ကချင်မြေမှာသောက်ခဲ့ရတဲ့ခေါင်ရည်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မိုးဆက်တိုက်ရွာပြီး ရေတွေလည်း ကြီးနေပြီဗျာ ။ ကျွန်တော် အခု လက်ရှိရောက်နေတဲ့နေရာကတော့ ဝိုင်းမော်မြို့နယ် ဂွေထု အထူးဒေသထဲက အင်ပွန်-ဟန်းဂေါ ဆိုတဲ့ ကချင်ရွာလေးမှာ ရောက်နေတာဗျ။
2327588585_551d725b7b.jpg
မိုးကလည်းရွာ မိုးအေးအေးနဲ့ဘယ်မှလည်း သွားလို့မဖြစ်တာနဲ့ ရွာထဲက ကချင်မ လေးတွေနဲ့ ခေါင်ရည် ဝိုင်းဖွဲ့သောက်ဖြစ်ကြတယ်ဗျ။
ခေါင်ရည်ဆိုတာကတော့ အရက်နွယ်ဝင် တစ်မျိုးပြီးဖြစ်ပြီး ကစော်ဖောက်ထားသော ရိုးရာ ယမကာ တစ်မျိုးလည်းဖြစ်ပါတယ်။ အရောင်မှာဖြူပြီး ခပ်နောက်နောက် ရှိပြီး အရသာကတော့ ချိုပါတယ်။ ခေါင်ရည်ဆိုတာကတော့ ဘီယာလိုပဲ တစ်ချို့ဒေသတွေမှာ ဓလေ့အရ သောက်သုံးကြပါတယ်။ အထူးသဖြင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်တို့မှာ ရိုးရာဓလေ့ အနေနဲ့ သောက်သုံးကြပါတယ်။ ကချင်မလေး လေးယောက်ရယ် ကျွန်တော်ရယ် ဝိုင်းဖွဲ့နေကြတာဗျ။
res-4 edit.jpg
အမြည်းကတော့ အနားမှာ နန်ခေါင် ချောင်း ဆိုတာ ရှိသဗျ ။ချောင်းထဲက ရလာတဲ့ ငါး နဲ့ကင်ပွန်းချဉ်ကို ကချင်လို ဖက်ထဲ ထည့်ပေါင်းထားတဲ့ ငါးပေါင်းရယ် ခါ ကြော်ရယ် လက်လက်သုပ် ရယ်ပေါ့ဗျာ ။ ဟာ ဒီကောင် steemit မှာ အရက်အကြောင်း လာပြောနေတာလား လို့တော့ မထင်စေ ချင်ဘူးဗျ ။ ဒီဒေသ မှာတော့ ခေါင်ရည်သောက်တာာ ယောက်ျားဖြစ်ဖြစ် မိန်းမ ဖြစ်ဖြစ် ဒါ ဟာ ရိုးရာဓလေ့ တစ်ခု ပါပဲ။
သောက်ခဲ့ရတဲ့ ခေါင်ရည်က ချိုမြမြလေးနဲ့ ရီဝေဝေလေး ဆိုတော့ သူတို့ရဲ့ ခေါင်ရည် ပြုလုပ်ပုံ ပြုလုပ်နည်းကို စပ်စု ကြည့်မိတယ်ဗျ။ သူတို့ပြောပြတဲ့နည်းကို အခု steemit မှာ post တင်စရာ တစ်ခု အဖြစ်နဲ့ရော ဖောက်သည် ချ ချင်တာရယ်ကြောင့်ပဲ ဗျ။
ကချင်မလေးတွေ ပြောပြတဲ့ခေါင်ရည် ပြုလုပ်နည်းကတော့
ခေါင်ရည်ကို ချက်ပြီးသား ကောက်ညှင်း ဒါမှမဟုတ် ဆန်ကို တဆေးနဲ့ ရောပြီး ခေါင်ရည် တည်ယူရတယ်လို့ပြောပြပါတယ်။ ကောက်ညှင်းနဲ့ တည်ယူတဲ့ ခေါင်ရည်က ပိုပြီး ကောင်းတယ်လို့ ဆိုပါတယ်။ တဆေးဆိုတာကတော့ ဂျုံ၊ ဆန်၊ ကောက်ညှင်း၊ သကြား၊ ထန်းလျက်တို့ကို ဓာတ်ပြုစေတဲ့ အရာဖြစ်ပါတယ်။
ခေါင်ရည် ဖောက်ရာမှာ အဓိက ပါဝင်ရမဲ့ အရာတွေကတော့
ကောက်ညှင်းဆန် ဒါမှမဟုတ် ဆန် ပေါ့ဗျာ ပြီးတော့
ဖက်ရွက် သန့်သန့် လိုအပ်တယ်တဲ့ခင်ဗျ။ ပြီးတော့ တဆေး နောက် တည်မယ့်အိုး (သို့)၀ါးကျည်ထောက် တို့လိုအပ်တယ်တဲ့ခင်ဗျ။ ကချင်မလေးတွေနဲ့ ဝိုင်းဖွဲ့စားသောက်ရင် ဆက်မေးကြည့်တယ်ဗျ ။ သူတို့ဆက်ပြောပြတာက
FB_IMG_1502520479721.jpg
