ဆရာကြည်လွင်ဖြို့ထံမှကူးယူဖော်ပြသည်

လူချမ်းသာတွေ နိုင်စတမ်း

#တော်လှန်သောဝိဉာဉ်

ခုလက်ရှိ မြန်မာပြည်ထဲဖြစ်နေတဲ့ ပြဿနာတွေကို ဆရာနတ်နွယ်ရေးတဲ့ 'မြန်မာပြည်မြာက်ပိုင်း' ဝတ္ထုကြီး ဖတ်မိရင် ရေးတေးတေး သဘောပေါက်မိတယ်။ ဒီလူမျိုးရေး ပြဿနာတွေကို ရှင်းဖို့ဆို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀လောက်ကို ပြန်သွားပြီး ရှင်းရလိမ့်မယ်။

တိုင်းရင်းသားတွေလည်း မမှားဘူး။ ဟိုးအရင် ဗမာဘုရင်တွေလက်ထက်ကတည်းက နေပြည်တော်ရဲ့ အာဏာစက်က နိုင်ငံအစွန်အဖျားတွေကိုမှ အပြည့်မရောက်နိုင်တော့ အဲဒီ ပြည်နယ်တွေမှာ အုပ်ချုပ်ရတဲ့ နယ်စားပယ်စားတွေက ဘုရင်ငယ်လေးတွေ ပြန်ဖြစ်။ စိတ်ထင်တိုင်း အုပ်ချုပ်ကြဆိုတော့ တိုင်းရင်းသားတွေအပေါ်တရားလက်လွတ် ပြုမူ ဆက်ဆံခဲ့တာတွေ ရှိမှာပေါ့။

အလကားနေရင်း သူများလက်အောက်ခံ ဖြစ်ရတဲ့ ဘဝ၊ ဘယ်မှာလာ အဆင်ပြေမှာလည်း။ စိတ်ထားမမှန်တဲ့ နယ်စားတွေက စိတ်ထဲရှိသမျှ လုပ်ချင်ရာလုပ်၊ အခွန်ကောက်လိုကောက်၊ တော်ကြာ လူလာဆွဲလိုက်၊ ရွာဝင်မီးရှို့လိုက်နဲ့ ကိုယ့်သောက်လုပ်ကို ကိုယ်ဖျောင့်ဖျောင့် မလုပ်ရတာ။ ပြည်မကြီးက ဘုရင်ကလည်း အချိန်မှန် အခွန်ရနေတော့ ငြိမ်းချမ်းတယ် ထင်ချင်ထင်မှာပေါ့။ ဘယ်လို ငြိမ်အောင် ထိန်းနေလည်းသာ မသိတာ။

ဒီတော့ မခံချင်စိတ်ရှိတဲ့ တိုင်းရင်းသား လူငယ်တွေက အလကားနေရင်း လာလာဒုက္ခပေးတဲ့ အဲဒီ နယ်စားတွေကို ပြန်တော်လှန်လာတယ်။ နယ်စားတွေကလည်း နေရာမြဲဖို့ အစွမ်းကုန် ပြန်သမ။ သူပုန်ထပါပြီဆိုပြီး ပြည်မက စစ်ကူတောင်း၊ ဟိုကလည်း လွှတ်။ 'စစ်' ဆိုတဲ့သဘောကလည်း သူ့နောက်မှာ ပါလာတဲ့ လူသတ်မှု၊ မှုဒိန်းမှု၊ လုယက်မှု၊ နိုင်လိုမင်းထက်ပြုမူမှုတွေ ပရပွနဲ့ ရက်စက်မှုအပေါင်း သရဖူဆောင်းရတာ ဖြစ်လို့ ခါးပြီပေါ့။ မုန်းပြီပေါ့။ ဥဒါန်းမကျေ ဖြစ်ပြီပေါ့။ ဒီတော့လည်း တော်လှန်သော တိုင်းရင်းသားတွေရဲ့ အမုန်းဟာ တရားခံအစစ် မူမမှန်တဲ့ နယ်စားတွေ အပေါ်ကနေ ဗမာ ဘုရင်ဘက် လှည့်လာတယ်။

