ယဉ်ကျေးမှုဖျက် အားပြင်းလက်နက်

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01.png


မြန်မာလူမျိုးဆိုတာ ရှေးရှေးတုံးကတော့ အလွန်ပင်အကောင်းကြိုက်တဲ့ လူမျိုးဖြစ်တယ်လို့ အချို့သော စာတွေထဲ ဖတ်ဖူးပါတယ်။ ဟုတ်မှာပါလေ။ မြန်မာနိုင်ငံဆိုတာက မြေပေါ်သယံဇာတတွေ၊ မြေအောက် သယံဇာတတွေ အလွန်ပေါကြွယ်ဝတဲ့နိုင်ငံဖြစ်ခဲ့လေတော့ နိုင်ငံသားအများစုကလည်း ချမ်းသာတဲ့သူတွေ ဖြစ်ခဲ့မှာပေါ့။ ချမ်းသာတဲ့လူတွေဖြစ်လေတော့လည်း ပစ္စည်းအကောင်းစားတွေပဲ သုံးစွဲကြတာဖြစ်မယ်။ အာရှနိုင်ငံတွေအများစုမှာ မသုံးစွဲနိုင်တဲ့ အင်္ဂလန်၊ ဂျာမဏီ၊ ဆွဒ်ဇာလန် နိုင်ငံတွေကထုတ်တဲ့ ပစ္စည်းတွေကိုပဲ ကိုင်ဆောင်ခဲ့ကြတယ်လို့ မှတ်သားခဲ့ဖူးပါတယ်။ ဒီလောက်အကောင်းကြိုက်ခဲ့တဲ့ ကျွန်တော်တို့ ရွှေမြန်မာများက ယနေ့ခေတ်ကာလမှာတော့ ဈေးအပေါဆုံးနဲ့ မကောင်းဆုံးဖြစ်တဲ့ တရုတ်ပြည်လုပ် ပစ္စည်းတွေကိုပဲ ကိုင်တွယ်နေကြရတာမြင်တော့ ဟုတ်မှ ဟုတ်ပါရဲ့လားလို့ သံသယ၀င်မိစရာဖြစ်ပေမယ့် လက်တွေ့ကတော့ တကယ်ပဲ တရားအားထုတ်နေရပါတယ်။ တရားအားထုတ်တယ်ဆိုတာ တရုတ်အားထားနေရတယ်ဆိုတာ လူတွေသဘောပေါက်ပါတယ်နော။ ဘုန်းကြီးကျောင်းက ရိပ်သာတွေကိုသွားပြီး နိဗ္ဗာန်ရောက်ကြောင်း တရားကို သွားအားထုတ်နေကြရတာမဟုတ်ပါဘူး။ မွေးချင်းပေါက်ဖော်ကြီးကို အားထားနေရတဲ့ တရားအားထုတ် တရုတ်အားထားနေရခြင်းသာဖြစ်ပါတယ်။ နိုင်ငံကြီးတွေရဲ့ အကောင်းစားပစ္စည်းတွေကို သုံးစွဲ နိုင်နေခဲ့တဲ့ ရွှေမြန်မာတွေဟာ အခုချိန်မှာတော့ တရုတ်မှ တရုတ်ဖြစ်သွားရပါတယ်။ အင်္ဂလန်၊ ဂျာမဏီ၊ ဆွဒ်ဇာလန်နိုင်ငံတွေက ပစ္စည်းတွေကို မက်မက်မောမောကိုင်တွယ်နေတဲ့အချိန်မှာ ဂျပန်ပစ္စည်းဆိုတာ ဈေးအပေါဆုံးပစ္စည်းနဲ့ အညံ့ဆုံးပစ္စည်းအဆင့်ပဲလို့ဆိုကြပါတယ်။ မျက်မှောက်ခေတ်မှာတော့ ဂျပန်ပစ္စည်းက မှ ကောင်းတယ်ဆိုတဲ့အဆင့်မှာ ရှိနေပြီး အင်္ဂလန်၊ ဂျာမဏီ၊ ဆွဒ်ဇာလန်ပစ္စည်းတွေအနား ယောင်လို့တောင် မကပ်နိုင်တဲ့လူတွေ၊ အင်္ဂလန်၊ ဂျာမဏီ၊ ဆွဒ်ဇာလန်နိုင်ငံထုတ်ပစ္စည်းတွေဆိုတာ အိပ်မက်ထဲတောင် ထည့်မမက်နိုင်တော့တဲ့အဆင့်ဖြစ် သွားခဲ့တာ နှစ်ပေါင်းမနည်းမနောရှိခဲ့ပြီပဲ။


