မမေ့သော ပုဂံ (Final Chapter)

FB_IMG_1527335451652.jpg

သူငယ်ချင်းများကို လှမ်းကြည့်တော့ သူတို့ဘေးတွင် ခပ်စောစောက ကျနော့်ကို ဘုရားသမိုင်း ရှင်းပြပေးမယ် ပြောခဲ့သည့် ကလေးမလေးကို တွေ့၏။ ပါးစပ်တလှုပ်လှုပ်နှင့် ရှင်းပြနေ၏။ ကျနော် စောင့်နေသည့် နေရာနှင့် ဝေးနေသောကြောင့် ဘာတွေ ပြောနေ ရှင်းပြနေသည်ကိုတော့ မကြားရပေ။ သူတို့ ဘုရားတပတ် ပတ်ပြီးချိန်မှာတော့ ကလေးမလေး၏ ဘုရားသမိုင်း ရှင်းပြမှုသည်လည်း ပြီးသွားပြီ ဖြစ်၏။ ကျနော်တို့လည်း ဘုရား၌ အမှတ်တရာ ဓါတ်ပုံများ ရိုက်ကြ၏။ အဖွဲ့လိုက်ပုံကို ထိုဘုရားသမိုင်း ရှင်းပြသည့် ကလေးမလေးကပင် ရိုက်ပေးသွား၏။

ဘုရားပေါ်က ပြန်ဆင်းခါနီးမှာ အခြား သူငယ်ချင်း (၃) ယောက်က အရင် ဆင်းနှင့်သွား၏။ ကျနော်နှင့် နောက်သူငယ်ချင်းတယောက်ကမူ ဘုရားရင်ပြင်တော်ပေါ်ရှိ ခေါင်းလောင်းများထားရာနေရာတွင် ဓါတ်ပုံ ရိုက်ရင်း ကျန်နေခဲ့၏။ ကျနော်တို့လည်း စိတ်ကျေနပ်အောင် ဓါတ်ပုံများ ရိုက်ပြီး သကာလ ဘုရားပေါ်မှ ဆင်းရင် ပြင်လိုက်၏။ ထိုအခါ အစောက သူငယ်ချင်းများကို ဘုရားသမိုင်း လိုက်ရှင်းပြနေသည့် ကလေးမလေးက သူမအား မုန့်ဖိုးပေးရန် တောင်း၏။

“ အကိုတို့ ညီမကို မုန့်ဖိုး ပေးသွားဦးလေ ”

အမ် … ကျနော်တို့ (၂) ယောက်လုံး ကြောင်အမ်းအမ်း ဖြစ်သွား၏။ ကျနော့်ဘေးက သူငယ်ချင်းက

“ ဟေ ... အစောက အကိုတွေ မပေးသွားဘူးလား ”
“ ပေးတယ်။ ဒါပေမယ့် (၅၀၀) ထဲ ”

IMG_20180804_092559.jpg

ဟမ် .…. ကျနော်တို့ (၂) ယောက်လုံး အံသြရပြန်၏။ သူငယ်ချင်းက အခြားသူငယ်ချင်းများကို ရှာ၏။ အနီးနားမှာ သူတို့ကို မတွေ့။ စောင်းတန်းကနေ ဆင်းသွားနှင့် ကြပြီ ဖြစ်၏။ ကျနော်လည်း ပိုက်ဆံအိတ်ထဲမှ ပိုက်ဆံ (၁၀၀၀) ထုတ်ပြီး ပေးလိုက်၏။ ထို့နောက် ကျနော်တို့ သူငယ်ချင်း (၂) ယောက်လည်း အတူ ဆင်းလာလိုက်၏။ ကျနော်က တဗျစ်တောက်တောက်နှင့် စကားဆိုလာ၏။ ဟိုလူတွေဗျာ ဒီလောက် ဘုရားတပတ် ပတ်ပြီး လိုက်ရှင်းပြသူကို (၅၀၀) ထဲပေးရတယ်လို့ ဘာ ဖြစ်တယ်၊ ညာ ဖြစ်တယ်ပေါ့။ ဘေးက သူငယ်ချင်းက နေပါဦး သူ မေးကြည့်ဦးမယ် ဆို၏။ ကျနော်က ဟောဟော ဒိုင်းဒိုင်း သမားဆိုတော့ သူငယ်ချင်းက သူက ဦးအောင်မေးမည်ဟု ပြောထားခြင်း ဖြစ်၏။ အရင်ဆင်းနှင့်သွားသော သူငယ်ချင်းများကို Ebike များ ရပ်ထားသည့် နေရာမှာ တွေ့၏။ ထိုသူငယ်ချင်းက ကျနော့် အရင် ဦးအောင် သူငယ်ချင်းများကို မေး၏။

