I2Wan ပြောသော နေရေးနှင့် သေရေး ( Henry Aung )

henry Aung.jpg

မင်္ဂလာပါ။ ကျွန်တော့အနေဖြင့် steemit platform ပေါ်တွင် ရယ်မောစရာ၊ နည်းပညာ၊ စိတ်အား ထက်သန်စရာ ၊ တွေးခေါ် နိုင်စရာ အစရှိ သောဆောင်းပါးများကို မျှဝေလျက်ရှိရာ ကျွန်တော့ အသက်တာတွင် ကြုံတွေ့ခဲ့ရသော သင်ဆရာ ၊ ကြားဆရာ တယောက်ဖြစ်သည့် I2wan အကြောင်းအား ဖေါ်ပြပေးလိုက်ပါသည်။

I2wan ။ I2Wan ဟုဆိုလိုက်သည်နှင့် steemit platform ပေါ်တွင် ကျွန်တော်ရေးသားထားသော ဆောင်းပါး များဖတ်မိကြသူကတော့ သိကြပါလိမ့်မည်။ ကျွန်တော့ ဘဝအား ပြောင်းလည်း ပေးခဲ့သူ ကျွန်တော်၏ စိတ်ဓါတ်ခွန်အား များအား မြှင့်တင်ပေးခဲ့သူ ကိုးရီးယားလူမျိုး သင်တန်းဆရာတယောက်ဖြစ်ပါသည်။

ကျွန်တော် I2wan ၏ သင်တန်း တက်ရောက်နေစဉ်က တခုသော ညနေခင်းတွင် သူနှင့်အတူ လဖက်ရည် သောက်ထွက်ခဲ့ပါသည်။ လဖက်ရည်သောက်ရန် ဟု ဆိုသော်လည်း သူနှင့် စကားစမြည်းပြောရန်ဟုဆိုလျင်ပိုမှန်ပါသည်။ ကျွန်တော့ အနေဖြင့် တက်ကျမ်း စာပေတော်တော်များများကို ဖတ်ဘူးခဲ့သော်လည် အများအားဖြင့်တော့ ဖတ်ပြီးသွားလျင် မေ့သွားကြသည်ကသာများပါသည်။

သိသိသာသာ စိတ်ဓါတ်ခွန်အားတက်လာသည်၊ အတုယူ အားကျသည်ဟူ၍ မရှိခဲ့ပါ။ ကျွန်တော့အားနည်းချက်သာ ဖြစ်ပါလိမ့်မည် တက်ကျမ်းများ ဖတ်ရန်မသင့်ဟုဆိုလိုခြင်း မဟုတ်ပါ။ သို့သော် I2wan နှင့် ပြောဖြစ်ခဲ့သော စကားစမြည်းများကတော့ ကျွန်တော့ ရင်ထဲအထိ ထင်ကျန်နေဆဲဖြစ်ပါသည်။

သူသင်ပြခဲ့သော သူပြောပြခဲ့သော အကြောင်းအရာတို့မှာ ကျွန်တော့ နေ့စဉ် ဘဝများအတွက် အလွန်အသုံး ဝင်သောကြောင့် ဖြစ်ပါသည်။ ဘဝတွင် နေရေးနှင့်ပါတ်သက်၍ ဆင်းရဲခြင်း ၊ချမ်းသာ ခြင်း ၊ စိတ်ထားကောင်းစေရန် စသည်တို့အား ကျွန်တော်၏ ယခင်ဆောင်းပါးများတွင် ဖေါ်ပြပေးခဲ့ ပြီး ဖြစ်၍ ထပ်မံမဖေါ်ပြလိုတော့ပါ။

ကျွန်တော်တို့၏ နေ့စဉ် အသက်သာများတွင် ရုန်ကန်လှုပ်ရှားမှုများ ဖြင့် အသက်ဆက်နေကြသည်ဖြစ်ရာ နေတတ်စရာအတွက် သင်ယူစရာများပြားလှပါသည်။ သို့သော် ကျွန်တော်တို့ မေ့ထားကြသည်မှာ သေရေး ဖြစ်ပါသည်။