02.png


ဒါက ပေါချောင်ကောင်း ဆိုတဲ့ ဈေးကွက်နည်းစနစ်နဲ့ ထိုးဖောက်ခဲ့တာဖြစ်ပါတယ်။ ရှေးတုံးဆီက အကောင်းစား ကိုမက်ခဲ့ကြပေမယ့် အခုတော့ တရုတ်ပစ္စည်းကိုအကောင်းလုပ်သုံးနေရတဲ့ လူမျိုးဖြစ်နေခဲ့ပါပြီ။ တရုတ်ပစ္စည်းနဲ့ လွတ်ကင်းတဲ့ အိမ်ရယ်လို့ မရှိသလောက်ဖြစ်နေပါပြီ။ လွန်ခဲ့တဲ့နှစ်ပေါင်းများ စွာက နိုင်ငံတစ်နိုင်ငံရဲ့ သယံဇာတအရင်းအမြစ်တွေကို လိုချင်တယ်ဆိုရင် အဲဒီနိုင်ငံကို သွားရောက် စစ်ပွဲဆင်နွှဲ၊ အနိုင်တိုက်ပြီး ကျွန်ပြုခဲ့ကြပါတယ်။ အင်အားကြီးတဲ့နိုင်ငံတွေက အင်အားနည်းတဲ့နိုင်ငံငယ်လေး တွေကို ကျွန်ပြုပြီး သယံဇာတအရင်းအမြစ်တွေကို ၀ါးမြိုခဲ့ကြတာဖြစ်ပါတယ်။ နိုင်ငံငယ်လေးတွေကရတဲ့ ကုန်ကြမ်းတွေကိုသယ် ကုန်ချောထုတ်ပြီး နိုင်ငံငယ်လေးတွေကိုပဲ ပြန်ရောင်းစားကြပါတယ်။ ခေတ်ကာလရွှေ့လျားလာတဲ့နဲ့ အမျှ လူတွေရဲ့ အတွေးအခေါ်တွေကလည်း မြင့်မားလာကြပါတယ်။ ဒီအခါမှာ အရင်ကလို လက်နက်တွေနဲ့ တိုက်ခိုက်ပြီး ကျွန်ပြု၊ သယံဇာတအရင်းအမြစ်တွေကို ရယူခြင်းမပြုကြတော့ပါဘူး။ သိမ်မွှေ့လာကြပြီး နိုင်ငံငယ်လေးတွေကိုယ်တိုင်က ကုန်ကြမ်းပေးချင်လာအောင် ပြုလုပ်လာကြပါတယ်။ ယဉ်ကျေးမှုဖျက်လက်နက် တွေနဲ့ ငယ်ရွယ်သူတို့ရဲ့ နှလုံးသားကို ပစ်ခတ်ဖျက်ဆီးလာကြပါတယ်။ လူငယ်ဆိုတာ နိုင်ငံရဲ့အနာဂတ်ဖြစ် ကြောင်းကို အမြဲလိုလိုရေးသားခဲ့ပါတယ်။ လူငယ်တို့ရဲ့ နုနယ်နေတဲ့နှလုံးသားကို ပစ်ခတ်ရတာ အလွန်လွယ်ကူ လှပါတယ်။ လူငယ်တွေရဲ့ နှလုံးသားထဲကို ယဉ်ကျေးမှုဖျက်တဲ့ လက်နက်တွေနဲ့ ပတ်ခတ်ခံရတာကိုလည်း ချက်ချင်းမသိလိုက်ကြသလို သိနေပါလျက်နဲ့ အပစ်ခတ်ခံနေကြပါတယ်။ အနာဂတ်ကိုပိုင်စိုးမယ့် လူငယ်တွေရဲ့ နှလုံးသားတွေဟာ ယဉ်ကျေးမှုဖျက်လက်နက် ကြောင့် နိုင်ငံရဲ့ ယဉ်ကျေးမှု၊ နိုင်ငံရဲ့ဓလေ့ထုံးတမ်းတွေကို မလေးမစားဖြစ်လာကြကာ အလေးမထားကြတော့တဲ့နောက်ဆုံးမှာတော့ နိုင်ငံရဲ့ ယဉ်ကျေးမှုဆိုတာ လောက ကနေ ပျောက်ကွယ်သွားမှာဖြစ်ပြီး ပုံပြင်လိုလို ဒဏ္ဍာရီလိုလိုနဲ့ အဆုံးသတ်သွားရမှာပဲဖြစ်ပါတယ်။ ပစ္စည်းကောင်းဖြစ်တဲ့ ရိုးလက်စ် တို့ အိုမီဂါတို့ကိုမှ နာရီထင်ခဲ့တဲ့ ရွှေမြန်မာတွေဟာ ဒဏ္ဍာရီဖြစ်သွားခဲ့တာကြာပါပကောလား။


