မြန်မာ ပျူ အတူတူလား?

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01.png


ဒါကတော့ စာဖတ်မိပြီး ရေးချင်တာကို တွေးနေဖို့အချိန်မပေးနိုင်တာကြောင့် အတိုလေးဖြစ်ဖြစ် ရေးတင်ချင်လို့ ရေးတင်လိုက်တဲ့ စာ မေးခွန်းလေးလည်း ဖြစ်ပါတယ်။ မေးလို့သာ မေးရပါတယ်။ ကျွန်တော်တို့သာမန်လူတွေ အနေနဲ့မပြောနဲ့ သမိုင်းပညာရှင်တွေတောင် ဇဝေ ဇ၀ါ ဖြစ်နေဆဲပဲထင်ပါတယ်။ မေးခွန်းကို ကြည့်ပြီး သမိုင်း အကြောင်းတွေကို နားလည်ခဲ့မယ်ဆိုရင်တော့ ဖြေပေးကြစေချင်ပါတယ်။ မြန်မာ့သမိုင်းကို ဖျက်ဆီးခဲ့တာလည်း ဖြစ်နိုင်တာလေးတွေကို အချို့သော လေ့လာသူတွေအနေနဲ့ တွေ့ပင်တွေ့သော်လည်း ဘာမှ သေချာတိကျတဲ့ ထုတ်ပြန်ချက်မျိုးတွေကိုလည်း မဖတ်ရသေးပါဘူး။ ကျွန်တော်မဖတ်ရသေးတာလည်းဖြစ်ပါလိမ့်မယ်။ ဒီမေးခွန်းနဲ့ ပတ်သက်ပြီးတော့ သိရှိထားတာလေးများရှိရင် ကွန့်မန့်မှာ လမ်းညွှန်ပေးကြပါ။ စိတ်ဝင်စားမိလို့ပါ။ ခုတစ်လောလည်း သမိုင်းအကြောင်းတွေကိုပဲ စိတ်ဝင်စားနေမိသလိုပဲလို့ ကိုယ့်ကိုယ်ကို ပြန်ပြောနေမိတယ်။ တကယ်လည်း သမိုင်းစာတွေ တောင်ရှာဖတ် မြောက်ရှာဖတ်နဲ့ တိကျသေချာမှုနည်းခဲ့ကြတာကိုလည်း နှမြော မိပါတယ်။ ကျွန်တော်တို့ခေတ်မှာလည်း ထို့အတူတူပင်ဖြစ်နေသလား ဖြစ်မနေဘူးလားဆိုတာတော့ မသိပါဘူး။ အရင်က သမိုင်းဆိုတာတွေ ပထ၀ီဆိုတာတွေကို လွှင့်ပစ်ထားခဲ့တာကိုး။ နှစ်ပေါင်းအတော်တောင်ကြာခဲ့ပေါ့။ ကျောင်းသားဘ၀တုံးကသာ ပထ၀ီ တို့ သမိုင်းတို့ ဆိုတာတွေ အော်ကျက်ခဲ့ပြီးတော့ အတန်းတင်စာမေးပွဲ အောင်ပြီးကတည်းက အဲဒီ ပထ၀ီ သမိုင်းမြောင်းထဲလွှင့်ပစ်ခဲ့တာပဲ။ သမိုင်းဆိုတာကလည်း အမှန်အကန်ကို ရေးသားထားခဲ့မှလည်း နောင်လာနောက်သားတွေက သမိုင်းအမှန်ကို သိနိုင်မှာဖြစ်ပါတယ်။ ဂျင်းထည့်ထားတဲ့ သမိုင်းဆိုရင် နောင်လာနောက်သားတွေတွေက ဂျင်းထည့်ထားတဲ့ သမိုင်းကြီးကို အမှန်လို့ထင်ပြီး လက်ခံနေကြ ရတော့မှာပါပဲ။ အခုတင်ပေးတာတွေကိုလည်း ဗဟုသုတတစ်ခုအနေနဲ့ပဲ မှတ်ယူစေချင်ပါတယ်။


