ပေါ်တွင် နားမရပြုမရတဲ့ အခြေနေမို့ ကျနော်တို့တွေ အဒေါ်ကြီးအား တွဲခေါ်ပြီး တောင်ပေါ်သို့ တစ်ဖြည်းဖြည်းတက်လာကြသည်
image
တိမ်တွေညိုမဲပြီး မိုးတွေအုပ်ဆိုင်းလာသည် လေးပြင်းတွေလည်း တစ်အားတိုက်လာသည်
ကြည့်ရတာ ဆောင်းတွင်းမှာ မိုးရွာမလား မသိပါ...
(ထိုင်းနိုင်ငံ ရာသီဥတုက အစိုးမရပါ နွေခေါင်ခေါင်မှာ မိုးက ရွာချင်ရင် ရွာချလိုက်ပါတယ် ဆောင်းတွင်းပိုင်းမှာလည်း ပူချင်ပူပါတယ်)
"ဝေါ ဝေါ ဝေါ... ရွှီး ရွှီး ရွှီးး"
ဟော! ပြောလို့မဆုံးသေးပါ မိုးကချက်ချင်းဆိုသလို လေပြင်းနဲ့အတူ ရွာချလိုက်ပါတော့သည်

လမ်းပြ "အဖွဲ့သားတွေ အားလုံး သတိထားတက်ကြဝေ့ မိုးရွာတာ အရမ်းကြမ်းတယ် လမ်းတွေအရမ်းချော်နေတယ် သတိထားတက်ကြဝေ့"

လမ်းပြဖြစ်သူမှာ အနောက်သို့လှည့်ပြီး အောက်ငုံ့ပြီးတော့ အဖွဲ့သားတွေကို သတိပေးနေရပေမယ့် သူကိုယ်တိုင်လည်း လေတိုက်ရင်လွင့်သွားမတက်နဲ့ ယိုင်တိယိုင်တိုင်နဲ့ တောင်ပေါ်သို့တက်နေရသည်

"အားးး"
အမျိုးသမီးတစ်ယောက် ခြေချော်ကျသွားသည်

"ဟာာ ဟိုမှာ တစ်ယာက် ချော်ကျသွားပြီဟေ့ ဆွဲ ဆွဲ ဝိုင်းဆွဲကြဟေ့"

တော်သေးသည် အပေါ်ကနေ ကျလာခြင်းကြောင့် အောက်ဆုံးကလူက မိမိရရလှမ်း၍ ဆွဲထားနိုင်လိုက်သည်

"အမလေး အဟီးး တောင်ပေါ်ကို မရောက်နိုင်သေးဘူးရှင် မောကလည်းမော ချမ်းကလည်းချမ်း မိုးတွေကလည်းရွာ ကြွက်စုပ်ဖြစ်ပြီးတော့ ဒီမှာသေတော့မယ်ရှင် အဟီး ဟီးး"

လမ်းပြ "အားတင်းထားကြ တောင်ပေါ်ရောင်ခါနီးပြီ တောင်ပေါ်ရောက်တာနဲ့ မင်းတို့တွေအားလုံး ဘန်ကောက်ရောက်ပြီဝေ့"
image
ဒီလိုနဲ့ ကျနော်တို့တွေ ခက်ခက်ခဲခဲနဲ့ တက်လာခဲ့ကြရာ မငိုတောင်ပေါ်သို့ ရောက်လာခဲ့ရြသည် မိုးလည်းချုပ်တော့မှာ ဖြစ်တဲ့အတွက် တောင်ပေါ်မှာပဲ ကျနော်တို့တွေ တစ်ညတာ အနားယူကြသည်

တောင်ပေါ်သို့ရောက်သည့်အခါ ကားလမ်းနဲ့ နီးလို့ဖြစ်မည် ကားသံတွေကြားနေရသည် တောင်ပေါ်ကနေလှမ်းကြည့်လိုက်တဲ့အခါ မှုန်ရီဝိုးတစ်ဝါး မီးရောင်မှိန်ပြပြနဲ့ ရွာတွေလည်းလှမ်းမြင်နေရပါသည်