ခေါင်ရည်တည်ရာမှာ ပထမဦးဆုံး ကောက်ညှင်း သို့မဟုတ် ဆန်ကို နူးနပ်နေအောင် ချက်ရမယ်လို့ဆိုပါတယ်။ ကျက်တဲ့ အခါမှာ ဆေးထားတဲ့ ဖက်ရွက် အသန့်တွေပေါ်မှာ ဖြန့်ပြီး အအေးခံရပါမယ်တဲ့။ အေးတဲ့ အခါ တဆေးနဲ့ ရောပြီး အိုးထဲကို ထည့်ရမယ် ဆိုပါတယ်။တစ်ခုသတိပေးသေးတယ်ဗျ ။အိုးတွေဟာ အသစ်တွေ ဖြစ်ရပါမယ်လို့ဆိုပါတယ်။ အခြားအရာတစ်ခုခု ထည့်ထားတဲ့ အိုးတွေကို သုံးလို့ မရပါဘူးတဲ့ ဘာဖြစ်လို့လဲ့မေးတော့အချဉ်ပေါက်သွားနိုင်လို့တဲ့ သုံးပြီးသား အိုးတွေက။ ခေါင်ရည်တည်ပြီးသားဆိုရင်တော့ အိုးကို ထပ်ပြီးသုံးလို့ ရပါတယ်တဲ့။ဒီဘက်က လူတွေကတော့ များသော အားဖြင့် အ၀ကျယ်တဲ့ ၀ါးဘိုး ၀ါးကျည်ထောက်တွေကို အသုံးပြုကြပါတယ်။ အခု ကျွန်တော့်ကို တိုက်တာကလည်း ဝါးကျည်တောက် ထဲက နေ ငှဲ့ငှဲ့ တိုက်နေတာဗျ။
ဒီလိုနဲ့ ကျွန်တော်လည်း ဆက်ပြီး ခေါင်ရည်နဲ့ပတ်သက်တာလေးတွေ ဆက်မေးကြည့်ရတာပေါ့ဗျာ။ အူလည်း အတော်လေးရွှင်ပြီး စိတ်ထဲမှာ ပျော်လာသလိုလိုဗျ ။ သောက်ကောင်းကောင်းနဲ့သောက်လိုက်တာ ခေါင်ရည်က အစွမ်းပြလာတယ် ထင်ပါရဲ့ဗျာ ။
သူတို့ဆက်ပြောပြတာက
ခေါင်ရည်တည်ထားတဲ့ အိုးတို့ ဝါးကျည်တောက်တို့ကို အမှိုက်တွေ မ၀င်စေဖို့ လုံအောင် ပိတ်ထားရပါမယ်တဲ့။ ခေါင်ရည်အိုးကို နေရောင်ခြည်ထဲမှာ ထုတ်ထားပါတဲ့ နေရောင်ဟာ ဓာတ်ပြောင်းဖို့ အတွက် အဓိက အကူအညီ ပေးတယ်လို့ ဆိုပါတယ်။ ရက်အနည်းငယ်လောက် ထားပြီးရင် တော့ဓာတ်ပြောင်းလဲပြီး ကဇော်ပေါက်လာပါပြီ။ အိုးကို ဖွင့်ကြည့်ရင် အပေါ်ယံမှာ မှိုတွေကို တွေ့ရမှာ ဖြစ်ပြီး ဆန်တွေထဲကနေ အရည်တွေ စိမ့်ထွက်နေတာ တွေ့ရပါလိမ့်မယ်။ နောက်ထပ် ရက်အနည်းငယ် ထပ်ပြီး ထားလိုက်တဲ့ အခါ ဆန်တွေ ကြေသွားပြီး အဖတ်တွေ အနည်ထိုင်ကာ ကြည်လင်တဲ့ အရည်တွေကို တွေ့ရပါလိမ့်မယ်။ ဒါဆိုရင်တော့ ချိုမြတဲ့ ခေါင်ရည် ရပါပြီတဲ့ ။ သောက်လို့ရပြီပေါ့ဗျာ။ ခေါင်ရည်ဟာ ဝိုင်အရက်များလို ကြာကြာထားလေ ကောင်းလေပဲလို့လည်း ပြောပြကြသေးတယ် ခင်ဗျ ။ တစ်ချို့ဆိုရင် ရောင်းစားဖို့ မ ဟုတ်ပဲ ကိုယ့်အိမ်မှာကို သောက်ဖို့နဲ့ ဧည့်သည်လာရင်ဧည့်ခံဖို့ ၃-၆နှစ် နှစ်ချို့အောင် လှောင်ထားကြတယ်တဲ့။ အခု ကျွန်တော့်ကို တိုက်တဲ့ခေါင်ရည်ဟာ နှစ်နှစ် ကြာအောင် စိမ်ထားတဲ့ဟာ တဲ့ဗျ။ သောက်ရတဲ့အရသာက အရမ်းချိုပါတယ်။ ချိုမြမြနဲ့သောက်လာလိုက်တာ ဝါးကျည်တောက် သုံးဗူး မြောက်မှာတော့ ကျွန်တော်လည်း တော်တော်လေး ဝေနေပြီဗျ။ သူတို့ကြည့်ရတာတော့ ဘာမှ ဖြစ်ပုံ မပေါ်ပါဘူး။
သူတို့ရဲ့ အဖေ အမေတွေ တောထဲ တောင်ယာခုတ် သွားတဲ့အခါ ရေဗူး ဆောင်မသွားဘူးတဲ့ဗျ ။ ခေါင်ရည်ကိုပဲ ဝါးကျည်တောက်နဲ့ ထည့်ဆောင်သွားတယ်တဲ့ဗျ။ ရေဆာတဲ့အခါ ခေါင်ရည်ပဲ သောက်ပါတယ်တဲ့။ အမောခံပြီး အလုပ်လည်း လုပ်နိုင်တယ်တဲ့။ သောက်ကြ စားကြရင်း သူတို့က ဘာမှ မဖြစ်ပဲ ကိုက တော့ မူးလာတာနဲ့ပြန်ခဲ့လိုက်တယ်ဗျာ။ ခေါင်ရည် လုပ်နည်းလေး မေးခဲ့တာကို ပြန်ပြောပြတာပါ။
FB_IMG_1502520498870.jpg

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center