01.jpg

ထို့နေ့က လက်ဖက်ရည်သောက်ရင်း I2wan ကျွန်တော့အားမေးသော မေးခွန်းမှာ “ Henry ဘယ်လိုသေချင်သလဲ ..? " ဟူသော မေးခွန်း ဖြစ်ပါသည်။ အမှန်ပြောရလျင် ကျွန်တော့အနေဖြင့် ဆရာဦးအောင်သင်း ပြောသကဲ့သို့ သာ သူများ ထီပေါက်လျင် ငါလည်း ထီပေါက်နိုင်တယ် ဟုတွေးသော်လည်း သူများ ကားတိုက်ခံရလျင် ငါလည်း ကားတိုက်ခံရ၍ သေနိုင်တယ်ဟု မတွေးသော လူစားများတွင်ပါဝင်ပါသည်။ ကျွန်တော် အမှန်အတိုင်းသာ ဝန်ခံခဲ့ပါသည်။ " ကျွန်တော် သေဖို့ တခါမှ မစဉ်းစားမိသေးဘူး " ဟူ၍သာ ပြန်ပြောခဲ့ပါသည်။

သေခြင်း တရားဆိုသည် မှာ ကျွန်တော်တို့နှင့် လက်တကမ်းသာရှိ၍ အချိန်မရွေး ရောက်လာနိုင်သော အရာဖြစ်သော် လည်း အများအား ဖြင့် မတွေးတောချင်သော အရာ၊ တမင်တကာလစ်လှူရှုထားသော အရာဖြစ်ပါသည်။ I2wan က ကျွန်တော့အား မည်သည့်ဘာသာ ကိုးကွယ်ကြောင်း မေးသောအခါ ကျွန်တော်ကလည်း ခရစ်ယန်ဘာသာ ကိုးကွယ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

ထို့နောက် သူဆက်မေးသော မေးခွန်းမှာ " Henry အနေဖြင့် သေသွားလျင် ကောင်းကင်ဘုံ ရောက်ရန် လုံလောက်သော အကြောင်းပြချက်များ ချရေး လျင် ဘယ်နှစ်ချက် ရမည်နည်း " ဟူ၍ ဖြစ်ပါသည်။ သူ့အား ဖြေကြားစရာမလိုပါ၊ မိမိကိုယ်ကိုသာ ဖြေကြည့်ပါ ဟူ၍ လည်း ပြောပါသည်။

ကျွန်တော်လည်း ကြိုးစား၍ စဉ်းစားကြည့်ပါသည်။ ကျွန်တော့ အနေဖြင့် မိုက်ရိုင်း ဆိုးသွမ်း နေသူ တယောက်မဟုတ်သော်လည်း ငါသည် ဤသို့ ဤသို့ ပြုမှုနေထိုင် သောကြောင့် သေချာပေါက် ကောင်းကင်ဘုံ ရောက်နိုင်ပါသည်ဟု မိမိကိုယ်ကို အာမခံချက် မပေးနိုင်ခဲ့ပါ။ ကောင်းကင်ဘုံသို့ တက်ရန် အာမခံချက် မပေးနိုင်သော်လည်း ငရဲအိုး ဇောက်ထိုးဆင်းရန် တော့ အကြောင်းအရာ တော်တော်များများ ရှိနေခဲ့ပါသည်။

ဤတွင် I2wan ပေးသော မှတ်ချက်မှာ " သေရေးအတွက် ပြင်ဆင်ထားလျင် မိမိ၏ ဘဝတသက်တာ နေရေးတွင် အခက်အခဲ တဝက်ခန့် ကွယ်ပျောက်သွားပါလိမ့်မည်" ဟူသော မှတ်ချက်ဖြစ်ပါသည်။

