ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
ရှေးယခင်ခေတ်များဆီက ပညာရပ်တစ်ခုသင်ကြားရန်အတွက် ဆရာ့ဆီမှာ သုံးနှစ် သုံးမိုး ဝေယျာဝစ္စဖြည့်ဆည်းပြီး ကျိုးနွံစွာ ပညာသင်ကြားကြရပါသည်။ ငွေကြေးတစ်စုံတစ်ရာ ပေးကာ ပညာသင်ကြား ရသည်မဟုတ်ပါ။ ခေတ်ကာလများ ပြောင်းလဲလာသည်နှင့်အမျှ လူတို့၏ စိတ်သည်လည်း ပြောင်းလဲ လာခဲ့ကြပေသည်။ ယနေ့ခေတ်ကာလတွင်မူ ပညာဆိုသည်မှာ ရောင်းကုန် ပစ္စည်းတစ်ခုကဲ့သို့ဖြစ်လာပေပြီ။ ထိုသို့ရောင်းကုန်ပစ္စည်းတစ်ခုအဖြစ် သဘောထားလာကြသောအခါတွင် ဆရာ နှင့် တပည့် တို့၏ ဆက်ဆံရေး သည်လည်း ပြောင်းလဲခဲ့ရပေသည်။ ငွေပေးခြင်းဖြင့် ပညာတို့အား အလွယ်တကူ သင်ကြားနိုင်ကြသည်ဖြစ်ရာ တပည့်အများစုတို့သည် ဆရာဆိုသည်ကို အရေးမထား မလေးမစား ဖြစ်ကုန်ကြပေသည်။ အခြားသော တိုင်းပြည်များတွင် မည်သို့ မည်ပုံ ကျင့်သုံးနေထိုင်ကြသည်ကို အရေးမကြီးသော်လည်း မြန်မာပြည်ကဲ့သို့ ဗုဒ္ဓဘာသာအား အဓိကထားကိုးကွယ်သော နိုင်ငံတွင်မူ မည်သည့်တိုင်းပြည် မည်သည့်နိုင်ငံတွင်မျှ မရှိနိုင်တော့သော အနန္တော အနန္တ ငါးပါး တည်ရှိနေပါသည်။ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ ဟူသော အနန္တော အနန္တငါးပါး ကိုလူတိုင်းသိပြီးဖြစ်ပါမည်။ ဆရာဆိုသည်မှာ အနန္တော အနန္တ ငါးပါးတွင် ပါဝင်ပေရာ စော်ကားမိပါမူ အလွန်အပြစ်ကြီးကြပေမည်။ အနန္တဂိုဏ်းဝင် ကျေးဇူးရှင် ဆရာ ဆိုသည်မှာ မှေးမှိန်လာ နေပြီဖြစ်ရာ မပျောက်ကွယ်စေလိုသောလူအချို့ နှင့် နောင်ရေးကို မျှော်တွေးတတ်သောသူတို့မှ အာစရိယ ပူဇော်ပွဲများဖြင့် ပြန်လည်ထိန်းသိမ်းရန်ကြိုးစားနေကြပေသည်။ အဓိကအားဖြင့် လူငယ်လူရွယ်တို့၏ စိတ်တွင် ဆရာ ဆိုသည့် ကျေးဇူးရှင်ကြီးတို့အား တလေးတစား အလေးထားတတ်လာစေရန် ပြန်လည်ကြိုးပမ်း နေကြခြင်း ဖြစ်ပါသည်။ လူငယ်များအတွေးအခေါ်မှန်ကန်မှ တိုင်းပြည်တိုးတက် ကောင်းစားနိုင်မည် ဖြစ်ပါသည်။