02.png


မြန်မာနိုင်ငံရဲ့သမိုင်းတွေကို မှတ်တမ်းတင်ခဲ့ကြတဲ့သူတွေကိုကြည့်ရင် အခြားနိုင်ငံသားတွေဖြစ်နေတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံရဲ့သမိုင်းကြောင်းကို မြန်မာတွေက မှတ်တမ်းမတင်နိုင်ခဲ့တာဘာကြောင့်လဲဆိုတာ တော့မသိပါဘူး။ သမိုင်းအထောက်အထားတွေကို ဖတ်မိရင် တစ်ခုနဲ့တစ်ခု ပါးစပ်ရာဇ၀င်တွေလိုပဲ ကွဲပြားမှုတွေ ပါလာတတ်တာကိုလည်း တွေ့ရပါတယ်။ လျောက်ရေးနေရင်တော့ ပြီးနိုင်မယ်မဟုတ်တော့ ခေါင်းစဉ်အတိုင်း ပဲဆက်ရေးတော့မယ်။ ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ မိတ်ဆွေပေါက်ဖော်ကြီးက BC နှစ်ရာစုလောက်ကတည်းက ယခုကျွန်တော်တို့နေထိုင်ရာမြန်မာနိုင်ငံကြီးကို သိရှိမှတ်တမ်းတင်ထားခဲ့ပါတယ်။ အံသြစရာပါပဲ။ ဒါပေမယ့် အဲဒီတုံးကတော့ မြန်မာနိုင်ငံရယ်လို့မှတ်တမ်းမဟုတ်သေးဘူးပေါ့။ “ဗြဟ္မာဒေသ” လို့ ခေါ်ဆိုခဲ့ပါသတဲ့ဗျာ။ ခေါ်တဲ့အခေါ်အဝေါ်အရဆိုရင်တော့ အတော်လေးဘ၀မြင့်စရာများဖြစ်နေမလားပဲနော်။ “ဗြဟ္မာနိုင်ငံ နဲ့ ဗြဟ္မာ လူမျိုး” ဆိုပြီးတော့ သိရှိမှတ်တမ်း တင်ထားရှိခဲ့တာတွေရှိနေပါတယ်။ ကာလကြာရှည်လာတဲ့အခါမှာတော့ ဗြဟ္မာ ကနေ ဗမာ ဆိုပြီးဖြစ်လာပုံရပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ရဲ့ ဆွေမျိုးပေါက်ဖော်ကြီးက “ဗမာ” ဆိုတာ အပြင် “ပျူ” ဆိုတဲ့ နာမည်ပွားနဲ့လည်း မှတ်တမ်းတင်ခဲ့ပါတယ်။ ဒီလိုဆိုရင်တော့ ဗမာ နဲ့ ပျူ က အတူတူပဲဆိုတာ ပေါ်နေပါတယ်။ ဒါပေမယ့်မယ့်လည်း သမိုင်းဆရာကြီးဖြစ်တဲ့ ဒေါက်တာ ဦးသန်းထွန်း ကလည်း “ပျူတွေ ဘယ်ပျောက်သွားသလဲ” ဆိုတဲ့ စာအုပ်ကို ထုတ်ဝေဖြန့်ချိခဲ့တယ်လို့ ကြားဘူးပါတယ်။ မဖတ်တော့မဖတ်ဘူးပါဘူးဗျ။ ဆရာကြီးရဲ့စာအုပ်အရဆိုရင် ဆရာကြီးအနေနဲ့ ပျူ တွေက မြန်မာ့မြေပေါ်ကနေ ပျောက်ကွယ်နေတယ် ရှာမရဘူး ဆိုတဲ့ အဓိပ္ပာယ်ဖြစ်နေပါပြီ။ ပျူသမိုင်းမှာကတော့ ပျူလူမျိုးတွေဟာ မြန်မာနိုင်ငံနေရာဒေသ အတော်များများကို ရောက်ရှိပျံ့နှံ့သွားပုံရပါတယ်။ စဉ်းစားစရာတွေ ဦးနှောက်ခြောက်မနေတော့ပါ ဘူး။ သမိုင်းဆရာတွေ၊ သုတေသီဆရာတွေ၊ ရှေးဟောင်းဆရာတွေ ဦးနှောက်ခြောက်ခံကြပါလိမ့်မယ်။


