အားလုံးသော Myanmar Steemit Community Member အပေါင်း မင်္ဂလာပါ။
အခုလို ဆောင်းဝင်ခါနီး သီတင်းကျွတ်ပွဲတော် ကစလို့ နောက်နှစ် New Year ပွဲထိ ဒီလို အချိန်တွေဆို ကိုယ့်မွေးရပ်မြေ မန္တလေးကို အရမ်းလွမ်းတယ်ဗျာ။ ဒီနေ့တော့ တန်ဆောင်မုန်းပွဲလည်း နီးလာပြီဆိုတော့ ရေးစရာလေး တခုက ပေါ်လာပြန်တယ်။ အဲဒါကတော့ မန္တလေးအခေါ် သူခိုးကာလ တန်းဆောင်တိုင်ပွဲ အကြောင်းဘဲ။
ပုံမှန်ဆို ကျွန်တော်တို့လို မွေးရပ်မြေကနေ တခြားတနေနေရာမှ ရောက်နေတဲ့ သူတွေအတွက် သင်္ကြန်ကာလတို့၊ လပြည့်နေ့တွေ ဖြစ်တဲ့ သီတင်းကျွတ်တို့ တန်ဆောင်တိုင်တို့ ဆိုတာ ဘာမှ မသိလိုက်ဘဲ။ ရုံးမှာ အလုပ်လုပ်ရင်း ကျော်ဖြတ်သွားကြတဲ့ နေ့တွေပါ။ ဒါပေမဲ့ ဒီနှစ်တော့ ဒီ myanmar Steemit မှာ တချို့သူတွေ တန်ဆောင်တိုင်ပွဲအကြောင်း တင်လာလို့ ကိုယ်တွေလည်း ဟိုအရင် အချိန်တွေကို တမ်းတမက်မော မိတာပေါ့ဗျာ။ ဒါပေမဲ့ အရွယ်ကြောင့်လား၊ တခြားဘာလားတော့ မသိဘူး။ သိပ်မပျော်တတ်တော့ သလိုဖြစ်မိတယ်။
ဒီလို အမြဲတမ်း အိမ်ပြန်တဲ့ အခါတိုင်း ဘာပွဲမှ မကြုံရ။ အဝေးကနေ တမ်းတမက်မောနေရတော့ မနှစ်က သင်္ကြန် မန္တလေးသင်္ကြန် ပြန်ကဲမိတယ်။ ပျော်လားဆိုတော့ မကယ်မပျော်ခဲ့ဘူး။ မပျော်တတ်တော့ဘူးလား လို့ ကိုယ့်ကို ကိုယ် ပြန်မေးမိနေသေးတယ်။ ညီတယောက် က ကျုံးဘေး သူ့ မဏ္ဍာန်မှာ ရေလာ ပတ်ဆို ပြီးခေါ်တယ်။ သွားပတ်ပါတယ်။ စင်ပေါ်ကနေ ရေပတ်နဲ့ ပတ်တယ်။ စင်က မြင့်တော့ ဆားဗစ်ကြီုးကြီးပေါ်ကနေ ရေတွေက ဖျက်ပြီး ပတ်ရတယ်။ သူများတွေကတော့ ဘာမှ မထူးခြားသလိုဘဲ။ ကိုယ်တွေက ငါဒီ ဆားဗစ်ကြိုးမှာ အပေါက်ပါလို့ကတော့ ငါဒီနေရာမှာ တခါတည်း ကြွမှာ ဆိုပြီး တချိန်လုံး လန့်နေတော့တာပါဘဲ။ တခါ အိမ်ကနေ မဏ္ဍန်ကို ဆိုက်ကယ်နဲ့သွားတော့ သင်္ကြန်ကာလဆိုတော့ ဦးထုတ်မ၀တ်ဘဲ ဒီတိုင်းသွားတော့ ငါဆိုက်ကယ်တိုက်ပြီး မှောက်လို့ လမ်းနဲ့ခေါင်းနဲ့ ကျရင် ခေါင်းကွဲမှာ ဆိုပြီး ရင်တထိတ်ထိတ်ပေါ့။
