မိုးမပြို ပြိုခဲ့သည်ရှိသော်

ဒီအကြောင်းလေး စိတ်ထဲရှိပြီး ရေးပြစ်ချင်နေတာ အတော်ကြာပြီ။ သူငယ်ချင်းတွေနဲ့ ကြုံပြီး အကြောင်းအရာ တိုက်ဆိုင်လာရင် ကိုယ့်တွေးမိတဲ့ အတွေးလေး ပြောမိနေတယ်။ အဲဒါကတော့...

မနက်တိုင်း မနက် ၇ နာရီလောက် ကျွန်တော် ရုံးသွားဖို့ မျက်နှာသစ်၊ ရေမိုးချိုး အကျီလဲပြီး အခန်းကနေ ပြတင်းပေါက်ကို လှမ်းပြီးကြည့်ရင် မြင်နေကျ မြင်ကွင်းလေးတခုရှိတယ်။ အဲဒါက Elder Care လူအိုရုံလို့ခေါ်တဲ့ စင်တာတခုက အပို့အကြိုလုပ်တဲ့ လူနာတင်ကားလို ကားတစ်စီး တိုက်အောက်ကို ဆိုက်လာတယ်။ ကားရဲ့ နောက်တံခါးကို ဖွင့်လိုက်တယ်။ အဲဒီနောက် wheelchair တတ်ဖို့ ပျဉ်ပြားလိုလေးကျလာတယ်။

အသက် ၈၀ လောက် အသက်ကြီးကြီး အဖွားကြီးတယောက် ပြုံးလည်း မပြုံး၊ ရယ်လည်း မရယ်၊ မဲ့လည်း မမဲ့၊ ငိုလည်း မငို ခံစားချက်ဆို ဘာမှ မရှိတဲ့ ပုံစံမျိုးနဲ့ လက်တွန်းလှည်းပေါ်မှာ ထိုင်နေတယ်။ သူထိုင်လိုက်လာတဲ့ ဘီးတပ်ကုလားထိုင်ကို လူလတ်ပိုင်းအရွယ် အမျိုးသမီးတယောက်က တွန်းပြီး ကားပေါ်ကို တင်ပေးလိုက်တယ်။ wheelchair ကို လော့တွေ ဘာတွေချ ကားနောက်တခါးကို ပိတ်ပြီး အဲဒီ လူလတ်ပိုင်းအရွယ် အမျိုးသမီးလည်း ဘတ်စ်ကားဂိတ်ကို ခတ်သုတ်သုတ် သူ့ အလုပ်ကို ထွက်သွားပါတော့တယ်။ ညနေကျ ကျွန်တော်အိမ်ပြန်ရောက်လာတဲ့ အချိန် ဒီကားရောက်လာတယ်။ ဒီအဘွားကြီးကို ပြန်လာပို့တယ်။ ကလေးတွေ မူကြိုသွားသလိုပေါ့။

hands_1390592178822.jpg

တိုတိုနဲ့ ရှင်းရှင်းပြောရရင် အဘွားကြီးကို သူ့သမီး၊ ချွေးမ၊ ဒါမှမဟုတ် တူမတယောက်က Daycare နေ့ပိုင်း လူအိုရုံကို ပို့ ထားတဲ့မြင်ကွင်းပါဘဲ။ ကျွန်တော့ အခန်းကနေ မနက်တိုင် အမြဲတမ်း မြင်နေရတာ ဖြစ်ပြီး ကျွန်တော့ကို ခံစားချက်တွေ၊ အတွေးတွေ၊ စဉ်းစားစရာတွေ၊ စိုးရိမ်မှု့တွေ ကျေနပ်မှု့တွေကို အမျိုးမျိုးပေး ချပေးနေတော့တာပါဘဲ။

