YBS ပဲစီးတော့မယ်

တခါတလေ အိမ်ပြန်နောက်ကျရင် တက္ကဆီနဲ့ပဲ ပြန်လေ့ရှိပေမယ့် ဒီရက်ပိုင်းမှာ ဘတ်စကားနဲ့ပဲ အိမ်ပြန်မယ်လို့ ဆုံးဖြတ်ထားပါတယ်။ မကြာသေးမီကပဲ တက္ကဆီငှားစီးတဲ့ မိန်းကလေးတယောက် မတရားပြုကျင့်ခံရပြီး အသတ်ခံလိုက်ရတဲ့ အဖြစ်ဟာ မိန်းကလေးတွေကြား စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်စေခဲ့တယ် မဟုတ်ပါလား။

Images Credit - Original Source
အမေနဲ့ညီမကလည်း အခုဆို တတွတ်တွတ်မှာတယ်၊ သမီး ဘတ်စ်ကားပဲစီးနော်၊ တက္ကဆီမငှားနဲ့တဲ့။ အရင်ကတော့ ဘတ်စ်ကားက မနက်ရုံးသွားရင်လည်းကျပ်၊ ရုံးပြန်ရင်လည်းကျပ် နောက်ကျတဲ့နေ့တွေဆို taxi နဲ့ပဲသွားဖြစ်တယ်။ အခုတော့ YBS တွေ သိပ်မကျပ်တော့ဘူး၊ အဲကွန်းလဲအမြဲပေးထားတော့ အဆင်ပြေတယ်။ ဘတ်စ်ကားပဲ စီးတော့မယ်၊ ဘတ်စ်ကားပေါ်မှာ ပိုလုံခြုံတယ်။
လုပ်ငန်းသဘောအရ ဖြစ်စေ၊ တခြားသော အကြောင်းတွေကြောင့် ဖြစ်စေမိုးချုပ်မှ အိမ်ပြန်ရတဲ့ မိန်းကလေးတွေ လုံခြုံရေး ရွေးချယ်စရာက များများစားစား မရှိလှပါဘူး။ ကိုယ်ပိုင်ကားစီးပြီး အိမ်ပြန်နိုင်သူက အနည်းစုပဲ ဖြစ်တာမို့ အငှားကား ဖြစ်စေ၊ ဘတ်စ်ကား ဖြစ်စေ စီးပြီး အိမ်ပြန်ကြရတာပါ။ ရန်ကုန်မြို့နေ လူထုကြား ထိတ်လန့်တုန်လှုပ်သွားစေတဲ့ သတင်းက တက္ကဆီငှားပြီး အိမ်ပြန်ဖို့ မဝံ့မရဲ ဖြစ်နေတာလည်း ဖြစ်ပါတယ်။

Images Credit - Original Source
အသက် ၂၅ နှစ်ပဲ ရှိသေးတဲ့ မ………ဟာ တက္ကဆီငှားစီးရင်း တက္ကဆီယာဉ်မောင်းဖြစ်သူရဲ့ အဓမ္မပြုကျင့်မှု ခံခဲ့ရရုံသာမက ရက်ရက်စက်စက် သတ်ဖြတ်တာကိုပါ ခံခဲ့ရပါတယ်။ လှည်းတန်းစင်တာကနေ တယောက်ထဲဈေးဝယ်ပြီးအပြန် ညဘက်ဖြစ်နေလို့ ကားငှားစီးရင်း သတ်ဖြတ်ခံ ခဲ့ရတာပါ။ လည်ပင်းမှာ ဝက်အူလှည့်နဲ့ ထိုးထားတဲ့ ဒဏ်ရာကို တွေ့ရရုံသာမက အဓမ္မပြုကျင့်ခံရပြီးမှ သတ်ဖြတ်ခံရတာ ထင်ရှားနေပါတယ်။ သူမ ဝတ်ဆင်ထားတဲ့ ပလက်တီနမ် ဆွဲကြိုး၊ နားကပ် အပါအဝင် လက်ကိုင်ဖုန်းကိုပါ သတ်ဖြတ်သူက ယူဆောင်သွားခဲ့ပါတယ်။ ဒီသတင်းဟာ အမျိုးသမီးတွေကြားမှာ ဒေါသထွက်စရာ ဖြစ်ရပ်ဖြစ်ခဲ့ရသလို ရန်ကုန်လို မြို့ကြီးမှာတောင် မလုံခြုံမှုတွေ ပိုများလာတာကို သက်သေပြနေပါတယ်။ ရန်ကုန်မှာသာ မကပါဘူး၊ မြန်မာနိုင်ငံ တဝှမ်းမှာ မိန်းကလေးတွေ အပေါ် ကျူးလွန်တဲ့ အဓ္မပြုကျင့်မှုတွေ များပြားလာနေတာဟာ ကျူးလွန်သူတွေအပေါ် ထိရောက်တဲ့ ပြစ်ဒဏ်တွေ မချမှတ်နိုင်သေးဘူးလို့ ဝေဖန်သံတွေပါ ကျယ်ကျယ် လောင်လောင် ထွက်ပေါ်လာနေပါတယ်။
လက်ရှိအနေအထားမှာ ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ ထောင်ဒဏ်အနှစ် ၂၀ အထိပဲ ချမှတ် နိုင်ပါသေးတယ်။ ဒီလိုဖြစ်စဉ် ဖြစ်ရပ်မျိုးတွေကို ထိထိရောက်ရောက် အပြစ်မပေးနိုင်သေးတာကြောင့် အမျိုးသမီးတွေ အပေါ် အဓမ္မပြုကျင့်မှုတွေ ဆက်ရှိနေမှာကို မလိုလားကြပါဘူး။ ဒီလိုအဓမ္မပြုကျင့်၊ လုယက်၊ လူသတ်မှု ကျူးလွန်သူကို သေဒဏ်အထိ ချမှတ်ဖို့ အမျိုးသမီးအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