03.png


လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ်က ပါခဲ့တဲ့ ဆောင်းပါးတစ်ခုကို online မှာ ဖတ်လိုက်ရတော့လည်း ပျူ ဆိုတာ မြန်မာ့မြေမှာ သက်ရှိထင်ရှားရှိနေသေးကြောင်း ရေးထားခဲ့တာ ဖတ်ရတော့လည်း ကျွန်တော် ဘာမသိ ညာမသိ ကောင်မှာတော့ ဇဝေ ရယ် ဇ၀ါ ရယ် အမွှာတွေနဲ့ ဆက်လက်ချီတက်နေရဆဲပဲဖြစ်နေတာပါပဲ။ “ပျောက်ဆုံးနေသော ပျူ လူမျိုးများ ပြန်တွေ့ပြီ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးရေးခဲ့တာဖြစ်ပါတယ်။ ရေးသားသူကတော့ “ပျူဆရာ ရှိန်းဂေရှိန်း(မင်းတပ်)” က ရေးသားခဲ့တာဖြစ်ကြောင်း သိရပါတယ်။ နယ်ချဲ့ အစိုးရများဟာ မြေအောက်မှာ မြုတ်နေတဲ့ သရေခေတ္တရာမြို့ဟောင်းကို တူးဖော်တယ်၊ တွေ့ရှိလာတဲ့ ပျူစာတွေကို ဘာသာပြန်တယ် ဒါပေမယ့် မြေပေါ်မှာရှိနေတဲ့ သမိုင်းတွေကိုဖြစ်တဲ့ ပျူတို့ရဲ့ ခြေရာလက်ရာတွေ ပျူလူမျိုးနဲ့တူညီမှုတွေကိုတော့ ဆက်လက်လေ့လာခြင်းမရှိပါဘူးတဲ့။ နယ်ချဲ့အင်္ဂလိပ်အစိုးရဟာ အရင်က သီးခြားနာမည်နဲ့နေထိုင်သူ လူမျိုးစုတွေကို အများပိုင်လုပ်သလိုပဲ အားလုံးသိမ်းကျုံးပြီးတော့ လူမျိုးစု တစ်ခုအဖြစ် သတ်မှတ်ပေးခဲ့တယ်လို့လည်းဆိုပါတယ်။ ဒါကြောင့်လည်း ပျူဆိုတာ ဘယ်လူမျိုးစုတွေမှန်း မသိတော့ပဲနဲ့ ရှိနေပါလျက်နဲ့ ပျောက်ကွယ်သွားရတယ်လို့လည်း ဆိုပါတယ်။ သက်သေ အထောက်အထား တွေကိုလည်း ဓာတ်ပုံတွေနဲ့ ဝေေ၀ဆာဆာဖော်ပြပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း နိုင်ငံတော်အနေနဲ့ကတော့ စာရေးဆရာ ခေါင်းစဉ်တပ်ခဲ့သလို ပျောက်ဆုံးနေတဲ့ ပျူလူမျိုးတွေ ပြန်တွေ့ပြီ လို့တော့ ပြောကြားသံ ကြေညာသံ မကြားမိဘူးလို့ထင်ပါတယ်။ ဒီအထဲမှာ ပျူ လူမျိုးတွေဆိုတာကတော့ ချင်းပြည်နယ်၊ မင်းတပ်၊ ပလက်ဝ စတဲ့ မြို့နယ်များတွင် နေထိုင်ခဲ့ကြသည်မှာ ခေတ်အဆက်ဆက်ဖြစ်ပြီး ပျူတို့အား ချင်းလူမျိုးဟု ရောနှောအခေါ်ခံခဲ့ရရာမှ ပျူ လူမျိုးများ ပျောက်ဆုံးကုန်ကြခြင်းဖြစ်ကြောင်း ရေးသားထားခဲ့ပါတယ်။ ပျူ တို့ဟာ ပရဲထိုးကြတယ်လို့ဆိုပါတယ်။ ပရဲဆိုတာက ခုခေတ်လိုဆို တက်တူးတွေပေါ့။ မျက်နှာသာမက တစ်ကိုယ်လုံးကိုထိုးကြတာတွေ့ရပါတယ်။ အဲဒီ ပရဲထိုးတတ်တဲ့အလေ့အကျင့်ရှိနေသေးတဲ့ တိုင်းရင်းသားလူမျိုးစုအများအပြားတော့ ရှိနေသေးတယ်ထင်ပါတယ်။ ဒါ့ကြောင့်လဲ ပျူတွေဟာ ပျောက်ဆုံးနေတာမဟုတ်ပဲ ပျူ ဆိုတဲံနာမည်ပျောက်ပြီး အခြားနာမည်တစ်ခုနဲ့ တိမ်မြုတ်နေတယ်လို့ဆိုပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့အနေနဲ့ ဘာမှ ဝေဖန်နိုင်ဖို့မရှိဘူးထင်တယ်ဗျ။ ဗဟုသုတအဖြစ်လောက်သာ မှတ်သားထားကြပါ။


