တစ်နေ့ထက်တစ်နေ့ စိုက်ပျိုးရေး(ဥယာဉ်ခြံ)ထဲမှာ အလုပ်လုပ်ရတာက နည်းနည်း အိပ်လိုက်စားလိုက်တာက များများဆိုတော့ ဒီအလုပ်ကို လုပ်ကိုင်ရတာ တစ်ဖြည်းဖြည်းနဲ့ ငြီးငွေ့လို့လာသည်၊ ဒီအလုပ်ကို ဆက်မလုပ်ချင်တော့လို့ ဘိုးတော်ကြီးကို ပြောရမှာလည်း အရမ်းအားနာတယ်၊ သူနဲ့ကိုယ်နဲ့က အလုပ်ရှင်နဲ့ အလုပ်သမားဆိုပေမယ့် မိဘနဲ့သားသမီးသဖွယ်လို ဆက်ဆံကြသည်၊ ကိုယ့်အပေါ်မှာလည်း အလုပ်သမားဘဲဆိုပြီးတော့ နှိမ့်ချဆက်ဆံခြင်းမျိုးလည်း မရှိပါ။
ကျနော် ဆုံးဖြတ်ချက်ကို ရဲရဲဝံဝံ့ချလိုက်သည်၊ ဒီတစ်ခါ ဘိုးတော်ကြီးနဲ့ ထိပ်တိုက်တွေ့တဲ့အခါ ခြံထဲမှာ ဆက်မလုပ်ချင်တော့တဲ့အကြောင်းကို ဖွင့်ပြောပြလိုက်တော့မည်။
ဒီလိုနဲ့ ဘိုးတော်ကြီး ကျနော့်ကို အလုပ်ကိစ္စတစ်ခုနဲ့ ဖုန်းဆက်ခေါ်၍ ဘိုးတော်ကြီးဆီကို ရောက်တဲ့အခါမှာတော့....
"အဘ ကျနော် အလုပ်ထွက်တော့မယ်"
"ဟေ... အလုပ်ထွက်မယ် ဟုတ်လားး ဘာလို့ထွက်မှာတုန်းဟ"
"ဒီလိုပါ အဘ... ကျနော် မြဝတီရောက်နေတာ အခုဆို တစ်နှစ်ပြည့်တော့မယ်၊ အိမ်ကိုပြန်ချင်လို့ အလုပ်ထွက်တော့မလို့ပါ၊ ပြီးတော့လေ.. ဟို ဟိုလေ ခြံထဲမှာ အလုပ်လုပ်ရတာလည်း ငြီးငွေ့လာလို့ပါ၊ ငြီးငွေ့တယ်ဆိုတာက အလုပ်ပင်ပန်းလို့ မဟုတ်ပါဘူး ခြံထဲမှာက ကျနော်တစ်ယောက်ထဲ နေရတာဆိုတော့ အဖော်မရှိ ဘာမရှိနဲ့ ပျင်းခြောက်ခြောက်ကြီးမို့ မလုပ်ချင်တော့လို့ပါ အဘ"
"ဟာကွာ... ကောင်လေးကလည်းကွာ.. ငါ့မှာတော့ ခြံထဲမှာ မင်းကို ယုံကြည်စိတ်ချရလို့ အားကိုးမယ် ကြံခါရှိသေး အခုတော့ အလုပ်ထွက်မယ်ပေါ့လေ၊ အိမ်ပြန်ချင်တယ်ဆိုရင်လည်း ပြန်လည်ပေါ့... ပြီးရင် ပြန်လာခဲ့လေကွာ၊ ဘာလဲ.. အဘပေးတဲ့ လစာနည်းလို့ အလုပ်ထွက်ချင်တာလား.ဒါဆိုလည်း လစာတိုးပေးမယ်လေကွာ"
"အဘပေးတဲ့ လစာနည်းလို့မဟုတ်ရပါဘူး အဘ၊ အဘပေးတဲ့လစာက ကျနော့်အတွက် အရမ်းကို အဆင်ပြေပါတယ်၊ ဒါပေမယ့်.."