မနက်မိုးသောက်အာရုဏ် တစ်ဖန်လင်းလာခဲ့ပြန်ပါပြီ ချမ်းအေးလွန်းတဲ့ ဆောင်းရာသီမှာ မိုးဒဏ်လေဒဏ်တွေနဲ့အတူ ခက်ခက်ခဲခဲနဲ့ မငိုတောင်ပေါ်သို့တက်လာခဲ့ကြရာ အဖွဲ့သားတွေ တစ်ချို့တစ်ဝက် ဖျားတဲ့လူကဖျား နာတဲ့လူကနာ ထိုအထဲတွင် အမျိုးသမီးများ အများဆုံးပါဝင်သည်

လမ်းပြ "အဖွဲ့သားတွေ အားလုံးသေချာ နားထောင်ကြပါ ဟိုးးမှာ လှမ်းမြင်နေရတဲ့ရွာကို တွေတယ်မလားဝေ့ အေးး အဲ့ဒီရွာရဲ့ တဖက်မှာ မင်းတို့တွေကို ဘန်ကောက်ခေါ်သွားမယ့် ကားစောင့်နေပြီ နောက်နေ့မနက်စောစော လေးနာရီမတိုင်ခင် ကားဆီကိုအရောက်သွားရမှာဖြစ်တဲ့အတွက် ရွာတွေနဲ့ဝေးဝေးကနေ ရှောင်ကွင်းပြီးမသွားတော့ဘူး ရွာအနီးစပ်ကနေပြီးတော့ဘဲ ဖြတ်သွားကြမယ် ငါတို့အခု ဒီတောင်ပေါ်ကနေ ညနေ နေဝင်တာနဲ့ ဆင်းကြမယ် တစ်ညလုံး လမ်းထပ်လျှောက်ရမှာဖြစ်တဲ့အတွက် အခုဒီမနက်ပိုင်းမှာ အားမွေးထားကြပါ ညမိုးချုပ်လို့တောင်အောက်ရောက်ပြီဆိုတာနဲ့ ခရီးအပြင်းနှင်ရမယ် စကားသံတွေ လုံးဝမထွက်ကြပါနဲ့ ရွာတွေနဲ့နီးလာတဲ့အတွက် အန္တရယ်များပါတယ် မတော်လို့များ အခြားလူတစ်ဦးတစ်ယောက်က ကြားသွားလို့ စစ်တပ်(သို့)ပုလိပ်နဲ့လှမ်းတိုင်ရင် မင်းတို့တွေအကုန်လုံး မျှော်လင့်ချက်တွေနဲ့ ကြိုးစားပြီးလာခဲ့သမျှဟာ နောက်ထပ်တစ်ဖန် အသစ်ကနေပြန်စရလိမ့်မယ် ပြီးတော့ ဓာတ်မီးတွေကို ညဘက်လုံးဝမသုံးရတော့ဘူး ယောင်္ကျားလေးတွေကိုလည်း အထူးမှာချင်တာကတော့ တောင်အောက်ကို ဆင်းတဲ့အခါမှာ အမျိုးသမီးတွေနဲ့ ကလေးတွေကို ကူညီပြီး တွဲခေါ်ဆင်းကြပါ ညအမှောင်ဖြစ်တဲ့အတွက် မမြင်မစမ်းနဲ့ လိမ့်ကျကုန်ရင် သေကုန်ကြလိမ့်မယ် နောက်ထပ် ထပ်ပြီးသတိပေးပါမယ် ရွာတွေနဲ့အရမ်းနီးကပ်လာတဲ့အတွက် တောင်ပေါ်ကနေဆင်းတဲ့အခါ ဘာအကြောင်းကြောင်းနဲ့မှ စကားသံတွေ အော်သံတွေကိုလည်း မကြားချင်ဘူး အကယ်၍ မတော်တစ်ဆ တစ်ခုခုဖြစ်ခဲ့ရင် ကိုယ်ဖြစ်ကိုယ်ခံပါ လူအများနဲ့ဖြစ်တဲ့အတွက် ငါးခုတ်မတစ်ကောင်ကြောင့်ဆိုသလို ဒီအချိန်မှာ တစ်လှေလုံးအပုတ်မခံနိုင်ဘူး မင်းတို့တွေ ကားပေါ်ရောက်ရင် ငါ့တာဝန်လည်းပြီးပြီ ပြောတာကို နားလည်ကြတယ်မလားဝေ့"

