အမေ

khant(43)
Published in
#mother
Words
144
Reading
1 min
Listen
Play
8y

*အမေရယ် ကျွန်တော်ရယ် ကမ္ဘာကြီးရယ်
အမေ
ခြေသလုံးအိမ်တိုင်နဲ့ဘဝမဟုတ်ပေမယ့်
သူငယ်တန်းဖတ်စာအုပ်တွေနဲ့ ပတ်သတ်ပြီး
အမေ့ခြေသလုံးတွေ ယိုင်ခဲ့တယ်ဆိုတာ
အမေသာအသိဆုံးဖြစ်မှာပါ
.
အဖြူအစိမ်းကိုဆင်ပြီး
ကျွန်တော်မျက်လှည့်စပြတဲ့နေ့
စာသင်ကျောင်းနဲ့ရွာကြားလမ်းလေး
အမေ့ပျော်ရွှင်ခြင်းတွေ ဖွေးနေခဲ့တယ်

ထမင်းမဝအောင် ဆင်းရဲတာမဟုတ်
ထမင်းဝိုင်းမလှရုံလောက်ပဲ ဆင်းရဲခဲ့တာ
စားဖူးတဲ့ အတိတ်ညစာတွေမှာ
မေတ္တာတရားကလွဲရင်
အမေထည့်ပေးတတ်စရာ ဟင်းမရှိခဲ့ဘူး။

သူများဝေတဲ့ပြည်ပန်းညိုရွက်ကိုစားပြီး
ကျွန်တော်တို့ ထမင်းဝိုင်းတွေ
နေ့တိုင်းခါးသက်ဖူးတယ်

'ချွေတာတယ်' ဆိုတဲ့စကား
မကြားချင်ရုံက လွဲလို့
တော်တော်နားထောင်လို့ကောင်းတယ် အမေ

ဘယ်သူမှမသုံးတော့တဲ့ ကတ်ဆက်အိုလေးထဲ တရားခွေထည့်ပြီး
သာဓုခေါ်ရုံမှတပါး အမေ့အတွက်
ဘယ်လိုသုခတွေများပိုပိုလျှံလျှံရှိခဲ့လို့လဲ။

ရန်ကုန်ကိုမရောက်ဘူးတဲ့ အမေ
ရွှေတိဂုံကိုမဖူးဘူးတဲ့ အမေ
နေ့စဉ်သတင်းအစီအစဉ်တွေ
နားမထောင်ဘူးတဲ့ အမေ
ခေတ်ပေါ်ဇိမ်ခံပစ္စည်းဆိုလို့
ပန်ကာလေရဲ့အေးမြမှုကိုတောင်
အမေခံစားဘူးရဲ့လား။

ဒီလိုပဲ ဖြတ်သန်းခဲ့တာပါ
ဒီလိုပဲ ဖြတ်သန်းနေတာပါ
ဒီလိုပဲ ဖြတ်သန်းရတော့မှာလား
တစ်ရက်ပြောင်း တစ်ရက်ပြောင်းနဲ့
အမေ့ခေါင်းမှာ အလံဖြူတွေတစ်ပင်ပြီးတစ်ပင်
mother-and-child-reading-the-book-vector-1019270.jpg

အမြဲစီးဆင်းနေတဲ့စမ်းချောင်းလေးက
အမေ့ပါးရေတွေကို တရွေ့ရွေ့ဆွဲချနေပြီ။

ဘယ်သူတွေဘယ်လိုပြောပြော
ကျွန်တော့အတွက် အမေက
နပိုလီယံထက် သူရဲကောင်းပိုဆန်ခဲ့တယ်။

အမေလည်း မိုက်တယ်
ကျွန်တော်လည်း မိုက်တယ်
အမေမိုက်တာက ကျွန်တော့ကိုပြောင်စေတယ်
ကျွန်တော်မိုက်တာက အမေ့ကိုမှောင်စေတယ်
အရောင်မတူတဲ့ သတ္တိနှစ်ခုကြား
အမေဗျာများရတာလည်း ခဏခဏ။

'မပင်ပန်းပါဘူး'တဲ့ အသံယိုင်ယိုင်လေးနဲ့
အမေညာတယ် အမေညာခဲ့တယ်
နွမ်းနယ်နေတဲ့ မျက်နှာလေးက
ကျွန်တော်တို့အနာဂတ်ကို လတ်ဆတ်စေရဲ့။

မျက်စိလည်ပြီး ရောက်ရောက်လာတတ်တဲ့
အမေ့ချွေးရနံ့တွေကလည်း
အိမ်ဦးခန်းက ဘုရားပန်းတွေလို

ကျွန်တော်က အမေ့ကိုမချစ်တတ်သေးသလို
ကိုယ်တိုင်လည်း မချစ်တတ်သူဆိုတော့
ဘာပဲဖြစ်ဖြစ်
မေတ္တာတရားကိုနားလည်ဖို့
သင်ယူနေရတယ်အမေ။

ကျွန်တော်တို့အနာဂတ်ကြီး ခေါင်းပေါ်ရွက်လို့
တစ်ရွာဝင် တစ်ရွာထွက်
တစ်ရပ်ကွက်ပြီး တစ်ရပ်ကွက်ပြောင်း
အမေပြောနေကျစကား
'သူခြေတိုမှ ကျွန်တော်တို့
ဇီဝဓာတ်တွေ ရှည်မယ်' ဆိုပဲ။

မန္တလေးမြို့က ဝမ်းဝေးလမ်းမကြီးတွေပေါ်ရောက်တိုင်း
အမေ့ကို ပြန်ပြန်သတိရတယ်။

စံပယ်ပန်းရုံနားထိုင်ဖြစ်ရင်တော့
စံပယ်ရနံ့တွေရနေဦးမှာပေါ့အမေ
ရွာဖြစ်ထွက်ကုန်တွေနဲ့ ကျမ္မာပါစေ။

တကယ်တော့ အမေဆိုတာ
ကမ္ဘာကြီးကို မေတ္တာတရားနဲ့လင်းစေသူ
ကရုနာတရားနဲ့ အေးစေသူ
မုဒိတာတရားနဲ့ နွေးစေသူ
ဥပေက္ခာတရားနဲ့ ဆတူခံစားသူ။

နွမ်းခြောက်နေတဲ့ ဘုရားစင်ပေါ်က
ပန်းတွေကို မော့ကြည့်ရင်း
နောင်တတွေရင်ဝမှာလာလာစိုက်
အမေသင်ပေးလိုက်တဲ့
ကိုယ်ချင်းစာတရား တစ်ခုနဲ့တင်
ကျွန်တော်က ကမ္ဘာကြီးဖြစ်သွားခဲ့ပြီ အမေ...။![FB_IMG_1521446367112.jpg](https://ipfs.busy.org/ipfs/QmYtW4ksyCPiSoi72r4PqEn6DVMuQdm87pBJ8dqY9uzm3r)

အမေ | Ecency