ဒါတွေ သိပ်မပြောရဲဘူး။ ဘာဖြစ်လို့လဲဆိုတော့ မင်းကွာ သောက်ကြီးသောက်ကျယ်ပြောတာဘဲ။ မင်း အရင်က ဒီလိုဘဲ ကဲနေကြဘဲ။ ကဲ ခဲ့တာဘဲ။ ဘာအခုမှ သောက်ကြီးသောက်ကျယ်ပြောတာလဲ။ လို့အပြောခံရမှာဘဲ။ သောက်ကြီးသောက်ကျယ်ပြောတာ မဟုတ်ပါဘူး။ ကိုယ်တွေ အရမ်း သတ္တိကြောင်သွားတယ်ပေါ့။ သတ္တိကြောင်တယ် ဆိုတာ မလုပ်ရဲတော့ဘူး။ အသိ ကြောင့်လား။ အသက် ကြောင့်လား။ သတိ ကြောင့်လားတော့ မသိတော့ဘူး။ သင်္ကြန်အကြောင်း ထားလိုက်ပါ ကဲ တန်ဆောင်တိုင်ကို ဘဲ သွားကြရအောင်။
မန္တလေး တန်ဆောင်တိုင်က တကယ်ဆို အဖိတ်နေ့က စတယ်။ အလုပ်တွေဟာ နေ့လည် တန်ဆောင်တိုင် မုန့်ဖိုးပေးပြီး စပိတ်လိုက်ကြတယ်။ ဈေးချိုလည်း ပိတ်ပြီ။ စစ်ကိုင်းသွားတဲ့ စစ်ကိုင်းလမ်းပေါ်မှာ လူတွေ ရှုတ်နေကြတဲ့နေ့ပေါ့။ ရှုတ်မှာပေါ့ လူတွေက စစ်ကိုင်းသွားကြကိုး။ စစ်ကိုင်းဘာသွား လုပ်လဲ ရှင်းရှင်းပြောရရင် ဖဲသွားရိုက်တာဘဲ။ အကြီး အကျယ် ရိုက်တဲ့ ပွဲပေါ့။ ဓလေ့တခုလိုကို ဖြစ်နေတာ။
ငယ်ငယ်တုန်းက စစ်ကိုင်းကို အဖိတ်နေ့ညမှာ အဖေနဲ့ သူ့အလုပ်က ကထိန်ခင်းလို့ လိုက်သွားခဲ့ဘူးတယ်။ အဖိတ်နေ့ည စစ်ကိုင်းတောင်ပေါ်မှာ အရမ်းသာယာပါတယ်။ လူတွေက ညကြီး လရောင်အောက်မှာ ဟို ဘုန်းကြီးကျောင်းကူး ဒီဘုန်းကြီးကျောင်းကူးနဲ့။ ဒေသအခေါ်ဆိုရင် ဟိုချောင်ကူး ဒီချောင်ကူးလိုက်ပေါ့။ စစ်ကိုင်းတောင်ပေါ်ကနေ ဧရာဝတီမြစ်ကြီးကို နှင်းမှုန်တွေကြားကနေကြည့်၊ စေတီက ဆည်းလည်းသံလေးတွေက တလွင်လွင်နဲ့ အရမ်းသာယာတဲ့ ညလေးပါ။ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကနေ ယနေ့ အထိ မမေ့နိုင်သေးပါ။ ဒီလိုနဲ့ .. အဲဒီနေ့ည ဖဲဝိုင်းတွေဘေးမှာ မနက်ကထိန် တရားပွဲအတွက် ခင်းထားတဲ့ ကော်ဇော်တွေပေါ်အိပ်လိုက်ရတယ်။ နောက်နေ့ လပြည့်နေ့လည်းရောက်ရော် မနေ့ည ဘယ်သူဘယ်လောက် ရှုံးတယ် ဘယ်သူနိုင်တယ်နဲ့ အသံတွေ ထွက်လာပါလေရော်။