03.png


ကြမ်းတမ်းတဲ့စစ်ပွဲတွေကို မဆင်နွှဲပဲ နူးညံ့တဲ့ နည်းစနစ်ဖြစ်တဲ့ ယဉ်ကျေးမှုဖျက်လက်နက် နဲ့ စတင်တိုက်ခတ် လာကြပါတယ်။ ယနေ့မျက်မှောက်ကာလမှာလည်း ယဉ်ကျေးမှုဖျက်လက်နက်ပေါင်းစုံနဲ့ တိုက်ခိုက်ခံနေရဆဲပဲ ဖြစ်ပါတယ်။ ယဉ်ကျေးမှုဖျက်လက်နက်ကို ဘယ်ကနေ ဘယ်လို တင်သွင်းသလဲဆိုတာကတော့ ရှင်းပါတယ်။ လူငယ်တွေရဲ့ နှလုံးအိမ်ကို သိမ်းကျုံးယူငင်သွားနိုင်တဲ့ စာပေတွေ၊ ဂီတတွေ၊ ရုပ်ရှင်တွေကနေ တင်သွင်းခဲ့ကြ တာပါပဲ။ အခြားသော ကုန်ပစ္စည်းတွေက အကန့်ကွက်ခံရတာနဲ့ တင်သွင်းခွင့် ပိတ်ပင်ခံကြရတာတွေ ရှိပေမယ့် အဲဒီ ယဉ်ကျေးမှုဖျက်လက်နက်တွေ တင်သွင်းနေတာကိုကျတော့ ကန့်ကွက်မယ့်သူမရှိတဲ့အပြင် ၀မ်းသာအားရ လက်ကမ်းကြိုဆိုနေကြပါသေးတယ်။ အဓိကထင်သာမြင်သာဖြစ်တဲ့ ယဉ်ကျေးမှုဖျက်လက်နက်ကတော့ ရုပ်ရှင်တွေ ဂီတတွပဲဖြစ်ပါတယ်။ ရုပ်ရှင်တွေက လူတိုင်း မြင်သာ ထင်သာရှိလှပါတယ်။ အဲဒီရုပ်ရှင်တွေကနေတစ်ဆင့် ပေါချောင်ကောင်း ပစ္စည်းတွေကို အားကျဖွယ်ဖြစ်အောင် သုံးစွဲပြနေကြလေရဲ့။ ကောင်းသော အတုယူစရာ များစွာသောအချက်တို့ကို မမြင် မကောင်းသောလုပ်ရပ်တို့ကို အတုလွယ်ကြတာက ခေတ်အဆက်ဆက်ဖြစ်လိမ့်မယ်ထင်ပါတယ်။ လူတွေရဲ့ နှလုံးအိမ်ကို ဆွဲဆောင် သိမ်းသွင်းနိုင်ပြီဆိုရင်ဖြင့် ပေါချောင်ကောင်းပစ္စည်းတွေ နိုင်ငံအတွင်းကို အလုံးအရင်းနဲ့ ချီတက်လာ ကုန်ကြပါတယ်။ အိမ်တိုင်း အိမ်တိုင်း နေရာတိုင်း နေရာတိုင်းမှာ ပေါချောင်ကောင်း ပစ္စည်းတွေကို အလွယ်တကူ မြင်တွေ့နိုင်ပြီဖြစ်ပါတယ်။ ဒါကတော့ ပေါချောင်ကောင်း ပစ္စည်းတွေရဲ့ ခိုင်မာတဲ့ ဈေးကွက် တည်ဆောက်မှုပဲဖြစ်ပါတယ်။ ပေါချောင်ဖြစ်ပြီး ကောင်းနေသေးရင် မဆိုးလှပေမယ့် ပေါချောင် ဖြစ်ပြီး မကောင်း တဲ့ပစ္စည်းတွေကို သုံးနေရပြီဆိုရင် အလွန်ဆိုးရွားသွားတာကို နားလည်နိုင်ပါကြပါလိမ့်မယ်။ ပေါချောင်ကောင်း တွေရဲ့ တိုက်ထုတ်မှုကြောင့် အလွန်ကောင်းလှပါတယ်ဆိုတဲ့ ဂျာမဏီနိုင်ငံထုတ်ပစ္စည်းတွေ၊ အင်္ဂလန်နိုင်ငံထုတ် ပြီးတွေ၊ ဆွဒ်ဇာလန်နိုင်ငံကထုတ်တဲ့ပစ္စည်းတွေ မြင်ချင်ရင်တောင် ကြည့်စရာမရှိတဲ့အဖြစ်ကို ရောက်သွားရပါ တယ်။


