သီတင်းကျွတ်လပြည့်နေ့မှအမှတ်ရစေသောဓလေ့ကောင်းများ

image
Steemit members အားလုံး မင်္ဂလာပါရှင်။ မြန်မာတို့၏ အထူးတလည် ကုသိုလ်ပြု သီလ စောင့်တည် ကြသော ဝါးတွင်းကာလလေး ကုန်ဆုံးပြီးလို့ သက်သေပြုတဲ့ သီတင်းကျွတ် လပြည့်နေ့လေး မကြာခင် ရက်မှာ ရောက်လာတော့မှာ မဟုတ်လား။ ထိုနေ့လေးဟာ မြန်မာတို့ရဲ့ အထွတ်အမြတ် ထားရတဲ့နေ့တွေထဲမှ နေ့တစ်နေ့ပဲလေ။
image
မြန်မာလူမျိုးတို့ဟာ ဝါတွင်းကာလမှ မဟုတ်ပါဘူး အခြားခြားသော နေ့တွေမှာလည်း တက်အားသရွေ့ တတ်နိုင်သလောက် ကုသိုလ်ပြုနေကြသူများလို့ ဆိုလည်းမမှားပါဘူးနော်။ ဒီလိုနေ့ထူးနေ့မြတ်တွေဆို ပိုလို့တောင် ကုသိုလ် ဒါနပြုကြသူများ ဆိုတာ မိုကတော့ လုံးဝယုံကြည်ပါတယ်။ ဘာလို့ဆို မြန်မာလူမျိုးများဟာ ကောင်းတာ လုပ်ရင် ကောင်းတာဖြစ်မယ်၊ မကောင်းတာလုပ်ရင် မကောင်းတာ ဖြစ်မယ်ဆိုတာ ယုံကြည်ကြသူတွေ မဟုတ်လား။ အဓိက ရေးချင်တာကတော့ သီတင်းကျွတ် လပြည့်နေ့ လေးရဲ့ အကြောင်းလေးပါ။ သီတင်းကျွတ်လပြည့်နေ့ဟာ ဝါတွင်းကာလလေးနဲ့ ဆက်နွယ်နေတာမို့ ဝါတွင်းကာလလေးမှာ ကုသိုလ် အထူးပြုကြောင်း လေးကိုပါ ထည့်ရေးထားတာပါ။
image
မြန်မာတို့ဟာ သီတင်းကျွတ် လပြည့်နေ့လေးမှာ ကုသိုလ် ဒါနပြုကြ သလို အခြားအခြားသော ပျော်ရွှင်ဖွယ်ရာ ဓလေ့ကောင်း များကိုလည်း ပြုလုပ်လေ့ ရှိကြတာလည်း တကယ့်ကို နှစ်လိုဖွယ် အကျင့်ကောင်းလေးများပဲ မဟုတ်လား။ မြန်မာလူမျိုးများဟာ သီတင်းကျွတ်လပြည့်နေ့ မှာဆို မဖြစ်မနေ ဘုရား၊ကျောင်းကန်များကို ရောက်အောင် သွားလေ့ရှိကြပါတယ်။ ဘုရားပေါ်မှာ ဆီးမီးများ ထွန်းညှိ ပူဇော်ကာ သီတင်းကျွတ် လပြည့်ညရဲ့ အလှတစ်ရားကို ခံစား လေ့ရှိကြတယ်။ အိမ်တိုင်း အိမ်တိုင်းမှာလည်း ဆီမီးများဖြင့် ပူဇော်လေ့ ရှိကြတာဟာ ကောင်းမွန်သော အလေ့အထပဲလေ။ မိုတို့ ရပ်ကွက်လေးမှာလည်း တစ်အိမ်နှင့်တစ်အိမ် အပြိုင် ဆီးမီးများ ထွန်းညှိ ပူဇော်ကြတာပေါ့။ ဆီမီးများဖြင့် ထိန်ထိန်သာသာ နေသော လပြည့်နေ့ လေးပါ။
image