ပထမ ဒီအဘွားကြီးကို ကြည့်ပြီး သနားမိတယ်။ ဒီအဘွားကြီး သနားပါတယ်ပေါ့ ဒီလို လူအိုရုံပို့ထားခံရတာ။ သူလည်း ဘယ်သွားချင်ပါ့မလဲ။ မတရားဘူးပေါ့။ ကဲဗျာ ဒီ လူလတ်ပိုင်း အမျိုးသမီးက သူ့သမီးဘဲ ထားကြပါစို့။ ဒီအဘွားကြီး ငယ်တဲ့ အရွယ် လုပ်နိုင်တဲ့အချိန်တုံးက ဒီအမျိုးသမီး သူ့သမီးကို ပြုစုစောင့်ရှောက်မယ်။ ပညာတွေ သင်ပေးမယ်။ ပြုစု ပျိုးထောင် ပေးမယ်ခဲ့မယ်ပေါ့။ အခုသူ ဒီအသက်အရွယ်ရောက်ပြီး အိုမင်းမစွမ်းတဲ့ အချိန်ကျမှ သူကို လူအိုရုံပို့တယ် မတရားဘူး။ အဲလိုစဉ်းစာြး့ပီး အဲ့ဒီပို့တဲ့ သူကို စိတ်တိုမိတယ်။

မြန်မာပြည်ဆို ဒီအမျိုးသမီးကို အမျိုးမျိုး အပြောခံရမယ်။ ကိုယ့်မိဘကို ဒီလို လူအိုရုံပို့တဲ့လူဟာ သမီးမိုက်လို့ ပတ်ဝန်းကျင်က ကဲ့ရဲ့ အပြစ်ဆိုကြခံရမယ်။ နောက်ပြီး "မိဘ ကျေးဇူးမသိတတ်တဲ့ သူ" "တနေ့ သူပြန် ဝဋ်လည်ခံရမယ်ပေါ့။" စသဖြင့် အမျိုးမျိုး အပြစ်ပြောခံရမှာ မလွှဲဘဲ။တချို့ကပြောကြအုံးမယ်။ "ငါတို့မြန်မာ့ယဉ်ကျေးမှု့ လူ့အသိုင်းအ၀ိုင်း နဲ့ ဆို ဒီ အဘွားကြီး ဒီလို အပို့ခံရမှာ မဟုတ်ဘူး။ ဘာသာတရားနဲ့ ယဉ်ကျေးမှု့ က ဒါတွေ အဖြစ်မခံဘူးပေါ့။" စသဖြင့် ပြောကြမှာဘဲ။

ကျွန်တော စဉ်းစားကြည့်တယ် သေချာပြီလား။ ဒါလူ့ယဉ်ကျေးမှု့ လူ့ဘောင်၊ ဘာသာတရားနဲ့ ဆိုင်သလား ပေါ့။ ငါတို့မြန်မာ့လူဘောင် မြန်မာ့ယဉ်ကျေးမှု့မှာ ဒီလို တကယ်ဘဲ မဖြစ်နိုင်တော့ဘူးပေါ့။ ဒီသူ့သမီးဆိုတဲ့ အမျိုးသမီးတို့ယဉ်ကျေးမှု့၊ ဘာသာတရားက ဒီလို လူကြီးသူမကို စောင့်ရှောက်ရမယ်ဆိုတာ တကယ်ဘဲ မရှိတာလား။ ဒီအမျိုးသမီးမှာ တကယ်ဘဲ လူစိတ်မရှိလို့လား။ တကယ်ဘဲ ကျေးဇူး မသိတတ်လို့လား။ မဖြစ်နိုင်ပါ။ တိရိစ္ဆာန်တွေတောင် ကျေးဇူးတရားကို သိတတ်ကြတာဘဲ။ သူ့မှာလည်း ဒီ ကျေးဇူးတရား မရှိနိုင်ဘူး ဆိုတာ မဖြစ်နိုင်ဘူး။ နောက်ပြီး ပညာတတ် တယောက်အနေနဲ့ ဒါတွေ မသိဘူး အတ္တကြီးနေတယ်ဆို တာလည်း မဖြစ်နိုင်ဘူး။ သူတို့ ယဉ်ကျေးမှု့ လူ့ဘောင်မှာလည်း မိဘကျေးဇူးတို့ အသက်ကြီးတဲ့ လူတွေကို ကြည့်ရှုရမဲ့ ဆိုတဲ့ လူ့ ကျင့်ဝတ်တွေဟာ မြန်မာ့ ယဉ်ကျေးမှု့ထက် မသာတောင် မလျှော့ တာတော့ သေချာတယ်။ ဘယ်လူ့ဘောင်အဖွဲအစည်း၊ ဘယ်ယဉ်ကျေးမှု့၊ ဘယ်ဘာသာတရားကမှ မိဘကျေးဇူး လှစ်လူရှုဖို့၊ အသက်ကြီးတဲ့ လူတွေကို လစ်လူရှု့ဖို့ သွန်သင်ပြသထားတာမရှိပါဘူး။ အားလုံးသော ယဉ်ကျေးမှု့၊ ဘာသာတရား၊ လူဘောင် အဖွဲ့အစည်းတိုင်းက မိဘကျေးဇူးသိတတ်ဖို့၊ လူကြီးသူမတွေကို ရိုသေဖို့ မတူသော လမ်းညွှန်ချက်တွေနဲ့ သွင်သင်နေကြတာပါဘဲ။