02.jpg

ကျွန်တော်ကလည်း သေရေးအတွက် မည်သို့ ပြင်ဆင်ထားသင့်ကြောင်းမေးသောအခါ " Henry တို့ ဘာသာရေးက ဘယ်လို ဘယ်ပုံ ကျင့်ကြံနေထိုင်ရမယ်လို့ သွန်သင်ထား သလဲ " ဟူ၍ ပြန်မေးပါသည်။ မှန်ပါသည်။ ဘာသာရေး သွန်သင်ချက်များက ဤသို့ဤပုံ ပြုမှုနေထိုင်ကြပါ ၊ ဤသို့ဤပုံ ပြုမှုလျင် အပြစ် ဖြစ်ပါသည်ဟူ၍ သွန်သင်ထားကြသော်လည်း ကျွန်တော်တို့ အနေဖြင့် မလိုက်နာ နိုင်ကြသဖြင့် သေရေး အတွက် အဆင်သင့် မဖြစ်နိုင် ဖြစ်နေကြရပါသည်။

တကယ်တမ်း သူပြောသော အကြောင်းအရာအား စေ့စေ့ တွေးကြည့်လျင် မိမိကိုယ်ကို သီလလုံ၍ ငါသေရင်တော့ အပါယ်မလားဘူး ဟု သိထားသူ အာမခံထား နိုင်သူသည် ဤ လောက၏ နေရေးတွင် ဘာများပူပင်စရာရှိနေအုံးမည်နည်း။ ဘာများ ကြောင့်ကြစရာရှိနိုင်ပါအုံးမည်နည်း။ ထို့ကြောင့် သေရေးအတွက် ပြင်ဆင်ထားနိုင်လျင် နေရေး၏ အခက်အခဲ တဝက်ခန့် ကွယ်ပျောက်သွားလိမ့်မည်ဟု ပြောခဲ့ခြင်း ဖြစ်ပါသည်။

ကျွန်တော်လည်း စိတ်ဝင်စားလွန်း၍ I2wan သူ၏ သေရေး အတွက် မည်သို့ မည်ပုံ ပြင်ဆင်ထားကြောင်း မေးသော အခါ သူ့အနေဖြင့် သူ၏ ကိုယ်တွင်း အင်္ဂါ အစိတ်အပိုင်း များအားလုံး လှူဒါန်းထား ပြီးကြောင်း ပြောပြပါသည်။ အကယ်၍ ထိခိုက်ဒါဏ်ရာရ၍ မသေဆုံးပဲ သက်တမ်းစေ့ နေသွား၍ သေဆုံးသွားလျင်တောင် သူ၏အရိုးများ အား ပုံစံမပျက် ထုတ်ယူ၍ နောက်လူသားတို့ သုသေတန အတွက် အသုံးပြုနိုင်ရန် လှူဒါန်းထားကြောင်း ပြောပြပါသည်။

ဤတွင် ကျွန်တော်စဉ်းစားမိပါသည်။ ကျွန်တော်သေသွားလျင် ကျွန်တော်၏ အသုံးမဝင် တော့သော အသွေးအသား အစိတ်အပိုင်းများအား အခြားသူများအတွက် အဘယ့်ကြောင့် မပေးနိုင်ရပါသနည်း။ သေသွားလျင်တောင် ပုံစံမပျက် ဖြစ်ချင်သော ကျွန်တော်၏ အတ္တကို အထင်းသား တွေ့ရပါတော့သည်။

အကြိမ်ကြိမ်ကြိုးစား၍ ဤအတ္တများကို ဖျောက်ကြည့်သော်လည်း ယနေ့အထိ တွန့်တိုနေဆဲ ဖြစ်ပါသည်။ ထို့ နောက် ကျွန်တော့ အနေဖြင့် I2wan ၏ စိတ်ထား အား သဘောကျလှသောကြောင့် ဤကဲ့သို့ တွန့်တိုသော အတ္တအား အဘယ်ကဲ့သို့ ဖျောက်ယူကြောင်း မေးသောအခါ သူဖြေသော အဖြေမှာ ရိုးရိုးရှင်းရှင်းသာ ဖြစ်ပါသည်။ " ကိုယ်ချင်းစာ တရား " ဖြစ်ပါသည်။ အခြားသူငှာအား ကိုယ်ချင်းစာမှသာ ဤကဲ့သို့ အတ္တများ ဖျောက်နိုင်ကြောင်း ရှင်းပြပါသည်။