အလားတူ အဖြစ်မျိုးတခုက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာတုန်းက ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်ထဲမှာ အသက် ၁၈ နှစ်အရွယ်ပဲရှိသေးတဲ့ လားဟူတိုင်းရင်းသူ မအေပီလှဟာ ရက်ရက်စက်စက် အသတ်ခံခဲ့ရတဲ့အပြင် မီးရှို့အလောင်းဖျောက်ဖျက်တာပါ ခံခဲ့ရပါတယ်။ သူမနဲ့ ခင်မင်တဲ့ အမျိုးသမီးတဦးရဲ့ ခင်ပွန်းက ငါးကင်စားချင်လို့ လာပို့ပေးပါဆိုပြီး ဖုန်းဆက်တဲ့အတွက် သွားပို့ပေးရာမှာ သတ်ဖြတ်ခံခဲ့ရတာပါ။ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂ ရက်နေ့က ကျိုင်းတုံလွယ်မွေဘက်သွားတဲ့ လမ်းဘေးတနေရာမှာ မီးရှို့ခံထားရတဲ့ သူမရဲ့ အလောင်းကိုတွေ့ခဲ့ရပြီး သူမလက်မှာ တွေ့တဲ့ လက်စွပ်ကနေ တဆင့် ကျူးလွန်သူကို ခြေရာခံဖမ်းမိခဲ့တာပါ။ ဘာရန်ငြိုး ရန်စမှမရှိဘဲနဲ့ ငါးကင်ပို့ဆိုလို့ လာပို့တဲ့မိန်းကလေးကို သတ်ဖြတ် အလောင်း ဖျောက်ဖျက်ခဲ့တာ ဖြစ်ပါတယ်။