နောက်တော့ တဖြည်းဖြည်း ဗမာဘုရင်ပါ အင်္ဂလိပ် လက်အောက်ခံဖြစ်သွားတယ်။ ဒီတော့ အင်္ဂလိပ်ပါ ဆက်တော်လှန်၊ အင်္ဂလိပ်ကနေ ဂျပန်၊ ဂျပန်ကိုလည်း ဆက်တော်လှန်၊ ဂျပန် ကနေ အင်္ဂလိပ်ပြန်ရောက် အဲဒီကတဆင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ ဗမာတွေနဲ့ လက်တွဲပြီး ပင်လုံစာချုပ်ချုပ်ကာ အင်္ဂလိပ်ကို ထပ်တော်လှန်၊ လွတ်လပ်ရေး ရောင်ခြည်ရေးရေးပေါ်၊ နောက်တော့ တပ်က အာဏာသိမ်း၊ ပင်လုံလည်း ပျောက်၊ ဒုံရင်း ပြန်ဖြစ်နဲ့ နှစ်ပေါင်း ရာချီလာခဲ့တဲ့ မျှော်လင့်ချက်တွေ အကုန်ကုန်၊ ဒီတော့ တပ်ကိုပါ ဆက်တော်လှန်ရပြန်နဲ့ အုပ်ချုပ်သူတွေသာ ပြောင်းသွားတယ် တော်လှန်သော တိုင်းရင်းသားတို့ရဲ့ တော်လှန်ရေးကြီးဟာ ခုထိကို မဆုံးနိုင်သေးဘူး။

မှန်တယ် မှားတယ် ခနဘေးဖယ်လိုက်ရင် တိုင်းရင်းသားမျိုးဆက် အဆက်ဆက်ရဲ့ စိတ်ထဲ၊ အသွေးအသားထဲ၊ ရိုးတွင်းချဉ်ဆီထဲ၊ ဟိုးနှလုံးသားအတွင်းဆုံးထဲမှာ တော်လှန်သော ဝိဉာဉ်ဟာ နှစ်ပေါင်းရာနဲ့ချီပြီး ကိန်းဝပ်နေခဲ့ပြီ။ တော်လှန်ရေးဟာ တိုင်းရင်းသားတို့နဲ့ ခေါင်းနဲ့ပန်းလို ဖြစ်နေခဲ့ပြီပဲ။ တနည်းအားဖြင့် တိုင်းရင်းသားတစ်ယောက်အဖြစ် မွေးဖွားလာတဲ့ ကလေးလေးတိုင်းဟာ တော်လှန်သော သူပုန် တစ်ယောက်ရဲ့ မွေးဖွားလာကြတယ်။ တော်လှန်သောသွေးဟာ သူတို့တကိုယ်လုံးမှာ လှည့်ပတ်စီးဆင်းနေတယ်။ မွေးကတည်းက လူလားမြောက်တဲ့အထိ တထောင့်တညသော အိပ်ရာဝင်ပုံပြင်ပေါင်းများစွာဟာ တစ်ခုတည်းသော အဓိပ္ပါယ်ဆောင်တဲ့ လမ်းကို ညွှန်ပြနေတယ်။
'ဗမာကို တော်လှန်ရမယ်'

#အူကြောင်ကြောင်_ဗမာဘဝ

ဒါဆို ဗမာတွေကရော။ ဗမာဘုရင်တွေလည်း မရှိတော့။ ရှိတုန်းကလည်း နေပြည်တော်တို့နဲ့ ဝေးရာအရပ်က ဗမာတွေ ဘဝကလည်း တိုင်းရင်းသားတို့နဲ့ ဘာကွာတာမှတ်လို့။ တခါတလေ ရွာထဲ သူပုန်တပ် (တိုင်းရင်းသားသူပုန်မဟုတ်၊ သူခိုး ဓါးပြ) ဝင်ပြီး ဓါးပြတိုက်လိုတိုက်၊ ရွာမီးရှို့လိုရှို့။ သူပုန်ထွက်တော့ ဘုရင်တပ် အခွန်ကောက်ဖို့ ဝင်လာတယ်၊ သတ်မှတ်ထားတဲ့ အမတော်ကြေး မရရင် ပြဿနာရှာတယ်။ တခါတလေ စိတ်မထင်သလို ရမ်းခံရတယ်။ ရွာလုံးကျွတ် အသတ်ခံချင် ခံရတယ်။ ဒီတော့ သူပုန် နှစ်ထပ်ကွမ်း ဝင်အစီးခံရသလိုဖြစ်တာပေါ့။ နယ်စွန်နယ်ဖျားကမှ ဓါးပြရန်တခုထဲ ကြောက်ရသေးတယ်။