လမ်းပြပြောသောစကားကြောင့် အဖွဲ့သားတွေအနေနဲ့ဘယ်လိုလည်းတော့ကျနော်မသိပါ ကျနော့်ရင်ထဲမှာတော့ ဘန်ကောက်ရောက်တော့မယ်ဆိုတဲ့အသိနဲ့ ခရီးတစ်လျှောက်လုံး ပင်ပန်းလာခဲ့သမျှ အခုတော့ အမောပြေသွားပါပြီ နောက်ထပ် ရှေ့ဆက်ရမယ့်ခရီးကိုလည်း ဖြတ်သန်းဖို့အတွက် အသင့်ရှိနေပါပြီ
image
ကျနော်တို့တွေ ညနေ နေဝင်တာနဲ့ တောင်အောက်ကို စဆင်းကြပါသည် တောင်အဆင်းမှာ ချော်ချက်ပြီးလိမ့်ကျသွားမှာစိုးသဖြင့် ပါလာတဲ့ အဝတ်တွေကို ကြိုးပုံစံလုပ်ပြီး တစ်ယောက်နဲ့တစ်ယောက် လက်မှာချည်ပြီးတော့ တောင်အောက်ကိုဆင်းကျသည် တောင်ကအရမ်းကိုမက်လွန်း၍ မမြင်မစမ်းနဲ့ လမ်းလျှောက်ပြီး ဆင်းလို့မရပါ ဖင်တစ်ရွတ်တိုက်ပြီးဆင်းကြရသည် မိန်းကလေးတွေတော့ ဘယ်လိုနေမလဲမသိ လမ်းကကြမ်းတော့ ဖင်တွေလည်း စုတ်ပြတ်သပ်ကုန်ပြီ ဖင်တွေနာပေမယ့်လည်း ဘယ်သူကမှ နာတယ်ဆိုပြီး မအော်ရဲ မပြောရဲကြပေ လမ်းပြမှာထားသောစကားကြောင့် မည်သူမျှ အီးတောင်ကျယ်ကျယ်မပေါက်ရဲကြပေ တစ်ချို့တွေဆိုရင် အဆင်းမှာ အရှိန်မထိန်းနိုင်ဘဲ ခြေခေါက် လက်ခေါက်ကြပြီးတော့ ခေါင်းကွဲတဲ့သူတွေလည်းကွဲကြသည်
image
ဘာတွေဘယ်လိုပဲဖြစ်ဖြစ် နာရင်ကြိတ်ပြီးခံရသည် နာလို့အော်ချင်ရင်လည်း ပါးစပ်မှာ အဝတ်ဆို့ထားရပါသည် ဒီလိုနဲ့ပဲ ည တစ်ဆယ့်တစ်နာရီထိုးလောက်တွင် ကျနော်တို့အဖွဲ့တွေ တောင်အောက်သို့ ရောက်လာကြသည် တောင်အောက်ရောက်သည်နှင့် တစ်ရဆက်တည်း ရှေ့သို့ခရီးအပြင်းနှင်ကြသည် ရွာတွေနဲ့နီးလာလို့ဖြစ်မည် ကျနော်တို့တွေ ပြောင်းဖူးခင်းတောထဲကနေဖြတ်သွားကြသည် တစ်ဖြည်းဖြည်းနဲ့ ရွာနီးစပ်ချုပ်အထိရောက်လာသည်

လမ်းပြ "ရှူး တိုးတိုး အားလုံး ခဏရပ်ကြ အခု ဘယ်အချိန်ရှိပြီလည်းဝေ့"

လမ်းပြမှာ တွတ်တီတွတ်တီနဲ့ လေသံတိုးတိုးဖြင့် နာရီလှမ်းမေးသည် အချိန်က သန်းခေါင်ကျော် ညနှစ်နာရီကျော် ရှိပါပြီ

"နှစ်နာရီကျော်ပြီ မောင်ကျော်"

လမ်းပြ "အေးး အချိန်မနည်းတော့ဘူး ငါတို့တွေ ကားဆီကို အမြန်အရောက်သွားရတော့မယ် ရှူး ငြိမ်ငြိမ်လေး မင်းတို့တွေ ဒီမှာ ခဏစောင့်နေကြ ငါပြန်လာခဲ့မယ် "

လမ်းပြမှာကျနော်တို့ကို ပြောင်းဖူးခင်း တောစပ်နားတွင် ထားခဲ့ပြီးတော့ ဘယ်ကိုထွက်သွားမှန်း မသိပါ....