04.png


ငယ်စဉ်ဘ၀ကတော့ ဂျပန်ပစ္စည်းဆိုတာ ပစ္စည်းကောင်းပဲလို့ မှတ်ယူခဲ့မိပါတယ်။ တကယ်တော့ ဂျပန်ပစ္စည်းက ဂျာမဏီ၊ အင်္ဂလန်၊ ဆွဒ်ဇာလန်ပစ္စည်းတွေကို ပေါချောင်ကောင်းနဲ့ တိုက်ထုတ်ခဲ့တာမှန်း မသိခဲ့ပါဘူး။ အခု မျက်မှောက်ခေတ်ကာလမှာလည်း အတူတူပါပဲ။ ဂျပန်ပစ္စည်းကို အကောင်းစားထားသုံးနေရာကနေ တရုတ်ရဲ့ ပေါချောင်ကောင်းကြောင့် ဂျပန်ပစ္စည်းတွေ ဈေးကွက်ပျောက်ခဲ့ရပါတယ်။ အရင်ဆုံးလွှတ်လိုက်တဲ့ လက်နက် ဖြစ်တဲ့ ယဉ်ကျေးမှုဖျက်လက်နက်ကို တရုတ်ကတင်သွင်းလိုက်ပြီးနောက်ပိုင်းကစလို့ တရုတ်မှ တရုတ်ကွ ဖြစ်နေရပါတယ်။ ဖြစ်နေရတာကလည်း ပေါချောင်ကောင်းပဲ တတ်နိုင်ကြတော့လို့ပါလို့ ပြောရမလိုလိုပါပဲ။ ၀န်နဲ့အား လေးနဲ့မြား ဆိုသလိုပဲ ကိုယ်တတ်နိုင်ရာနဲ့ ငွေကြေးကိုက နည်းပါးလာလေတော့ ချိန်ဆကာ ပေါချောင်ကောင်းကိုပဲ အားပေးနေရတာပါပဲ။ မချစ်သော်လည်း အောင့်ကာနမ်းဆိုသလို မကြိုက်ပေမယ့် ၀ယ်သုံးနေရဆဲ၊ နောင်လည်း ၀ယ်သုံးနေရဦးမယ်ထင်ပါတယ်။ တကယ့်အနှစ်ပါတဲ့ မြန်မာ့ယဉ်ကျေးမှုတွေက ယနေ့ခေတ်လူငယ်တွေရဲ့ ရင်မှာ ရယ်စရာ ဟာသတစ်ခုလို့ စွဲမှတ်နေကြကုန်ပြီထင်ပါတယ်။ နက်မှောင်လှတဲ့ မူရင်းဆံကေသာလေးတွေဟာ ဓာတုဗေဒဆိုးဆေးနဲ့ ပြုပြင်ပြောင်းလဲလို့ ရောင်စုံလေးတွေနဲ့ ရောဂါအဖြစ်ခံ နေကုန်ကြပါပြီ။ ထို့အတူ ယဉ်ကျေးမှုအရ ထိန်းသိမ်းစောင့်ရှောက်သင့်တဲ့အရာတို့ဟာ ရုပ်ရှင် ဆိုတဲ့ ယဉ်ကျေးမှုအဖျက်လက်နက်ကြောင့် လူငယ်တွေရဲ့ နှလုံးအိမ်မှာ အမြစ်တွယ်နေပြီဖြစ်တဲ့ အိမ်ထောင်မပြုမီ အတူနေကြကာ အဖေခေါ်စရာမရှိလို့ လမ်းဘေးလွှင့်ပစ်ခံလိုက်ရတဲ့ ကလေးတွေ၊ အသက်ကြီးမှ အိမ်ထောင်ပြု ချင်နေကြသော သက်ကြီးရွယ်အိုတွေ၊ အိမ်ထောင်ရှင်တွေဖောက်ပြန်ကာ သားတစ်ကွဲ မယားတစ်ကွဲ ကိုယ့်ဇာတ်ကိုယ် နိုင်အောင်မကနိုင်တော့ ပြဿာနာပေါင်းစုံတက်နေကြတာတွေဟာ များပြားလာပါတယ်။ အချုပ်အားဖြင့်ရေးလိုတာကတော့ အဖျက်စွမ်းအား အင်မတန်ပြင်းထန်လှတဲ့ အနာဂတ်လူငယ်များသာမက လူတိုင်းအား ဖျက်ဆီးနိုင်စွမ်းရှိတဲ့ ယဉ်ကျေးမှုဖျက်လက်နက် နဲ့ ပေါချောင်ကောင်းတွေကို ကြိုက်နှစ်သက်တဲ့ စိတ်ဓာတ်များကို ပြင်ဆင်နိုင်ရန် ကြိုးစား အားထုတ်သင့်ပါကြောင်း ရေးသားရင်းဖြင့် ရပ်နားလိုက်ပါတယ်။


ရေးသားသူ(Author) ___


stemit ansoe myanmar no word logo 2.png


@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community .jpg

24-Oct-2018 ဗုဒ္ဓဟူးနေ့(Wednesday)

#myanmar #traditional #polite

H2
H3
H4
3 columns
2 columns
1 column
Join the conversation now