ရောင်ပြန် မေတ္တာလေးတွေ...

ဖုန်းအသံမြည်လာ၍ ကိုင်လိုက်၏။ ညီတော်မောင်ထံ
မှဖြစ်သည်။ အိမ်ကို ဖုန်းဆက်ရန် တစ်ဆင့်ပြောပေး
ခြင်းဖြစ်သည်။

ယခုတလော အိမ်နှင့်ဖုန်းမပြောဖြစ်တာကြာပြီ။
ယခင်ကတော့ မကြာမကြာ အိမ်နှင့်ဖုန်းပြောဖြစ်
သည်။ ဖုန်းပြောတိုင်းလည်း ကိုယ်ကပင်စပြီး ဖုန်း
ဆက်ခဲ့ရသည်သာဖြစ်၏။ ယခု အိမ်ကဖုန်းဆက်
ဦးဟု တစ်ဆင့်ပြောခိုင်းသည်အထိဆိုတော့
အရေးကြီးလို့ မှတ်ထင်မိ၏။ ယခုတလော ကျွန်တော့်
စိတ်တွင် အမေ့ကို မကြာခန သတိရမိသည်။ အမေ့
အသက်ရွယ်လောက် အဘွားတစ်ယောက်ယောက်
ကို လှမ်းသွားရင်း မြင်လျှင် အမေ့ကို ပြေးမြင်မိ၏။
အမေ့ရဲ့ မေတ္တာတရားတွေကို အောက်မေ့သတိရကာ
ဝမ်းနည်းသလိုလို အမြဲဖြစ်မိ၏။

အိမ်ကို ဖုန်းဆက်လိုက်သည်။ ဟဲလိုဟု အစ်မက
ဖြေသည်။

နေကောင်းလားအစ်မ

နေကောင်းပါတယ်အေ... အခုလေးတင်ပဲ နင့်တူမ
လေးတွေက ဦးလေးနဲ့ ဖုန်းပြောချင်တယ်။ ဖုန်းခေါ်
ပေးဦး လုပ်နေကြတာနဲ့ မင်းသီဟ(ညီတော်မောင်)
ကို ဖုန်းဆက်ပြောခိုင်းလိုက်ရတာ...။
အဲ့ဒီနောက်အနားမှာအသင့်ရှိနေဟန်တူတဲ့
မြတ်မြတ်က ဦးလေးလို့ အားပါးတရ ခေါ်သံကို
ဖုန်းထဲက ကြားရသည်။ မြတ်မြတ်ဆိုတာက
တူမလေး အငယ်ဆုံး၊ ချစ်စရာအကောင်းဆုံး ဖြစ်ပြီး
စကားလည်း အတက်ဆုံး။ မြတ်မြတ်က...

ဦးလေး နေကောင်းလား(တွေ့လား စကားကအတော်
တက်သည်။ လူကြီးတွေလို လိုက်ပြီး စကားပြော
တက်သည်။)

နေကောင်းပါတယ်။

ဦးလေး ဘာလုပ်နေတာလဲ။

ထင်းစားနေတာ။ (အမှန်တော့ ထမင်းမစားနေပါ။
ပါးစပ်ထဲရှိရာ ကောက်ပြောလိုက်ခြင်းဖြစ်သည်။)

ဦးလေးလာရင် မုန့်ဝယ်ခဲ့နော်...။

ဘာမုန့်စားချင်တာလဲ...။

ပီကယ်...။ (ပီကယ်တဲ့ ကလေးတွေဟာ
ဘယ်လောက် ဖြူစင်လိုက်သလဲ သူတို့စားချင်တာကို
ပွင့်ပွင့်လင်းလင်းပြောတက်သည်။)

ဝယ်ခဲ့မှာပေါ့...။

တူမလေးတွေ တူလေးတွေ စုစုပေါင်း ၇ ယောက်ရှိ
သည်။ ထိုထဲမှ တူလေးနှစ်ယောက်က ကြီးပြီ။
တစ်ယောက်က ၇ တန်း၊ တစ်ယောက်က ၄
တန်းတက်ရတော့မည်ဖြစ်သည်။ သူတို့ကျောင်းတက်
ရတော့မည်။ ဒီစာသင်နှစ်ပြီးရင်ပေါ့။ ကိုဗစ်နဲ့ စစ်
ကြောင့် ၃ နှစ် ကျောင်းမတက်ခဲ့ရပေ။ ကျန်တဲ့
တူတူမလေးတွေက ရွယ်တူလေးတွေဖြစ်ကြသည်။
တစ်ယောက်က ချောကလက်၊ တစ်ယောက်က
ကိတ်မုန့်၊ တစ်ယောက်က ထိုးမုန့်၊ တစ်ယောက်က
ပေါင်မုန့်တဲ့ သူတို့စားချင်တာ မှာကြသည်။

