မင်္ဂလာပါ။ ယမန်နေ့ကတော့ ဘာရယ်မဟုတ် ကျွန်တော့ Blog ပေါ်တွင် ရေးသားခဲ့သော အကြောင်းအရာများအား ပြန်လည် ဖတ်ကြည့်နေမိခဲ့ပါသည်။ အမှန်တော့ စာရေးရန် အကြောင်း မယ်မယ်ရရ မရှိသဖြင့် ရေးပြီးသား အကြောင်းအရာများအား ပြန်ဖတ်ကြည့် နေခဲ့ခြင်း ဖြစ်ပါသည်။
ဤသို့ ပြန်ဖတ်ကြည့်မှ ကျွန်တော် တပိုင်းတစဖြင့် ရပ်ထားခဲ့သော အကြောင်းအရာ အတော်များများ ကျန်နေသေးကြောင်းသတိထားမိကာ ဤအကြောင်းအရာများအား ဤကဲ့သို့ ထပ်ဖြည့်ကာ ရေးသားရန် လိုနေသေးသည် ၊ ထိုအကြောင်းအရာများအား ဟိုလို ထပ်ဖြည့်ရေးသား ရန်လို သေးသည် အစရှိသဖြင့် တွေ့လာရပါတော့သည်။
အကယ်၍ မိတ်ဆွေအနေဖြင့်လည်း စာရေးသားရန် အကြောင်းရှာမရသည့် အဖြစ်မျိုးနှင့် ကြုံနေရလျင် ကျွန်တော်ကဲ့သို့ မိမိရေးသားခဲ့သော အကြောင်းအရာများအား ပြန်၍ ဖတ်ရှုစေချင်ပါသည်။ ရေးသားစရာ အကြောင်းအရာများ အားတွေ့လာပါလိမ့်မည်။
ယခု ဤစာစုတွင် ကျွန်တော်ရေးသားထားခဲ့သော မပြီးပြတ်သေးသည့် " ကျွန်တော်ရန်ကုန်ရောက်ခဲ့စဉ်က " အကြောင်းအရာများအား ဆက်လက်ဖေါ်ပြပေးပါမည်။ အမှန်တော့ ကျွန်တော်ရန်ကုန်ရောက်ခဲ့စဉ်က အကြောင်းအရာတို့မှာ ဖား ၊ ငါး ဖမ်းသည့် အကြောင်းအရာ များသာ ဖြစ်၍ အကုသိုလ် မကင်းသည့် အလုပ်များအား ပျော်ပျော်ကြီး လုပ်ခဲ့ကြောင်း မိတ်ဆွေတို့ သိပြီးသား ဖြစ်ပါသည်။
အမှန် ဆိုရလျင် ကျွန်တော် ရန်ကုန်ရောက်ကာစတွင် အတော်ရိုင်းသော စိတ်ရှိနေသေးသည်ဟု ဆိုချင်ပါသည်။ အတော်ရိုင်းသည် ဟူသည်မှာ စာရိတ္တ ရိုင်းသည်မဟုတ်ပဲ စိတ်ရိုင်း သည်ဟု ဆိုလိုခြင်း ဖြစ်ပါသည်။ ငယ်ဘဝတလျှေက်လုံး ဧရာဝတီမြစ် နှင့် တောတောင် များကြားတွင်း ဖားဖမ်း ငါးဖမ်း သားသတ် နှင့် ကျွန်တော်၏ စိတ်တို့မှာ ရိုင်းချင်တိုင်း ရိုင်းနေခဲ့ပါသည်။
ကြက်သတ်မည်လား ၊ ဝက်သတ်မည်လား ၊ အကောင် ပလောင်ဖမ်းရမည်လား နည်းနည်းမှ တွန့်ဆုတ်နေခြင်း မရှိသလို လက်ကလည်း အလွန်ယဉ်ပါသည်။ ဤအခြေအနေအား ပြန်သုံးသပ်ရလျင် ဗီဇ နှင့် ပတ်ဝန်းကျင် မှာ အလွန်အရေးကြီး ကြောင်း ပေါ်လွင်လှပါသည်။