elder-care-services-in-Little-Rock.jpg

ဒါဆို ဘာကြောင့် ဒီလိုဖြစ်သွားနေတာလဲ။ ငါတို့ မြန်မာပြည်မှာ အခု ဘာလို့ ဒီလောက် မဆိုးတာလဲ။ မဖြစ်တာလဲ။ အဖြေက မြန်မာပြည်က ဆင်းရဲနေသေးလို့၊ မဖွံ့ဖြိုးသေးလို့ အဲဒီလိုဘဲ ဖြေရမှာဘဲ။ ဒါက အဖြေဘဲ။ ဘာယဉ်ကျေးမှု့ ဘာသာတရားကြောင့်မှ မဟုတ်ဘူး ထင်တာဘဲ။ (ဒီနေရာမှာ အချို့လူတွေက ဒါကို လက်မခံနိုင်သေးလောက်ပါဘူး။ ကိစ္စမရှိပါဘူး။ ကျွန်တော့ အမြင် ကျွန်တော့ အတွေးတင်ပြခြင်းသာ ဖြစ်ပါတယ်။)

အဲ့တော့ သူတို့ဆီ မှာ ဘာဖြစ်လို့ ဒီလိုဖြစ်လာသလဲ။ ကျွန်တော်တို့ဆို ဘာဖြစ်လို့ မဖြစ်သေးသလဲ။ အဖြေက ရှင်းရှင်းပြောရင် သူတို့ နိုင်ငံချမ်းသာလို့၊ ဖွံဖြိုးတိုးတတ်သွားလို့ ဆိုတာသွားမြင်တယ်။ ချမ်းသာတဲ့ အလျှောက် လူတိုင်း အလုပ်လုပ်ရတယ်။ အရာ အားလုံးဟာ သူ့အချိန်နဲ့ သူ အချက်ကျကျ လှုပ်ရှားနေရတယ်။ အချိန်ပိုဆိုတာ မရှိသလို လူပိုဆိုတာလည်း မရှိဘူး ဖြစ်နေတယ်။ ဥပမာ မြန်မာပြည်မှာ သင်ရဲ့ အနီးနားက အသက်အရွယ်ရတဲ့ ဘိုးဘွားတယောက်ဟာ စီးပွားရေး အဆင်ပြေတယ်။ မကြောင့် မကျနေနိုင်တယ်ဆိုရင် သူ့ဘေးနားမှာ ရွာက တခြား အလုပ်မရှိတဲ့ တူတွေ တူမတွေ ဘေးမှာ ခေါ်ထား ၀ိုင်းပြီး ပြုစုပေးမဲ့သူ အဆင်သင့်၊ အဲဒီလို ဘိုးဘွားတွေ အတွက် လုပ်ပေးချင်တဲ့ သူတွေ ပေါမှ ပေါ။ တကယ်လို့ နိုင်ငံသာ ဖွံဖြိုးပြီး တောရော် မြို့ရော် လူတိုင်း သူ့ပညာနဲ့ သူ အလုပ်ရှိတယ်။ ဆိုရင် ဒီဘိုးဘွားနား ဘယ်တူ၊ ဘယ်တူမ မှ လာကပ် ပြုစုနေမယ် မထင်မိပါဘူး။ နိုင်ငံကလည်း ဒီဘိုးဘွားတွေအတွက် ဒီလို Daycare တွေ ဖွင့်ထားပေးမယ်။ ထားလည်း ထားပေးရတော့မယ်။ ဆိုတော့ မထားခြင်ဘဲ။ ယဉ်ကျေးမှု့အရတို့ ဘာတို့ မပြောမနေတော့ဘဲ။ သွားထားကြမှာဘဲ လို့မြင်တယ်။