လမ်းပြပြန်အလာကို ကျနော်တို့တွေ ပြောင်းတောထဲတွင် ထိုင်စောင့်နေကြသည် နာရီဝက်လောက်အကြာတွင် လမ်းပြပြန်ရောက်လာသည်

လမ်းပြ "ရှူး တိုးတိုး အားလုံးငြိမ်ငြိမ်နားထောင်ကြ အခု အချိန်မနည်းတော့ဘူး ကားသမားလည်း ငါတို့ကိုမျှော်နေလောက်ပြီ ခုနက ငါရွာနားသွားပြီး အခြေနေသွားကြည့်တာ အခြေနေကောင်းတယ် ငါတို့မှာ အချိန်လည်း သိပ်မရှိတော့တဲ့အတွက် ရွားနားကနေပဲ ဖြတ်လျှောက်ကြမယ် တိတ်တိတ်ဆိတ်ဆိတ်နဲ့ အသံလုံးဝမထွက်စေဘဲ ခပ်မြန်မြန်လေး လမ်းလျှောက်ရမယ် ရွာရဲ့အရှေ့ဖက် ကားလမ်းမရောက်ခင် လယ်ကွင်းထဲမှာ ကားစောင့်နေတယ် သွားကြမယ်ဝေ့"

ကျနော်တို့တွေ လမ်းပြနောက်ကနေ ထပ်ချပ်မခွာ အမှီလိုက်ပြီးတော့ ခပ်သုပ်သုပ်လေး လမ်းလျှောက်ကြသည် ရွာနားကနေသွားကြသည့်အတွက် ခရီးကတော်တော်လေးပောက်သွားသည် ရွာရဲ့အရှေ့ဖက်ကို ကျနော်တို့အဖွဲ့တွေ ရောက်လာကြသည် လယ်ကွင်းတွေထပ်ဖြတ်ရသေးသည် မိုးလည်းလင်းခါနီးပြီ နာရီကြည့်လိုက်တော့ မနက်လေးနာရီထိုးပါပြီ အရှေ့မှာ ခြောက်ဘီးကားတစ်စီးရပ်ထားတော့တွေ့ပြီ ကားမှာ ပြောင်းဖူးရိုးတွေကိုတိုက်တဲ့ ကုန်ကားတစ်စီးဖြစ်သည်
image
လမ်းပြ "ကဲ ကဲ အားလုံးကားပေါ် မြန်မြန်လေးတက်ကြဝေ့"

"
"
"
"
အပိုင်း (၄)

ဆက်လျက်အားပေးကြပါရန်...

ဝါသနာအရ ကိုယ်တိုင်ရေး ကိုယ်တွေ့ဖြစ်ရပ်မှန် ဖြစ်ပါသည် မယုံလျှင် ပုံပြင်လို့သာ မှတ်လိုက်ပါ

စာရေးဆရာမဟုတ်သည့်အတွက်ကြောင့် အရေးသားညံ့ဖျင်းမှု့များ ရှိခဲ့ပါက ကျေးဇူးပြု၍ သည်းခံပြီးဖက်ပေးကြပါခင်ဗျာ

ဆက်လက်ကြိုးစား အားထုတ်ရေးသားသွားပါမည်

အခုလို steemitတွင် ဝင်ရောက်ရေးသားခွင့်ရသည့်အတွက် ကျေးဇူးတင်ထိုက်သူများနှင့်တစ်ကွ steemitအဖွဲ့သားများ အားလုံးကို ကျေးဇူးတင်ရှိပါသည်။

Photos: Google Images Credit

Writer @KoLinn
MSC - 160

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center