ပညာဆိုသောအရာအား ရောင်းကုန်ပစ္စည်းတစ်ခုကဲ့သို့ ငွေရှိလျှင်အလွယ်တကူဝယ်ရနေသောခေတ်တွင် ဆရာဆိုသော အရာသည်လည်း ပညာ၏ တန်ဖိုးနှင့်အတူ ကျဆင်းသွားမည်သာဖြစ်ပါသည်။ ပညာကို အချိန်မရွေးဝယ်ယူရရှိနိုင်သည်ဟုသော အတွေးများဝင်ရောက်လာခဲ့ပြီဖြစ်ရာ ဆရာဆိုသည်မှာလည်း ဈေးရောင်းနေသော ဈေးသည်တစ်ယောက်ကဲ့သို့ပင်ဖြစ်သွားရပေသည်။ ပညာ၏တန်ဖိုးကျဆင်းသည်ဟု ထင်မှတ်ရခြင်းသာဖြစ်ပါသည်။ ပညာဆိုသည်မှာ အမြဲတန်ဖိုးရှိကြောင်းကို လူတိုင်းလက်ခံကြမည်သာဖြစ်ပါ သည်။ တန်ဖိုးကျဆင်းလာသည်ဟု ထင်ရခြင်းမှာ အိုင်တီခေတ်ဖြစ်ရာ ကမ္ဘာသည် ရွာတစ်ရွာကဲ့သို့ဖြစ်လာနေ ပေပြီ။ ထို့အတူ လိမ်လည် ကောက်ကျစ်မှုများလည်း များပြားလာခဲ့ပေသည်။ များပြားလှသော လိမ်လည်မှုတို့အား သိရှိနိုင်စေခြင်းသည် ပညာသာဖြစ်ပါသည်။ အခြားသော အန္တရာယ်များကို သိစေနိုင်သော အရာမှာ ပညာသာဖြစ်ပါသည်။ သို့သော် ပညာအား ကွန်ပျူတာများ၊ မိုဘိုင်းဖုန်းများလောက်ပင် တန်ဖိုးမထား ဖြစ်လာသောအခါ လူတို့၏ ဦးနှောက်သည် သံချေးကိုက်သွားလေတော့သည်။ သံချေးကိုက်လာသောအခါတွင် လူတို့၏ ပညာမဲ့သောလုပ်ရပ်များ ပေါ်ပေါက်လာကြသည်။ အတတ်ပညာ တစ်ခုကို အားကိုးနေခြင်းက အမှားအယွင်းဖြစ်နိုင်ပါသည်။ အသိပညာမပါသော အတတ်ပညာသည် သတ္တလောကကြီးကို ဒုက္ခဖြစ်စေနိုင်၊ ပျက်စီးစေနိုင်ပါသည်။ လူတို့၏ တန်ဖိုးသည်လည်း စက်ပစ္စည်းများလောက် ပင်တန်ဖိုးမရှိဖြစ်လာပါသည်။ နောက်နောင်တွင် လူသားတို့သည်တန်ဖိုးမရှိထပ်မံဖြစ်လာဦးမည့်အရာသည် Robot ခေါ် စက်ရုပ်များပင်ဖြစ်ပါသည်။ ဦးနှောက် သံချေးကိုက်နေသော လူတို့၏နေရာတွင် လူသားစက်ရုပ်များ နေရာယူကြကုန်မည်ဖြစ်ပါသည်။ လူ၏ဦးနှောက်ကို အသုံးပြု၊ ပညာရပ်ကို အသုံးပြုခြင်းတို့ဖြင့် ဖြစ်ပေါ်လာ သော ထိုလူသားစက်ရုပ်များကပင် လူတို့အား တွန်းဖယ်နေရာယူသွားကြပေတော့မည်။ စက်ပစ္စည်းတို့ အပေါ်တွင် အလုံးစုံအားကိုးလေလေ လူသားတို့၏ ဦးနှောက်သည် သံချေးကိုက်လေလေဖြစ်ပေမည်။
လူသားများ၏ ဦးနှောက်သည် သံချေးကိုက်ကာ ဥာဏ်ပညာအရည်အသွေး ကျဆင်းလာသည်နှင့်အမျှ ကမ္ဘာကြီးသည် မြတ်ဘုရားဟောကြားခဲ့သည့် ဆုတ်ကပ်ဖြစ်ကာ အနုတ်လက္ခဏာပြလာသည်ကို ယနေ့ အထင်အရှားမြင်နိုင်နေပါသည်။ နေ့စဉ်နှင့်အမျှ လူ နှင့် လူချင်း သတ်ကြ ဖြတ်ကြခြင်း၊ အယူအဆအမျိုးမျိုး တို့ဖြင့် သူမှန်သည် ငါမှန်သည် မိမိလိုရာဆွဲတွေး ငြင်းခုန်ကြကာ စကားနိုင်လုနေကြခြင်း၊ နိုင်ငံတကာတွင် ငြိမ်းချမ်းရေးအား ကြွေးကြော်နေကြသော်လည်း လူသားမျိုးစုတို့အား ပျက်သုန်းစေနိုင်သော ဖျက်အားပြင်း