ကျွန်တော်ကြီးပြင်းလာခဲ့သော နေရာဌာန သည် ဤသို့သော စိတ်ရိုင်းရှိသူများ နှင့် ကြီးပြင်းလာခဲ့ရသလို ကျွန်တော်၏ မိဘများကလည်း ဤသို့ သားငါး ဖမ်းခြင်းအား အပြစ်တခုလို မမြင်ခဲ့ကြ ၍ တားမြစ်ရမှန်း မသိခဲ့ကြပါ။ ကျွန်တော့ မိဘများအားလည်း အပြစ်မဆိုသာပါ။
အဘယ့်ကြောင့် ဆိုသော် ကျွန်တော်တို့ လူမှုအသိုင်း အဝိုင်းတွင် ကိုးကွယ်ယုံကြည်မှုနှင့်ဆိုင်၍ သား ငါး သတ်ခြင်း သည်အပြစ်တခု အဖြစ်မှတ်ယူ မထားသော ကြောင့် ဖြစ်ပါသည်။ ဆိုခဲ့သည့် အတိုင်း ကျွန်တော်၏ စိတ်ရိုင်းသည် မြို့ပြသို့ ရောက်လာသည့်တိုင်း အခွင့်အရေးရသည် နှင့် ဗီဇက ပေါ်လာပါတော့သည်။
ဤ ဖား ငါး ပေါသော ဒဂုံတက္ကသိုလ် လိုနေရာမျိုးတွင် ကျွန်တော့ စိတ်ရိုင်း အတွက် စိတ်ကြိုက် လွတ်လပ်ခွင့် ရနေပါတော့သည်။ ထိုအချိန်က ကျွန်တော့ အနေဖြင့် စာဖတ်ဝါသနာ အတော်အတန်ပါ နေပြီ ဖြစ်သော်လည်း လူငယ်သဘာဝအလျောက် စွန့်စားသော ၊ အားတက်စေတတ်သော ၊ ထူးခြားဆန်ကျယ်သော စာပေများအား ဓိက ဖတ်ရှုနေခဲ့ခြင်း ဖြစ်ပါသည်။
ဥပမာ ပြရလျင် မသိင်္ခ ၊ ရွှေဥဒေါင်း ၊ ဒဂုန်ရွှေမျှား ၊ စသည်ဖြင့်။ မုဆိုးကြီး အလန်ကွာတာမိန်း မှာ ကျွန်တော် အတော် သဘောကျခဲ့သော မုဆိုးဖြစ်ပါသည်။ ထို့အတူ ပြည်တွင်း မုဆိုးစာရေးဆရာ ကိုပိုက်၏ တောတွင်း ဇတ်လမ်းများ ။ ကျွန်တော် ရန်ကုန် ရောက်လာပြီးနောက်ပိုင်းတွင် ကျွန်တော့ စိတ်ရိုင်းအား ချွန်ဖြင့် အုပ်ပေးနိုင်ခဲ့သော အရာသည် မြတ်ဗုဒ္ဓ၏ တရားတော်များ ဖြစ်ပါသည်။
ကျွန်တော်ပထမဦးဆုံးကြားနာခဲ့ရသော တရားမှာ ကြာနီကန် ဆရာတော်၏ တရား (ရေမျှောကမ်းတင် ဖူးစာရှင်) ဟူသော တရားဖြစ်ပါသည်။ ထိုအချိန်ကတော့ တရားနာသည် ဟူခြင်းထက် ရယ်စရာ မောစရာပါသော နားထောင်၍ အလွန်ကောင်းသော တရားအနေဖြင့်သာ နာယူခဲ့ခြင်း ဖြစ်ပါသည်။
သို့သော် ထိုအချိန်က ကျွန်တော်တို့တွင် ကက်ဆက်မရှိခဲ့ပါ။ ကက်ဆက်ရှိသော ဘေးအိမ်မှ ဖွင့်ပြခြင်း ဖြစ်ပါသည်။ ညတိုင်း အိမ်ရှေ့ ဝရန်တာတွင် ထိုင်ကာ ကြာနီကန် တရားနာယူခဲ့ပါသည်။ ကျွန်တော်ကြိုက်သည်ဟူ၍ ဘေးအိမ်ကလည်း ကြာနီကန် တိတ်ခွေများအား တနေ့တမျိုး မရိုးရအောင် ငှားပေးကာ ဖွင့်ပေးခဲ့ပါသည်။
