ကွင်းလယ်ခေါင် တွင် အပင်အိုကြီး တစ်ပင်။ တစ်ပင်တည်း ထီးထီး တည်ရှိနေသည်။ပတ်ဝန်းကျင် တစ်ခုလုံးကို တောင်ဂတုံးများက လွင်တီးခေါင်ပြင် သဖွယ် ဝန်းရံနေသည်။ မိုးမရွာသည်မှာ မည်မျှ ကြာမြင့်နေကြောင်းကို ခြောက်သွေ့ကွဲအက်နေသော မြေပြင်က ဖော်ညွှန်းနေသည်။ အပင်အို သည်လည်း နှစ်ပရိစ္ဆေဒ မည်မျှကြာညောင်း လှသည် မသိအောင် ရိုးတံပြိုင်းပြိုင်းထလျက် ရောဂါ အပြင်းအထန် ဖြစ်နေ၍ အစာမစားသည်မှာ ကြာမြင့်နေသော လူမမာ တစ်ယောက် မတ်မတ်ရပ်နေသကဲ့သို့ ညှိုးခြောက်လွန်းနေသည်။
ထိုအပင်အို၏ ထိုးထွက်နေသော အကိုင်းအခက် တစ်ခုထက်မှ တစ်ခုတည်းသော သစ်ရွက်ကလေး။ ထိုသစ်ရွက်ကလေး ကို အဝေးမှ ရုတ်တရက် ကြည့်ပါက မြင်ရမည် မဟုတ်ပါ။ သစ်ရွက် ကလေး၏ အရောင်အသွေးသည် သစ်ပင်အိုနှင့် တစ်ထပ်တည်း ဖြစ်နေသောကြောင့်ဖြစ်ပါသည်။ လောကကြီး နိယာမ သဘောတရားဖြစ်သော ဖြစ်ပြီးရင်ပျက် ဝေပြီးကြွေ လန်းပြီးနွမ်း ရတော့မည့် သစ်ရွက်ကလေးဖြစ်သည်။
လေပြေလေး တစ်ချက် အတိုးတွင် သူ၏ ရိုးတံ မှ ပြုတ်ထွက်တော့မည့် ဟန်ဖြင့် သစ်ရွက်လေး ကြွတက်လာသည်။ လေပြေ လေး ပြန်လည် ငြိမ်သက်ချိန်တွင် ဖြေးညှင်းစွာဖြင့် သူ၏ ရိုးတံ ထက်တွင် လဲလျောင်းနေပြန်သည်။ လေတိုးလျှင် ကြွလာလိုက် လေမရှိတော့လျှင် လဲလျောင်းနေလိုက် ဖြင့် မြင်ရသူ အဖို့မှာ မည်သည့် အချိန် လွင့်ကြွေ သွားမလဲ ဟု ရင်တထိတ်ထိတ်ဖြင့် မောလျစွာ စောင့်ကြည့်နေမိမည် ဖြစ်သည်။ စောင့်ကြည့်နေသူအဖို့ အိုမင်း ရှုံတွ နေသော သစ်ရွက်ကလေးသည် တစ်စုံ တစ်ယောက် ကို စောင့်မျှော်နေသည့် သဏ္ဌာန် ရှိနေသလား ဟုလည်း တွေးကောင်း တွေးနေမိပေမည်။
တစ်ကြိမ်တွင် လေသည် အတော်လေး ထုထည်ကြီးမားစွာ ဝှေ့ယမ်း တိုက်ခတ်လိုက်လေရာ သစ်ရွက်ကလေးမှာ မခံနိုင်တော့ဘဲ ရိုးတံမှ ဖြုတ်ခနဲ ပြုတ်ထွက်၍ လေပင့်ရာသို့ စွေ့ခနဲ ပါသွားလေတော့သည်။ သစ်ပင်အိုကြီးကတော့ ဘာမှ ကူညီမပေးနိုင်ဘဲ မလှုပ်မယှက် ငြိမ်သက်လျက် ရှိနေသည်။ သစ်ရွက်ကလေးသည်လည်း သူ၏ မိခင်ပင်ရင်းကို နှုတ်မျှ မဆက်နိုင်ရှာဘဲ ထွက်လာရသည်အလား နောက်ဆံတင်းလျက် လေပင့်ရာသို့ ဝှေ့ကာ ဝိုက်ကာ ဆန်တက်နေရရှာပေသည်။
ထိုအချိန်တွင် မမျှော်လင့်သော ဧည့်သည် တစ်ယောက် ရောက်ရှိလာခဲ့သည်။ ထိုသူမှာ ငှက်ကလေးတစ်ကောင် ဖြစ်သည်။ မည်သည့်နေရာမှ ရောက်လာမှန်းမသိသော ထိုငှက်ကလေးသည် တောင်ပံလေး တစ်ဖျတ်ဖျတ် ခတ်လျက် ရွက်အိုလေးနှင့် အတူ ပျော်ရွှင်စွာ ဟိုမှသည်သို့ ပျံသန်း ဆော့ကစားနေသည်။ ငှက်ကလေးသည် ရွက်အိုကလေးကို သူ၏ မျိုးနွယ်တူ အခြားငှက်ဟု ထင်နေ၍လား သို့တည်းမဟုတ် ရွက်အိုကလေး ပျော်ရွှင်စေရန် အလို့ငှာ ကြိုးစား အားထုတ်နေခြင်းလား တတ်အပ်မည်သူမျှ မပြောနိုင်သော်လည်း ထိုမြင်ကွင်းကို မြင်ရသူ အဖို့မှာ ကြည်နူးဖွယ် ပီတိဖြစ်စရာ မြင်ကွင်းပင် ဖြစ်သည်။ စောစောက အပင်အိုနှင့် သစ်ရွက်ခြောက် မြင်ကွင်းနှင့် နှိုင်းစာလျှင်တော့ ယခု ကဲ့သို့ မြင်ရသည်မှာ စိတ်ချမ်းသာဖွယ် မဟုတ်ပါလား။
ရွက်အိုလေးသည် တစ်သက်တွင် တစ်ကြိမ်သာ ရတောင့် ရခဲသော ဤအခွင့်အရေး ကို လက်လွှတ်မခံနိုင်သည့်အလား ငှက်ကလေးအတူ လေဟုန်စီး၍ ပျော်ရွှင် ကြည်နူး နေလေသည်။ ငှက်ကလေးသည်လည်း ရွက်အိုလေး၏ ဘယ်ညာ တစ်လှည့်စီ ပျံသန်း ပြေးလွှား ဆော့ကစား နေလေသည်။
ကြည်နူးမှု အရှိန်ကြောင့်ထင် ရွက်အိုကလေးသည်ပင် အနည်းငယ် နုပျိုလန်းဆန်း လာသယောင် သွက်လတ် ဖျတ်လတ်စွာ လေညွှန်ရာသို့ ယိမ်းကာ နွဲ့ကာ ငှက်ကလေးနဲ့ အတူ လိုက်ပါစီးမြော နေလေသည်။
ထိုစဉ် ရုတ်တရက် လေငြိမ်သွားသည်။
ပြီးပါပြီ။
( ဝန်ခံချက် - စိုင်းခမ်းလိတ် ရေးဖွဲ့၍ စိုင်းထီးဆိုင် သီဆိုထားသော အချစ်ဆိုသောအရသာ သီချင်းအား နားထောင်မိစဉ် ခံစားသမျှ ရေးဖွဲ့ပါသည်။)
Give my love to you all ,Steemians. 😍 😍 😍
written by : @aggamun
MSU NO - 022
#myanmar
#msu