ဖြေနိုင်ရင် ဆရာကြီးပဲ

ပြီးခဲ့တဲ့စနေနေ့က ညစာစားသောက်ပြီး အိမ်ရှေ့တန်းလျားခုံမှာ ထိုင်ကြရင်း ရောက်တတ်ရာရာ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောဆို ဖြစ်ကြတယ်။ စကားဝိုင်းစပြီးမကြာခင် ဘေးအိမ်က အိမ်နီးချင်းတွေလဲရောက်လာတော့ စကားဝိုင်းလေးက ပိုပြီး စိုပြေလာတယ်။ အဲ့အချိန်ညီမက လက်ဖက်သုပ်လေး၊ ရေနွေး ကြမ်းလေးပါ လာချတော့ ပိုပြီး မြိုင်ဆိုင်သွားတာပေါ့။

img_0.497446611167188.jpg

တူမတွေကတော့ ဘေးအိမ်ကအမရဲ့ ကလေးအမွှာနှစ်ယောက် ကို ချီပိုးချော့မြူရင်း ညချမ်းအချိန်လေးဟာ သာယာနေပါ တယ်။ အိမ်ရှေ့အိမ်ကအဖွားက သူငယ်ငယ်တုန်းက ရွာမှာ ကစားကြပုံတွေ၊ အရွယ်ရောက်လာတော့ ရွာထဲမှာ ပွဲလမ်း သဘင်ရှိရင် သူတို့အပျိုတသိုက် ဘယ်လိုဘယ်ပုံဝတ်စား ဆင်ယင်ပြီး ရှိုးထုတ်ကြပုံတွေကိုပြောပြပါတယ်။ အဖွားက စကားပြောလဲကောင်း၊ ကိုယ်မသိမမှီတဲ့ အကြောင်းအရာ‌တွေပြောပြတာဆိုတော့ ကျမတို့မှာငေးပြီးနားထောင်နေရပါတယ်။

မနေ့ညကတော့ အဖွားပြောပြတဲ့အထဲက စကားထာဝှက်နည်း ကို သဘောကျလို့ရယ် ပြီးတော့ ကျမတို့ငယ်တုန်းကလည်း အဲ့လိုဆော့ခဲ့တော့ ငယ်ဘဝအမှတ် ရချင်လို့ရယ်ကြောင့် တူမတွေနဲ့ စကားထာဝှက်တမ်းမဟုတ်ဘဲ ဉာဏ်စမ်းမေးခွန်း မေးတမ်းဆော့ကြပါတယ်။ အိမ်ရှေ့ တန်းလျားခုံလေးမှာပေါ့။

ကိုယ့်တူမတွေအပါအဝင် ခုခေတ်ကလေးတွေက စာဖတ်အား နည်းတာကြောင့် သူတို့မေးတဲ့ဉာဏ်စမ်းတိုင်းကို ကျမက ဖြေနိုင်ပြီး ကျမပြန်‌မေးတဲ့
ဉာဏ်စမ်းမေးခွန်းကိုတော့ တချို့ တလေ မဖြေနိုင်ကြပါဘူး။ စကားဝိုင်းအရှိန်ကောင်းနေတုန်းမှာ မလှမ်းမကမ်းက အုံးဆိုတဲ့အသံကြီးကြောင့် ကျမတို့ တူဝရီး တစ်‌သိုက်လည်း စကားဝိုင်းကိုလက်စသတ်ပြီး အိမ်ထဲကို အပြေးကလေး ဝင်လာကြပါတယ်။

အဲ့နေ့က တူမတွေကို‌မေးတဲ့ ဉာဏ်စမ်းမေးခွန်းတချို့ကို hive မိသားစုဝင်များလည်း ဖြေဆိုလိုက ဖြေနိုင်အောင် ရေးသား တင်ပြလိုက်ပါတယ်။ လွယ်ပါတယ်...ဖြေကြည့်။

(၁) ဘယ်နေရာကိုပဲကိုင်ကိုင် နာနေတာ ဘယ်လိုရောဂါလဲ။

(၂) အနာဟာ ဘယ်နေရာမှာဖြစ်ရင် အသက်သာဆုံးဖြစ်မလဲ။

(၃) ဆရာဝန်တစ်ယောက်ကို ဘုရင်တစ်ပါးရဲ့အမည်ပေးလိုက်ရင် လူနာတွေ
အတော်ကြောက်သွားကြမှာပဲ။ အဲ့နာမည်ကဘာဖြစ်မလဲ။

(၄) ခြေလည်းတစ်ချောင်း၊ ခေါင်းလည်းမပါ၊ အတောင်မှာတဖက် တောင်ကူး
လို့မြောက်ပျံ၊ ပုံသဏ္ဍာန်ထူးသည့်ငှက်။

(၅) ကိုမဲနဲ့မမဲညား မောင်ဖြူကလေးဖွား။

(၆) ပစ္စည်းတစ်ခုနဲ့ မြို့တစ်မြို့စာလုံးပေါင်းမတူပေမယ့် အသံထွက်ကတော့
အတူတူပဲ။ ဘာဖြစ်မလဲ။

(၇) မွေးမွေးချင်း အဖေ့နာမည်ခေါ်တဲ့ကလေးနဲ့ အမေ့နာမည်ခေါ်တဲ့ ကလေး
နှစ်ယောက်က ဘယ်သူတွေလဲ။

ဖြေနိုင်ရင်ဆရာကြီးပဲ။

@nweoomon
4-11-2021

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center