ကိုင်း ခုကျတော့ရော။ ဟိုးအရင်ကနေ ခုကျတော့အထိ ဗမာတွေဘဝ ပတ်သာကြည့်ပေတော့ပဲ။ ကိုယ့်ဗမာဘုရင်၊ ဗမာအစိုးရမို့ အခွင့်အရေးသာ ပိုမရရင် မရမယ် အကျွေးခံရတာ တပြေးညီ။ တပြည်လုံးလည်း မွဲလိုက်တာမှ ဖွတ်မင်းနောင် ပုဂ္ဂိုလ်ထူးတွေ။ ပိုင်တာဆိုလို့ အနော်ရထာ၊ ကျန်စစ်သား၊ ဘုရင့်နောင်နဲ့ အလောင်းဘုရား ပုံပြင်ပဲ ရှိတယ်။ ဒါလေးတွေပြောပြီး အငတ်ဖြေနေရတဲ့ဘဝ။

တိုင်းရင်းသား ကလေးလေးတယောက်က ဗမာကလေးလေးတယောက်ကို'မင်းတို့ ဗမာတွေကြောင့်'လို့ လက်ညှိုးထိုးတာခံရတိုင်း ဗမာကလေးလေးမှာ သူဝတ်ထားတဲ့ စွပ်ကျယ်အင်္ကျီ အပြဲလေးကိုကြည့်ပြီး ကြောင်တောင်တောင်ကိုဖြစ်လို့။
'သူ့ကြောင့် မဟုတ်တာတော့ သေချာသိတယ်'
'နောက်ပြီး သူကရော ဘယ်သူ့ကြောင့်လည်း'

ပြဿနာရဲ့ လက်သည်က လူတစု တဖွဲ့ထဲကပဲ အာဏာအလွန်အကျွံ အသုံးပြုလို့ရတဲ့ သက်ဦးဆံပိုင် ဘုရင်စနစ်၊ မြေရှင်ပဒေဿရာဇ်စနစ်နဲ့ ဒီစနစ်တွေကြောင့် အလကားနေရင်း လူ့မလိုင်ဖြစ်ပြီး အကျိုးအမြတ်တွေ မဟားဒယားရနေတဲ့ သူတွေနဲ့ သူတို့ရဲ့ အတောမသတ်နိုင်တဲ့ လောဘတွေ၊ မူမမှန်တဲ့ စိတ်ထားတွေ။ ဒီစနစ်တွေရဲ့ အကျိုးဆက်ကို သိချင်ရင် ဒီခေတ် ဗမာတွေကိုသာကြည့်။ ကိုယ်မလုပ်ခဲ့တဲ့၊ လုပ်နိုင်စွမ်းလည်း မရှိတဲ့ လုပ်ရပ်တွေ တသီတသန်းကြီးရဲ့ အပြစ်တွေကို ဘုမသိဘမသိ ထမ်းပိုးပြီး အသက်ရှင်နေရတဲ့ ဘဝ။ အဖဲ့ခံရတာချင်း တူတူ ကိုယ်က အသားလွတ် လက်ညှိုးထိုးခံနေရတယ်။
'ဗမာတွေကျ ဘယ်သူ့သွား တော်လှန်ရမလည်း'