ဒါမျိုး အဖိတ်နေ့ ညနေဆို မန္တလေးမှာ သရဲတောင်ခြောက်မယ်ထင်ရတယ်။ တမျို့လုံးတတ်ဆိတ်ပြီး။ လမ်းပေါ် လူမရှိသလောက်ဘဲ။ နောက်နေ့ လပြည့်နေ့ အတွက် အားယူနေတဲ့ပုံပေါ့။
လပြည့်နေ့ မနက် ဗုံသံတွေ၊ လဂွင်းသံတွေနဲ့ နိုးထလာပါလေရော်။ ကလေးတွေ အုပ်စုလိုက် တိုးနယားလို့ခေါ်တဲ့ အရုပ်ထဲလူဝင်က ပြီးတမြို့လုံး လည့်လှည်ပြီး ပျော်ပွဲစားပါဗျို့လိုက်အောင် ပိုက်ဆံတောင်းကြတယ်။ တချို့က ဆင်ရုပ်တွေ၊ ကျွဲရုပ်တွေကို ရှားရှားပါးပါးတွေ့ရတယ်။ ဒါတွေက လွန်ခဲ့တဲ့ အနှစ်၂၀ လောက်က ဆိုတော့ အခုတော့ ဒါမျိုးတွေ ရှိသေးလား။ မရှိတော့ဘူးလားတော့ ကျွန်တော်လည်း မသိတော့ဘူး။
မန်းတလေးက အရင်က သင်္ကြန်မှာ မုန့်လုံး သိပ်မလုံးဘူး။ ဒီ တန်ဆောင်တိုင်ညမှ မုန့်လုံးလုံးတာ။ မနက်ကို ကောက်ညင်းမှုန့်တွေ နေလှမ်းကြ။ ညနေ ၅ နာရီလောက်ဆို မိုးဗြဲဒယ်ကြီးတွေနဲ့ ရေနွေးတွေ စတည်ကြပြီ။ နေလည်း ၀င်တာနဲ့ မခေါ်မုန့်လုံးတွေ လုံးကြပါလေရော်။ မုန့်လုံးလုံးလို့ ကုန်ကြပြီ ည ၉ နာရီလောက်ရောက်ပြီဆို မီးတွေ ငြိမ်း အိုးတွေဆေးပြီး ပိုက်ဆံကြဲကြပြီ။ မနက်ကတည်း က ဘယ်အိမ်က ဘယ်လောက် ကြဲမယ်ဆို သတင်းတွေက ရပ်ကွက်ထဲမှာ ထွက်ပြီးသား။ တကယ့် အများကြီးကြဲမဲ့အိမ်ဆို ရပ်ကွက်ကျော် သတင်းရပြီး လာကောက်တဲ့ သူတွေနဲ့ကောက်ပေါ့။ ဒူးပြဲ ဘာပြဲနဲ့ပေါ့။ မုန့်လုံးမလုံးတဲ့ အိမ်တွေကတော့ ည ၇ နာရီလောက်ကတည်းက စကြဲနေကြပြီ။ တချို့က လမ်းပေါ် စက်ဘီးကလေးသွားပြီး ဟိုအိမ် ဒီအိမ်လိုက် ကန်တော့တဲ့ ကောက်မလေးတွေ အရှေ့ ချွမ် ဆိုပြီး ကြဲချတာ။
တချို့ရှိတယ် အစွဲလား အယူလား ဘယ်လိုပြောမလဲတော့ မသိဘူး။ ပိုက်ဆံမကြဲဘူးတဲ့ ပိုက်ဆံကြဲရင် ကောက်တဲ့ သူက ပင်ပင်ပန်းပန်း တိုးဝှေ့လုပြီး ဆင်းဆင်းရဲရဲ ကောက်ရတယ်။ ကိုယ် ကုသိုလ်ရတော့လည်း အဲလို ဆင်းဆင်းရဲရဲ ဒုက္ခခံပြီး ကုသိုလ်ရတတ်တယ်ဆို ပြီး ပိုက်ဆံမကြဲဘူး။ ပန့်သကူပစ်ကြတယ်။ ပန့်သကူက ပိုက်ဆံလေးတွေကို လူမသိ သူမသိအောင် ၀ှက်ထား အဲဒါကို လိုက်ရှာကြပေါ့။ ဒါလည်း တမျိုး ပျော်စရာကောင်းတယ်။ အများအားဖြင့် နေ့မှာ လုပ်တတ်ကြတယ်။ ဒီလို ပိုက်ဆံကြဲပြီး ပြီဆို မပြီးသေးဘူး။ သံပုန်းရိုက်ကြသေးတယ်။ ကလေးတွေတန်းစီ ပုဆိုးကို မျက်နှာချည်ထား ၃ ပတ်လည့် ဒုတ်တချောင်းနဲ့ အရှေ့က သံပုန်းကို မိအောင် ရိုက်ရတယ်။ ညတခေါင်ကျော်တဲ့ အထိပေါ့။ ကိုယ်တွေက အိပ်ရာထဲ ၀င်ရ။ သူတို့တွေက အပြင်မှာ ၀ူး ၀ါးနဲ့ အော်နေကြနဲ့ပေါ့။
ကျွန်တော်တို့မန္တလေးမှာ အရင်က တခြားဒေသက သူတွေပြောတဲ့ ကျီးမနိုးပွဲ ဆိုတာမရှိဘူး။ အခုနောက်ပိုင်းမှ ဒီ ကျီးမနိုးပွဲ ဆိုပြီး ဟို အိမ်က ပစ္စည်း ယူ ပြီး လမ်းပေါ်ပြစ်ထား၊ ဟို က ပန်းအိုးယူပြီး မြှောင်းထဲ ပြစ်လို့ ပြစ်နဲ့။ ကျွန်တော်ကတော့ အဲဒါကို အပျော်လို့ မမြင်မိဘူး။ ဖျက်လို့ ဖျက်ဆီးလုပ်တာလို့ဘဲ မြင်တယ်။ တခါက အဲဒီနေ့ညမှာ တရုပ်မကြီးတယောက် အိမ်က အိမ်ရှေ့မှာထားတဲ့ အကောင်းစားပန်းအိုးကြီးကို ယူပြီး လမ်းပေါ်မှာ ထားတာ။ ယူသွားတော့ လမ်းမှာ မသယ်နိုင်လို့နေမှာ ကွဲကျတယ်။ အဲဒီအကွဲကြီး လမ်းပေါ်ပစ်ထားတော့ တရုပ်မကြီးက မနက်ကျ ဆဲပါလေရော်။ ဒီ အပျော်ကြီးကတော့ သိပ်အရုပ်ဆိုးသလိုဘဲ။ ကျွန်တော်တော့ သိပ်မကြိုက်ဘူး။ ပျော်ဖို့ထက် ဖျက်လို့ ဖျက်ဆီးလုပ်တဲ့ အပျော်လို့ မြင်တာဘဲ။
မန္တလေးတန်ဆောင်တိုင် မကြုံဖြစ် မရောက်တာ အနှစ် ၁၅ ကျော်မက လောက်တော့ဘူး။ ဘယ်လို ဘယ်လိုပုံစံတွေ ပြောင်းလဲ သွားပြီလည်းတော့ မသိဘူး။ အခုပုံတွေကို Myanmar Steemit Community ရှိတဲ့ မန္တလေးသား/သူတွေ တင်ကြလိမ့်ပါတယ်။ Steemit မှာ စောင့်ပြီး ဖတ်ကြတာပေါ့။
Photo from Google
'သင်တခုခု ရသွားခြင်းက သင့်အရည်အချင်းဖြစ်ပြီး
ဘာမှ မရသွားပါက ကျွန်တော်နှင့် သက်ဆိုင်ပါသည်။'
ကျေးဇူးတင်စွာဖြင့် -
@HtunMinZaw (MSC 087)