04.png


မည်သို့ပင်ဆိုစေကာမူ ဒီလိုပဲအဆုံးသတ်ရတော့မှာပဲဖြစ်ပါတယ်ဗျာ။ တိကျသေချာတဲ့ အထောက်အထားတွေ က မရှိသေးသလို ရှေးကျလွန်းတဲ့မှတ်တမ်းမှန်သမျှကလည်း အခြားနိုင်ငံခြားသားတွေကပဲ မှတ်တမ်းတင်ခဲ့တာ ဖြစ်လေတော့ မှန်သည်မှားသည်ကို သိရန်အတော်မလွယ်တဲ့ကိစ္စတစ်ခုလို့ပဲ ယူဆလိုက်ပါတယ်။ စာတွေကို ပျူစာလား ဗမာစာလား မွန်စာလား လိုက်လံခွဲခြားနိုင်ဖို့အတွက်လည်း အဲဒီစာလုံးတွေကို ခွဲခြားနိုင်လောက်တဲ့ ရှေးဟောင်းမြန်မာစာပေအရေးအသားတွေ ရှိမှဖြစ်မယ်ထင်ပါတယ်။ လွယ်လည်း မလွယ်ကူလောက်ပါဘူး။ ယနေ့သိပ္ပံခေတ်ကြီးကလည်း အကူအညီမပေးနိုင်သေးဘူးလို့ ထင်ပါတယ်။ သာမန်အားဖြင့်ဆိုရင်တော့ ကျွန်တော်တို့ ဗမာ လူမျိုးများဟာ ပျူ တွေနဲ့ အတူတူပဲလို့ မှတ်ယူလိုက်ရမယ်ထင်ပါတယ်။ ဆွေမျိုးပေါက်ဖော်ကြီးရဲ့ မှတ်တမ်းတွေအရဆိုရင် သူတို့ကိုယ်တိုင်က ဗြဟ္မာ(ဗမာ) နဲ့ ပျူ ဆိုပြီးတော့ အတူတွဲ သုံးတယ်လို့ဆိုတားမဟုတ်လား။ ဘယ်လိုတွေပဲရှိနေပါစေ။ ခေတ်အဆက်ဆက်မှာ အခြားသောနိုင်ငံများက ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံကို သိမ်းယူဖို့ အပိုင်စီးဖို့ ကြိုးစားခဲ့ကြတာကိုတော့ အထင်အရှား လယ်ပြင်ဆင်သွား သလို မြင်နိုင်ခဲ့ပါတယ်။ ပျူသည် ပျူ မဟုတ်သလို ဗမာ သညှ်ဗမာ သာမဟုတ်တာတော့ သေချာပါတယ်နော။ ပျူသည်လည်း ဗမာ ဖြစ်ပြီး ဗမာသည်လည်း ပျူ ဖြစ်သည်လို့ပဲ ဆိုရမယ်ထင်ပါတယ်။ ဗဟုသုတအလို့ငှာ လျောက်ရေးခြင်းဖြစ်တဲ့အတွက် သမိုင်းမှတ်တမ်းလည်းမဟုတ်သလို၊ သုတေသနစာတမ်းလည်းမဟုတ်ပါကြောင်း ရေးသားရင်း တိုတို တုတ်တုတ်နဲ့ပဲ ရပ်နားလိုက်ပါရစေ။ အမှန်သိသူများရှိပါကလည်း အောက်မှာ ကွန်မန့်လေးရေးပေးသွားကြပါခင်ဗျာ။


ရေးသားသူ(Author) ___


stemit ansoe myanmar no word logo 2.png


@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community .jpg

16-Oct-2018 အင်္ဂါနေ့(Tuesday)

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center