#အနိုင်လမ်းစဉ်

ဒီတော့ လူတယောက်၊ အဖွဲ့တဖွဲ့က ၇ရက်သားသမီးရဲ့ ကံကြမ္မာအပေါ် ရမ်းခြင်တိုင်းရမ်းလို့ရတဲ့ ဒီဘုရင်စနစ်ကို တမ်းတနေသမျှ ဒီပြဿနာ တက်လိမ့်မယ်။ လူတစုကပဲ အာဏာကို လက်ထဲကိုင်ထားပြီး လုပ်ခဲ့သမျှ ရှင်းလို့ကိုပြီးမှာ မဟုတ်ဘူး။

ခု ဖြစ်နေတဲ့ ဗမာ-ရခိုင် ပြဿနာက လူမျိုးကြီး၊ လူမျိုးသေး ပြဿနာ မဟုတ်။ ဟိုးနှစ်ပေါင်း ၂၀၀ ကျော်ကတည်းက သန္ဓေတည်လာတဲ့ ရှင်းမရနိုင်သော ပဋိပက္ခတွေ။ ဆင်းရဲသားရပ်ကွက်မှာ ရန်ပွဲများသလို ပစ္စည်းမဲ့ခြင်း ဒေါသ ပြိုင်သလို ဖြစ်နေတာ။ သမိုင်းထဲက အင်္ဂလိပ်နဲ့ ဂျပန်ကို ဘယ်တိုင်းရင်းသားနဲ့ ဗမာ မုန်းနေသေးလို့လည်း။ မမုန်းတဲ့အပြင် သွားတောင် နေလိုက်ချင်သေး မဟုတ်လား။ ဘာကြောင့်ဆိုတော့ ချမ်းသာလို့။ နေရထိုင်ရ အဆင့်မြင့်လို့။ ချမ်းသာတော့ မမုန်းတဲ့အပြင် အထင်ကြီး ခံရတာပေါ့။ အထင်ကြီး ခံရတယ်ဆိုတာ အနိုင်ရတာပေါ့။

သမိုင်းဆိုတာ နိုင်သူ ရေးစတမ်း!!!

တွေးကြည့်ပါလား ဒီတနိုင်ငံမှ မဟုတ်ဘူး တကမ္ဘာလုံး ရခိုင် ဖြစ်ဖြစ်၊ ဗမာဖြစ်ဖြစ် လူမျိုးတမျိုးထဲ ဖြစ်သွားပြီပဲ ဆိုပါတော့။ ဘာဆက်ဖြစ်လည်း ပြောကြည့်လိုက်။ ဘာမှ ဆက်ထူးမလာဘူး။ ရခိုင်သော၊ ဗမာသော၊ ဗုဒ္ဓဘာသာသော၊ ခရစ်ယာန်သော၊ အစ္စလာမ်သော အကုန်ကြိုက်ရာသာ သော၊ လူတယောက်အဖို့ စား ဝတ် နေရေး ဒီသုံးပါးထက် အရေးကြီးတာ ဘာမှ မရှိ။ ဒီသုံးပါး ပြေလည်မှ ကျန်တာ ပြေလည်လိမ့်မယ်။ ခုက မပြေလည်လွန်းလို့ တရားခံ ရလိုရငြား ထွက်ပေါက်ရှာရင်း ဖြစ်ကုန်တာ။ ရှင်းချင်သပဆိုလည်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ လောက် ပြန်သွားပြီး ရှင်းမှ ရတော့မယ်။ ဒီတော့လည်း ဘာမှ အရေးမကြီးတာတွေ တွေးမနေကြပါနဲ့။ အရေးကြီးတာပဲ အရင်လုပ်ကြပါ အရပ်ကတို့။ နဂ္ဂိုလ်ကမှ လုပ်စားလို့ ခက်ရတဲ့အထဲ၊ မန်မန် တူတူပုန်းကုန်လိမ့်မယ်။

'ဒီမိုကရေစီ ဆိုတာလည်း နောက်ဆုံးပန်းတိုင် မဟုတ်'
'ချမ်းသာတဲ့လူ နိုင်စတမ်း'

ကြည်လွင်ဖြိုး
19-Jan-2017
photo credit
SMT 36 klone
image

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center