"ဒါဆိုလည်း ဘာလို့ အလုပ်ထွက်မှာလည်းကွာ"
ဘိုးတော်ကြီးကတော့ ကျနော့်ကို အလုပ်မထွက်စေချင်လို့ ဘေးကျက်နံကျက်ဖြစ်အောင် ပြောနေပြီ၊ ကျနော်လည်း အလုပ်ထွက်ဖို့အတွက် ကြားလို့ကောင်းအောင် အိမ်ပြန်မယ် ပြောတာတောင် ပြန်လည်ပြီး ပြန်လာပါတဲ့၊ မဖြစ်ချေဘူး ဘိုးတော်ကြီးကို ထိရောက်တဲ့ စကားလုံးတွေနဲ့ ဂျင်းထည့်သုံးပြီးတော့ ပြောမှပဲ ရတော့မည်။
"ဒီလိုပါ အဘရယ်.. ခြံထဲမှာ ဟိုတစ်နေ့ညက ကျနော် သရဲခြောက်ခံရတယ်ဗျ (အဲ့တုန်းက တစ်ကယ်လည်း သရဲခြောက်ခံရပါသည်) သရဲခြောက်ခံရပြီးနောက်ပိုင်း ညညဆိုရင် တော်ရုံနဲ့ အိပ်လို့မပျော်တော့ဘူး၊ အိမ်မက်ဆိုးတွေလည်း ခဏခဏမက်တယ်၊ ပြီးတော့ အဖေနဲ့အမေ့ကိုလည်း အရမ်းသတိရတယ်၊ ရွာကိုလည်း အရမ်းပြန်ချင်တယ်၊ ရွာပြန်ပြီးရင် ပျော်သလောက်နေမယ်၊ ပြန်ပြီးရင်လည်း ကြာချင်သလောက်ကြာမှာဆိုတော့... ခြံထဲမှာက ကျနော်မရှိတော့ရင် စိုက်ပျိုးသီးနှံတွေက ပျက်စီးကုန်လိမ့်မယ်၊ အ့ာကြောင့် ကျနော် အလုပ်ထွက်သွားရင် အဘအနေနဲ့ နောက်ထပ် လူအသစ် ရှာချင်ရှာလို့ရအောင်လို့ ကျနော်အလုပ်ထွက်မယ်လို့ပြောတာပါ အဘ"
"အေးဘာကွာ ဘယ်တတ်နိုင်မလဲ တားမရတော့လည်း ထွက်ချင်လည်း ထွက်ပေါ့ကွာ... ကဲ ရော့ ဒီမှာ မင်းရဲ့ နောက်ဆုံး လုပ်ခလစာ၊ ပြီးတော့ အဘ ဘာခိုင်းခိုင်း ဖင်ပေါ့လက်ပေါ့နဲ့ အလုပ်ကြိုးစားတဲ့အတွက်... ဒါက ဘောက်စူးငွေ"
ဟူးး တော်ပါသေးတယ်၊ ပြောတာအဆင်ပြေသွားလို့ ကျနော့်အား အလုပ်ထွက်ခွင့်ပြုလေတော့သည်၊ လစာအပြင် ဘောက်စူးငွေပါပေးတော့ ပျော်လည်းပျော်သွားလေသည်။
"ဒါနဲ့ ကောင်လေး မင်း ဘယ်တော့ အိမ်ပြန်မလဲ အဘလိုက်ပို့ပေးမယ်"
"ခင်ဗျာ..."
သေစမ်း ကိုယ့်က သူ့ကို အလုပ်ထွက်လို့ကောင်းအောင် ပါးစပ်ထဲရှိရာ လျှောက်ပြောပစ်တာ... အခုတော့ အဘကိုယ်တိုင် ကျနော့်အိမ်ကို လိုက်ပို့ပေးမယ်တဲ့ဗျာ...
"ဟုတ်ကဲ့ ရပါတယ် အဘ၊ လိုက်ပို့မနေပါနဲ့တော့ အဘက အလုပ်အရမ်းများတော့ ဒုက္ခပေးသလို ဖြစ်နေပါ့မယ် ကျနော့်ဟာကျနော် ပြန်ပါ့မယ်"
"အေး အေး ဒါဆိုလည်း ဒီလိုလုပ် အဘကိုယ်တိုင် လိုက်မပို့တော့ဘူး ဂိတ်ထဲက အဘတစ်ပည့်ကားနဲ့ ပြန်လိုက်ပို့ခိုင်းမယ် မငြင်းရတော့ဘူးနော်"
တိန် အ့ာမှ သေရော.. ဘယ်လိုမှ ပြောမရတော့ဘူး တစ်ကယ် အိမ်ကိုပြန်ရတော့မယ်၊ မတတ်နိုင်ဘူး ကိုယ့်ရှူးကိုယ်ပြန်ပတ်တာပဲ၊ လိုက်မပို့ခိုင်းပါနဲ့လို့ ထပ်ငြင်းပြန်ရင် ရိုင်းရာကျပေအုံးမည်၊ မထူးတဲ့အဆုံး လက်ခံရပေတော့လေသည်၊ ဒီလိုနဲ့ ဂိတ်ထဲမှာရှိတဲ့ အဘတစ်ပည့် တစ်ဦးမှာ ကျနော့်အား အိမ်တိုင်ယာရောက် ကားနဲ့လိုက်၍ ပို့ပေးလေတော့သည်။
ဆက်လက်ရေးသွားပါအုံးမည်။
Steemit Myanmar မှ Admin များနဲ့တစ်ကွ အဖွဲ့သားများ အားလုံးကို ကျေးဇူးတင်ပါသည်။
MSC-160
Author @kolinn