ကျောက်ခဲလေးဘဝဆုံးရှာပြီ ၊ သမီးထက်ကြီးသောဖေဖေ ၊ ပဋာစာရီ ၊ သူခိုးစုံတွဲ သေဆုံးပွဲ အစရှိသဖြင့် အတော်များများ ကြားနာခဲ့ပါသည်။ ကြာနီကန် ဆရာတော် အနေဖြင့် ခလေးသူငယ်များ ပျော်ရွှင်စေရန် ရယ်မောဟာသများကြားတွင် သိမှတ်ဖွယ်ရာ လောကနီတိများပါ ထည့်သွင်း ပေးခြင်းဖြင့် ကြားနာသူများအား အသိလိမ္မာ တိုးပွားစေပါသည်။
ကျွန်တော်၏ စိတ်ရိုင်းအား ချွန်ဖြင့် အုပ်ပေးသော အခြားသော အကြောင်းအရာတခုမှာ ကျောင်းတက်၍ နံနက် သင်ခန်းစာ မစမှီ ဘုရားဝတ်တက်ခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့ မြစ်ကြီးနား တွင် ထိုအလေ့အထ မရှိပါ။ ကျောင်းတက်လာသည့်သက်တမ်း တလျှောက်လုံး သူငယ်တန်းမှ ၇ တန်းထိ ဘုရားဝတ်တက်ခြင်း မပြုလုပ်ခဲ့ကြပါ။
ကျွန်တော်ရန်ကုန် ရောက်ပြီးနောက် ရှစ်တန်းနှစ် စတက်သည်နှင့် နေ့စဉ်နံနက် ကျောင်းသူကျောင်းသားများအားလုံး အခန်းတိုင်း ဘုရားဝတ်တက်ရပါသည်။ တတန်းလုံး ထိုင်ခုံတွင် ဆောင့်ကြောင့်ထိုင်ကာ ဩကာသ အစချီလျက် ကာယကံ ၊ ဝစီကံ ၊ မနောကံ အစရှိသော အပြစ်များ ပြေပျောက်ခြင်းငှာ ဝန်ချ ကန်တော့တောင်းပန် ထို့နောက် အမျှတန်းဝေခြင်းဖြင့် အဆုံးသတ်ပါသည်။
ကျွန်တော်ကဲ့သို့သော ခရစ်ယန်ဘာသာဝင် ကျောင်းသူ ၊ကျောင်းသား များ အနေဖြင့် ဘုရားဝတ် မတက်ပဲ ထိုင်နေခွင့်ရှိပါသည်။ သို့သော် ထိုဘုရားရှိခိုးသံ ၊ အမျှဝေသံ များမှာ ကြာလာသည်နှင့် အမျှ နားယဉ်ပါးလာကာ ကျောင်းတက်ခဲ့သည့်ကာလ ၈/၉/၁၀ တန်းအထိ ကျွန်တော်အများနည်းတူ ဘုရားဝတ်တက်ခဲ့ပါသည်။
ထိုဩကာသ ဘုရားဝတ်တက်ခြင်းအား ယခုထက်ထိတိုင် အလွတ်ရနေပါသေးသည်။ " ဩကာသ ဩကာသ ဩကာသ ၊ ကာယကံ ၊ ဝစီကံ ၊ မနောကံ ခပ်သိမ်းသော အပြစ်တို့ ပျောက်ပါစေခြင်း အကျိုးငှာ ပထမ ၊ ဒုတိယ ၊ တတိယ ၊ တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ် မြောက်အောင် ဘုရားရတနာ ၊ တရားရတနာ သံဃာ ရတနာ ၊ ရတနာမြတ်သုံးပါးတို့အား ရိုသေလေးမြတ်လက်စုံမိုး၍ ရှိခိုးပူဇော်ဖူးမျှော် မန်လျော့ ကန်တော့ပါ၏ အရှင်ဘုရား ။ ဤသို့ ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေး ပါး ၊ ကပ်သုံးပါး ၊ ရပ်ပြစ်ရှိပါး............. " အစရှိသဖြင့် ဤဩကာသ ဘုရားဝတ်တက်ခြင်းအား ကျောင်းသူ ကျောင်းသားများအား လုံး အသံညီညီ ဖြင့် ရွတ်ဆိုဝတ်တက်ခဲ့ကြရခြင်း ဖြစ်ပါသည်။
ဆက်လက်ဖေါ်ပြပေးပါမည်။
Henry Aung