Images Credit - Original Source
အခုလို ရန်ကုန်မှာရော၊ နယ်တွေမှာပါ အမျိုးသမီးတွေရဲ့ ဘဝ လုံခြုံမှုမရှိဘဲ ရက်ရက်စက်စက် သတ်ဖြတ်ခံနေရတဲ့ ကိစ္စတွေအပေါ် ထိရောက်တဲ့ပြစ်ဒဏ် ဘယ်လိုပေးမလဲလို့ အမျိုးသမီးနှင့် ကလေးသူငယ်ဆိုင်ရာ ကော်မတီအတွင်းရေးမှူး ဒေါ်စူစန်နာလှလှစိုးကို မေးမြန်းကြည့်တော့ သူမရဲ့အမြင်ကို အခုလို ပြောပြပါတယ်။
ကျူးလွန်သူကို သေဒဏ်အထိပေးဖို့ပြောနေတာ ကျမလည်းကြားပါတယ်၊ မ…….ရဲ့ ကိစ္စမှာလည်း လူသတ်၊ ပစ္စည်းယူ၊ မုဒိန်းကျင့်တာ ဖြစ်တဲ့အတွက် အမြင့်ဆုံးပြစ်ဒဏ် သေဒဏ်အထိ ချမျတ်နိုင်ပါတယ်၊ ဒီလိုအမှုတွေမှာ ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်နိုင်ဖို့လည်း ဆက်ပြီး ကြိုးစားသွားရမှာပါလို့ ဆိုပါတယ်။ အမျိုးသမီးအရေး လှုပ်ရှားနေတဲ့ ဒေါ်ခင်လေးကလည်း “အမျိုးသမီးတွေရဲ့ ဘဝလုံခြုံမှု အတွက် အားလုံးမှာ တာဝန်ကိုယ်စီ ရှိပါတယ်၊ အစိုးရ တာဝန်ရှိသူတွေတောင် ကိုယ့်ပြည်သူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ အားနည်းတာ၊ ပျက်ကွက်တာ၊ တာဝန်မကျေတာတွေ ဖြစ်နေတဲ့အချိန်မှာ ပြည်သူအချင်းချင်းပဲ ကူညီဖေးမ စောင့်ရှောက်ကြရမှာပေါ့၊ အထူးသဖြင့် ဂုဏ်သိက္ခာရှိတဲ့ အမျိုးသားတွေက အမျိုးသမီးတွေကို ကာကွယ်စောင့်ရှောက် ပေးစေချင်ပါတယ်” လို့ ပြောပြပါတယ်။
အမျိုးသမီးတွေ အနေနဲ့လည်း တခုခု အန္တရာယ်ကျရောက်ခဲ့ရင် ဘယ်လိုကာကွယ်နိုင်မလဲ ဆိုတဲ့ အစီအမံလေးတွေ ရှိထားသင့်ပါတယ်။ တယ်လီဖုန်း အားသွင်းကြိုး၊ နားကြပ်ကြိုး၊ ဘီး၊ ထမင်းချိုင့်၊ ထီးတွေကို အသုံးပြုပြီး အန္တရာယ်ပြုလာသူကို အနိမ့်ဆုံးအဆင့် ဘယ်လို တုံ့ပြန်နိုင်မလဲဆိုတာ သိအောင် ပြင်ဆင်ထားဖို့ လိုလာပါပြီ။

Images Credit - Original Source
အမျိုးသမီးတွေ အနေနဲ့ တယောက်တည်း သွားလာရင် ငရုတ်ကောင်း၊ စပရေးဘူး၊ Alarm ဘောလုံး၊ အိတ်ဆောင် ဓာတ်မီးကျဉ်စက်တွေကို ဆောင်ထားသင့်တယ် လို့ အကြံပြုတာတွေလည်း ရှိလာပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် အတွင်းမှာလည်း လူသတ်မှုနဲ့ မုဒိန်းမှုတွေ များလာခဲ့တာ အမှန်ပါ။
အရေးကြီးတာက ပြစ်မှုကျူးလွန်သူတွေအပေါ် သေဒဏ်အထိချမှတ်နိုင်တဲ့ ဥပဒေပြဋ္ဌာန်းဖို့ လိုအပ်နေတာပါ။ တကယ်လို့ ဥပဒေအရ ထိရောက်တဲ့ပြစ်ဒဏ်တွေ မချမှတ်နိုင်ခဲ့ရင် တဖက်ကလည်း အစိုးရအနေနဲ့ အမျိုးသမီးတွေရဲ့ လုံခြုံမှုအတွက် အာမမခံနိုင်ရင် ဒီလို လက်ရဲဇက်ရဲ ကျူးလွန်မှုတွေ ဆက်လက် ဖြစ်နေဦးမှာမို့ ပြည်သူတွေ ဘက်က ဆန့်ကျင်တဲ့ အသံတွေ၊ လှုပ်ရှားမှုတွေ ပြုလုပ်ရမှာပါ။ ဒါအပြင် အမျိုးသမီးတွေ အနေနဲ့လည်း လုံခြုံရေး သတိ အမြဲရှိထားသင့်ပါတယ်။

Images Credit - Original Source
အသက်ထက်ပိုပြီး ဘာကမှ အရေးမကြီးလို့ ဘတ်စ်ကားပဲ စီးတော့မယ်၊ နောက်ပြီး မဖြစ်မနေပဲ တက္ကဆီငှားစီးရရင်တောင် ငရုတ်ကောင်း စပရေးဘူးဆောင်ထားမယ် လို့ စဉ်းစားထားပါတယ်။

@hninhninaye

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center