စာရေးသူ ငယ်ငယ်တုန်းကဆို ရပ်ကွက်ထဲမှာ ရွယ်တူ သူငယ်ချင်း မရှိလို့ ကိုယ့်ထက်ငယ်တဲ့ ကလေးများနှင့်သာ အပေါင်းအသင်း လုပ်ရလို့ ကလေးဗိုလ်လို့ပင် ပြောရလောက်ပါတယ်။ သီတင်းကျွတ် လပြည့်ည ရောက်တိုင်းမှာလည်း ကလေးများ စုစည်းကာ လမ်းထိပ်က ဗန်ဒါပင်က ဗန်ဒါရွက်များ ခူးကာ နို့ဆီဗူး အခွံလေးများမှာ ကပ်၍ ဖယောင်းတိုင်များ ထွန်းညှိကာ လမ်းစမှ လမ်းဆုံး တစ်လမ်းလုံး စီကာ လှပစွာ မီးထွန်းညှိ ပူဇော်ကြတာလေ။ အခုတော့ အသက်ကကြီးလာ အပေါင်းအဖော် ကလေးတွေကလည်း ကိုယ့်နားမရှိနိုင်ကြတော့ မလုပ်ဖြစ်တာ ကြာပေါ့။ ဒါပေမဲ့ သီတင်းကျွတ် လပြည့်နေ့ ရောက်တိုင်း အဲ့လို ပျော်ပျော်ရွှင်ရွှင် စုစုစည်းစည်း နဲ့ ကောင်းသော အလေ့အထ ဓလေ့ကောင်းကို ဦးဆောင်လုပ်ခဲ့ရတာကို အမြဲတမ်း အောက်မေ့ နေတုန်းပါ။ အခုချိန်မှာတော့ ကိုယ့်အိမ်ကို ဆီမီးပူဇော် မီးပုံးထွန်း သူများမီးပုံးလွှတ်တာတွေ လိုက်ကြည့်ရင်းနဲ့ လပြည့်ညရဲ့ အရသာကို ခံစား နေတာပေါ့။ မီးပုံးလွှတ်ဆို အဲ့တုန်းက ကလေးတွေနဲ့ မှတ်မှတ်ရရ ကမ်းနားသွား မီးပန်းလွှတ်ခဲ့ကြတာလည်း တကယ့်ကို ပျော်စရာပါ။ ကမ်းနားမှာ မိုတို့လို မီးပန်းလွှတ်သူများကြီးမို့ တကယ့်ကို စည်းကားလွန်းပါတယ်။ အခုတော့ လပြည့်နေ့လေး ရောက်တော့မှာမို့ အရင်က လပြည့်နေ့မှာ လုပ်ခဲ့ဘူးတဲ့ အမှတ်တရလေးတွေ ပြန်လွမ်းလာမိလို့ အမှန်ပါ။
image
နောက်ထပ် ကောင်းတဲ့ ဓလေ့ တစ်ခုကတော့ မိုတို့ မြန်မာလူမျိုးများဟာ ဝါဝင် ဝါထွက် အဖိုး အဖွါး လူကြီး မိဘ ဆရာသမား ကိုယ့်ထက် အသက်ဂုဏ်ဝါကြီးသူ များကို လိုက်လံ ကန်တော့ လေ့ရှိကြတာပါပဲ။ ဒါဟာ မွန်မြတ်တဲ့ ဓလေ့ တစ်ခု ဖြစ်သလို ကန်တော့ ခွင့်ရခြင်းကြောင့် ကိုယ့်ရဲ့ အမှားများ အပြစ်များကို တောင်းပန်ခွင့်ရတာဟာ တကယ့်ကို တန်ဖိုးကြီးပါတယ်။ မိုတို့ဆို အိမ်မှာ လူများတော့ ပတ်ပတ်လည်လည် တစ်ယောက်ပြီး တစ်ယောက် ကန်တော့တာ လူကြီးတွေက ဆုတွေပေး မုန့်ဖိုးတွေပေးနဲ့ တစ်အိမ်သားလုံး စည်စည်ကားကားနဲ့ လပြည့်နေ့မှာ မွန်မြတ်သော ဓလေ့ကို အစဉ်အလာမပြတ်အောင် ထိန်းသိမ်း နေကြတာလေ။
သီတင်းကျွတ် လပြည့်နေ့မှာ ကုသိုလ်လည်းပြု ဆီမီးများဖြင့်လည်း ပူဇော် ဘိုးဘွား မိဘများကိုလည်း အစဉ်အလာ မပြတ်ကန်တော့ရင်း လပြည့်ညရဲ့ အနှစ်သာရကို ခံစားစေချင်လို့ပါ။ မိုတို့ ငယ်ငယ်က သီတင်းကျွတ် လပြည့်နေ့လေးရဲ့ ပျော်ရွှင်ဖွယ် အမှတ်တရလေးများကို ရေးသား လိုက်ရပါတယ်နော်။
Steemit members အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေနာ်။
Author @ayemomo
Photo by google

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center