“ ဆရာ … အစောက ဘုရားသမိုင်း ရှင်းပြတဲ့ ကလေးမလေးကို မုန့်ဖိုးပေးလိုက်သေးလား ”
“ ပေးလိုက်တယ်လေ ဗျာ။ ”
“ ဘယ်လောက်လဲ ဆရာ ”
“ (၂၀၀၀) လေဗျာ ”
ဟမ် .... ကျနော်တို့ (၂) ယောက် ပါးစပ်အဟောင်းသွား ဖြစ်သွား၏။ ဘာစကားမျှ မဆိုနိုင်တော့။ ကျနော်တို့ ခံလိုက်ရပြီ ဖြစ်၏။ ဘာလို့လဲဆိုပြီး သူငယ်ချင်းများက မေးသည်ကိုတောင် မဖြေနိုင်သေးပဲ ဖြစ်နေ၏။ တအောင့်လောက် နေမှ ဖြစ်စဉ်ကို ပြန်လည် ပြောပြနိုင်တော့၏။ ထိုအခါ သူငယ်ချင်းတွေလည်း ပါးစပ် အဟောင်းသား ဖြစ်ကုန်ကြ၏။ အာလုံးရဲ့ မျက်နှာမှာ တူညီသော အမူအရာလေးတွေနဲ့။ ငါတို့တော့ ခံလိုက်ရပြီ။

P80804-182329.jpg

အယုံလွယ်သော၊ စာနာတတ်သော ကျနော်တို့ရဲ့ စိတ်စေတနာကို ခုတုံးလုပ်သွား၏။ စိတ်ထဲမှာ ထိုသို့ ခံလိုက်ရလို့ ခံပြင်းသည်ထက် ၀မ်းနည်းသည့် စိတ်ကသာ ကြီးစိုးနေ၏။ ပိုက်ဆံကို နှမြောလို့ မဟုတ်ပေ။ စေတနာကို တလွဲအသုံးချသွားလို့ စိတ်မကောင်းခြင်း ဖြစ်၏။ ထို့ပြင် တခြားနေရာမှာ မဟုတ်။ သမိုင်းဝင် ဘုရားမြေ၊ မြင့်မြတ်သော မြေနေရာကြီးမှာ။ ထိုက်သင့်သည့် မုန့်ဖိုး ရယူထားပြီး မဟုတ်လား။ အဘယ်ကြောင့် ထိုသို့ လုပ်ရက်လေသနည်းဟု ကျနော့်မှာ ယူကြုံးမရ ဖြစ်မိ၏။

အမယ်လေး ပိုက်ဆံလေး (၁၀၀၀) လောက် ပေးလိုက်ရတာကိုများဟု ခနဲ့လိုက ခနဲ့နိုင်၏။ ဟုတ်ပါသည် ငွေအားဖြင့်တော့ (၁၀၀၀) လေးသာ ဖြစ်၏။ ချိုးဖျက်ခံလိုက်ရသည့် စေတနာ၊ ကရုဏာ၊ လေးစားမှု၊ ရိုးသားမှုများက (၁၀၀၀) ဖိုးစာ မကပေ။ ရောမမြို့ကြီးကို တရက်ထဲနှင့် တည်ဆောက်လို့ မရပေ။ သို့သော် တရက်ထဲနှင့်တော့ ဖျက်ဆီးလို့ ရ၏။ နိုင်ငံ တခု အဆင့်အတန်းမြင့်ဖို့ တိုးတက်ဖို့သည် အစိုးရပ် တရပ်မှာပဲ တာဝန် ရှိသည် မဟုတ်ပေ။ နိုင်ငံတွင်းမှာ မှီတင်းနေထိုင်သည့် နိုင်ငံသူ၊ နိုင်ငံသား အားလုံးနှင့်လည်း သက်ဆိုင်၏။ ကျနော်တို့ မျှော်မှန်းသည့် မျှော်လင့်သည့် နိုင်ငံတော် ဖြစ်လာဖို့ နိုင်ငံသူ၊ နိုင်ငံသား အားလုံး၏ အခြေခံ စိတ်ဓါတ်ကစ ပြီး ပြည့်စုံ၊ ကောင်းမွန်နေဖို့ လို၏။

နိုင်ငံသူ နိုင်ငံသားတို့၏ အခြေခံ စိတ်ဓါတ် စိတ်ထားများ မပြုပြင် မကောင်းမွန်လာ သေးသရွေ့တော့ ကျနော်တို့ မျှော်လင့်ထားသည့် ရွှေပြည်တော်ကြီးသည် မျှော်တိုင်း ဝေးနေဦးမှာပင် ဖြစ်၏။

Don Jaun

MSC 31

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center