ယဉ်ကျေးမှု့ဆိုတာ အခြေအနေအရ ခေတ်နဲ့ လိုက်ပြီး ပြောင်းလဲသွားကြရတာ ချည်းပါဘဲ။ ဆွဲကိုင် ချုပ်ကိုင်ထားလို့မရဘူး။ ဥပမာ အခုခေတ် လျှောင်ထုံးနဲ့ ထားကြသေးလား။ တောင်ရှည် ပုဆိုးဝတ်ကြသေးလား။ လျှောင်ထုံးနဲ့ ကြီးနဲ့ အဆင်မပြေပါဘူးကွာ ရာသီဥတုကပူကပူနဲ့ စသဖြင့် အခြေအနေ အကြောင်းကြောင်းကြောင့် စွန့်လွှတ်ခဲ့ကြတာဘဲ မှတ်လား။

ဒါလေးကို ကျွန်တော်မြင်ပြီး ငါတို့ အလှည့်ကျရင်ရော်။ ဒီလို အခြေအနေနဲ့ ရင်ဆိုင်ရရင်ရော် စသဖြင့် စိုးရိမ်စိတ်တော့ဖြစ်မိတယ်။ ကိုယ့် သား/သမီး ဘယ်လောက်ဘဲ လိမ္မာသည်ဖြစ်စေ။ တကယ်လို့ ခေတ်ရဲ့ တောင်းဆို ချက်အရ သူများဖွံဖြိုးပြီးနိုင်ငံများမှာ ဖြစ်နေသော ဒီအချက် ဖြစ်လာခဲ့ပြီဆိုရင် သင်ဘာတတ်နိုင်မှာလဲ။ ဒါပေမဲ့ဖြစ်ဖြစ် မဖြစ်ဖြစ် ဒီလို အခြေအနေဖြစ်လာခဲ့ရင် အကောင်းဆုံး လက်ခံနိုင်ဖို့ ကိုယ်ကိုယ်ကို ပြင်ဆင်ထားဖို့လိုတယ် ထင်တယ်။ အနည်းဆုံး ဒီအတွေးလေး ကျွန်တော်တို့ စဉ်းစားမိခဲ့ရင်၊ သင့်အတွက် အခက်အခဲမရှိ လွယ်ကူ လက်ခံနိုင်ပြီး အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။

မိုးမပြို ပြိုခဲ့သည်ရှိသော် သင်လက်ခံဖို့ အသင့်ဖြစ်ပြီလား။

Photo from Google

'သင်တခုခု ရသွားခြင်းက သင့်အရည်အချင်းဖြစ်ပြီး
ဘာမှ မရသွားပါက ကျွန်တော်နှင့် သက်ဆိုင်ပါသည်။'

ကျေးဇူးတင်စွာဖြင့် -

@HtunMinZaw (MSC 087)

H2
H3
H4
3 columns
2 columns
1 column
Join the conversation now