အစ်မကပြောသည်။ နင့်တူ၊ တူမလေးတွေက နင့်ပဲ
မေးနေကြတာ။ ဦးလေးဘယ်တော့လာမှာလဲ။
ဦးလေးနဲ့ ဖုန်းပြောချင်တယ် ဆိုပြီး ပူဆာနေကြတာ။

သူတို့လည်း ကျွန်တော့်ကို လွမ်းရောပေါ့။ ကွန်တော်
လည်း သူတို့လေးတွေကို လွမ်းပါသည်။
ကိုဗစ်နဲ့ စစ်ကြောင့် မန်းလေးမှ အလုပ်ထွက်ကာ
ပြင်ဦးလွင် မိဘအိမ်မှာ ၃ နှစ်ကြာအောင် ပြန်နေဖြစ်
ခဲ့ပါသည်။ ကျွန်တော်အိမ်ရောက်တော့ တူ၊ တူမလေး
တွေနဲ့ စပြီးရင်းနှီးခဲ့ရသည်။ အားလုံးက ချစ်စရာ
လေးတွေ။ ကျွန်တော်လည်း အလုပ်မရှိ၊ အကိုင်မရှိ
ဆိုတော့ အိမ်မှာပဲ နေဖြစ်ခဲ့တာများတော့ အိမ်က
သူတို့လေးတွေရဲ့ ပြဿနာကို ဒိုင်ခံဖြေရှင်းပေးခဲ့ရ
သည်။ ဥပမာ ဆော့ရင်း ငိုသံကြားရင် သေချာပြီ
ကျွန်တော့်ဆီကို မျက်ရည်နဲ့ တိုင်ဖို့ ရောက်ချလာပြီ။
အဲ့တော့ ကျွန်တော်က တရားသူကြီးလို သူတို့ရဲ့
ပြဿနာကို ဘယ်သူမှန်တယ်။ ဘယ်သူမှားတယ်။
အမိန့်ချမှတ်ပြီး ဖြေရှင်းပေးခဲ့ရသည်။ ပြီးတော့
လည်း စည်းကမ်းတွေချမှတ်ပေးထားသည်။
မဆဲရ။ ရန်မဖြစ်ရ။ အော်မပြောရ။ ကုတင်ပေါ်
ဖိနပ်နဲ့ မတက်ရ။ လူကြီးကို အော်မပြောရ။ အစုံပါပဲ။
ကျွန်တော်အိမ်တွင်မရှိပဲ အပြင်သွားသည့်ရက်မျိုး၊
ကျွန်တော်အပြင်က ပြန်လာပြီ ဆိုလျှင် သူတို့က
အပြေးအလွှား တိုင်ကြသည်။ ဘယ်သူကဆဲတယ်။
ဘယ်သူက သမီးကိုလုပ်တယ်။ သူက သားကို
မျက်စောင်းထိုးတယ်။ စသည့်ဖြင့် အစုံအလင်တိုင်
ကြသည်။ သူတို့ပြဿနာ ဖြေရှင်းပေးရသည့်အခါ
တခါတလေ ရယ်ရသည်။ တခါတခါကျ စိတ်ရှုပ်ရ
သည်။ တခါတခါ ကျွန်တော်က ကမ္ဘာကြီးက
လည်နေတာတယ်လို့ ပြောပြသည်ခါ သူတို့က
ကမ္ဘာကြီးကဘာလို့ လည်တာလဲလို့ ပြန်မေးတက်
သည်။ အဲ့ဒီခါမျိုးဆို ကျွန်တော်ဘာပြန်ဖြေရမှန်း
မသိတော့။

အင်း... ၃နှစ်တာ ကာလအတွင်းမှာ ချီနှောင်ခဲ့တဲ့
ကြိုးကလေးတွေပေါ့။ အခုဆိုရင် သူတို့လေးတွေရှိတဲ့
မန္တလေးအရှေ့ဘက်က တောင်တန်းကြီးတွေကို
ငေးကြည့်ရင်း သူတို့ရဲ့ ဖြူစင်တဲ့ မေတ္တာလေးတွေ
ကို တမ်းတနေမိသည်။ ဒီလကုန်ရင်တော့ သူတို့နဲ့
ဆုံဖို့ ကျွန်တော် ပြင်ဦးလွင်ကို ပြန်ဦးမှာပါ။

ကိုကိုမိုးဟိန်း
သစ်အယ်သီး
@myanmarkoko
18.01.2023 / 6 pm, Wed

H2
H3
H4
3 columns
2 columns
1 column
17 Comments
Ecency