လက်နက်များပြုလုပ်နေကြခြင်း တို့သည် လူသားတို့၏ ဦးနှောက်ကြေးညှော်တက်ကာ အမှန်မမြင်ကြခြင်းပင် ဖြစ်ပေမည်။ ဘွဲ့ရနေကြပြီဖြစ်သော်လည်း ပညာမတတ်သောသူများ ပိုမိုပေါများလာပါသည်။ ဘွဲ့တစ်ခုရရန် အသေအလဲကြိုးစားပမ်းစားလုပ်နေကြပေသည်။ ဘွဲ့ရခြင်း မရခြင်းဖြင့် လူတို့၏ဘ၀ကို ဆုံးဖြတ်တတ်ကြပါ သည်။ ဘွဲ့ရတိုင်း ပညာမတတ်ပါ။ ပညာတတ်ဆိုတိုင်းလည်း ဘွဲ့မရကြပါ။ ဦးနှောက်သံချေးကိုက်နေခြင်းတွင် ကျွန်တော်တို့နိုင်ငံတွင် ပိုမိုများပြားမည်ထင်ပါသည်။ ကိုယ်ပိုင်ဆိုင်သည့် အဖိုးတန်ရွှေများအား လွှင့်ပစ်ကာ ပြောင်ပြောင်လက်လက်နှင့် တန်ဖိုးနည်းသော ကြေးများအား ရယူရန်ကြိုးစားနေသော သံချေးကိုက်ဦးနှောက် နှင့် လူသားများ လူတန်းစားမျိုးစုံတွင် မြင်တွေ့နေရပါသည်။ အဘယ့်ကြောင့် သံချေးကိုက်နေကြပါသနည်း။ ဦးနှောက် နှင့် ပညာကို အသုံးပြုခြင်း မပြုပဲ နှစ်ပေါင်းများစွာ ပစ်ထားသောကြောင့် သံချေးကိုက်လာခြင်းပင်ဖြစ်ပါသည်။ ပညာကိုအသုံးပြုကာ ဦးနှောက်ကို အလုပ်ပေးသည်ရှိသော် လူတို့၏ဦးနှောက်သည် သံချေးမတက်ပဲ ပြောင်လက်နေမည်မှာ သေချာပါသည်။ ယခင်က ကျွန်တော်ရေးသားခဲ့ဘူးပါသည်။ Facebook တွင် Post တင်နေသောအချိန်က ယခုကဲ့သို့ စာရေးရန် မစဉ်းစား ခဲ့ပါ။ မစဉ်းစားသော ဦးနှောက်သည် သံချေးတက်လာခဲ့ပေသည်။ Steemit Platform သို့ ၀င်ရောက်မိပါမှ Cheetah ဖမ်းခံရမည်ကို ကြောက်သောကြောင့်တစ်ကြောင်း၊ ကိုယ်တိုင်ဖန်တီး ရေးသားချက်တို့ကို လိုချင်မိသောကြောင့် ဦးနှောက်ကိုအလုပ်ပေးရပါတော့သည်။ ဦးနှောက် အလုပ်ပေးလာသောအခါ ဦးနှောက်သည်လည်း အလုပ်လုပ်လာခဲ့ရပါသည်။ ကိုယ်တိုင်တွေး၊ ကိုယ်တိုင်ရေး ခြင်းဖြင့် ရပ်တည်လာနိုင်ခဲ့ခြင်းသာဖြစ်ပါသည်။ အားလုံးသော အတွေးတို့သည် ကိုယ့်အရေး ကိုယ့်အတွေး ဖြစ်လိုသော ဆန္ဒဖြင့် ဦးနှောက်ကို တရစပ် အလုပ်ပေးခဲ့သောကြောင့် ယခုကဲ့သို့ ရေးသားနိုင်ခဲ့ခြင်း ဖြစ်ပေသည်။ ပညာ(အသိပညာ+အတတ်ပညာ)၊ ဆရာ၊ ဦးနှောက်တို့အား တန်ဖိုးထားကာ သတ္တလောက၏ ကောင်းကျိုးကို သယ်ပိုးရွက်ဆောင်နိုင်ကြပါစေကြောင်း ရေးသားရင်း ရပ်နားလိုက်ပါသည်။
ရေးသားသူ(Author) ___
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community
16-Aug-2018 ကြာသပတေးနေ့(Thursday)