03.jpg

ထိုနေ့က စကားဝိုင်းကတော့ ထိုမျှလောက်သာ ဖြစ်၍ အခြားသော အကြောင်းအရာ အလာသ ပလာသများ သာ ဆက်ပြောဖြစ်ကြပါသည်။ ကျွန်တော့ အနေဖြင့် ကိုယ်ချင်းစာတရားဟု သုံးနှုန်းထားသော်လည်း သူအသုံးပြုခဲ့သော စကားလုံးမှာ sympathy ဖြစ်ပါသည်။

ဤ အင်္ဂလိပ် ဘာသာစကားဖြင့် Sympathy ဟူသော စကားလုံး မှာ ကိုယ်ချင်းစားခြင်း ပါဝင်သလို ၊ ဂရုဏာ ၊ သနားခြင်း ၊ ညှာတာခြင်း ၊ ကြင်နာခြင်း ၊ ထောက်ထား ခြင်း စသော အဓိပ္ပါယ်များ လည်း ပါဝင်နေပါသည်။ ဤတွင် ဆက်၍ ကျွန်တော် တွေးတောမိခဲ့သည်မှာ သူတို့လူမျိုးများက အဘယ့်ကြောင့် ဤသို့ ကိုယ်ချင်းစာတရားရှိ၍ စိတ်ထားလှပနေရပါသနည်းဟု အကြိမ်ကြိမ် အဖြေရှာခဲ့မိပါသည်။

အတော်ကြာမှ သဘောပေါက်ခဲ့မိပါသည်။ ဆရာဦးအောင်သင်း၏ ပညာနှင့် ပါတ်သက်သော ဆောင်းပါး တခုတွင် " ပညာပြည့်ဝ နှလုံးလှသော် " ဟူသော အကြောင်းအရာအား ရှင်း ပြထားသည် ကိုမြင်မိ သော အခါမှ ညာဏ်ပညာ ပြည့်ဝသူသာလျင် ဤသို့သော စိတ်ထား မျိုး ၊ လှပသော စိတ်ထားမျိုး ထားနိုင်ကြောင်း သဘောပေါက်လာရပါတော့သည်။

ဤ ပညာဟု ခေါ်သော ကျိုးကြောင်း ဆင်ခြင် နှိုင်စွမ်းရှိသူတို့၏ စိတ်ထားသည် ပညာပြည့်ဝလာသည်နှင့် သူတို့၏ စိတ်ထားသည်လည်း ပညာ၏ အစွမ်းကြောင့် လှပလာရခြင်း ဖြစ်တန်ရာသည်။ ထို့ကြောင့် ကျွန်တော်၏ အတ္တမာန များ ရှိနေခြင်း ၊ အခြားသူများ အပေါ် ကိုယ်ချင်းစာ တရားနည်း ရခြင်း ၏ အချုပ်မှာ ပညာညာဏ် နည်းပါးခြင်းကြောင့် ဖြစ်ကြောင်း ပေါ်လွင် လွန်းလှပါသည်။

04.jpg

သို့သော်လည်း မသိခြင်း မှ သိခြင်း ကို ရောက်ရှိပြီးနောက်တော့ I2wan ပြောသော သေရေး အတွက် ကြိုးစားခဲ့ပါသည်။ သို့သော် အခြားသူများထက် ပညာညာဏ်နည်းပါးသူ ဖြစ်ရကာ ယခုထက်ထိသေရေးထက် နေရေးသာ ဦးစားပေး လုပ်ဆောင် နေရဆဲဖြစ်သည်ကို ဝန်ခံပါသည်။

ထို့ကြောင့် ကျွန်တော်၏ နေ့စဉ်ဘဝတွင် ပူပန်ခြင်းများ ၊ စိတ်ဆင်းရဲ စရာများ ၊ ဝမ်းနည်း စရာများ ကြုံတွေ့တိုင်း I2wan ပြောသော သေရေးအတွက် ပြင်ဆင်ထားလျင် နေရေး ၏ ဒုက္ခ တဝက် သက်သာ သွားမည်ဟူသော စကားအား သာ၍ သတိရမိပါတော့သည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png

Photo Credit : Original source
Author : Henry Aung ( Kachin )
MSC : 001

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center