ကျွန်တော်နှင့် ရခိုင် ( Henry Aung )

111.jpeg

မင်္ဂလာပါ။ ခေါင်းစဉ် ဖတ်မိသည်နှင့် ကိုဟင်တယောက် AA သို့ ရောက်သွားပြီလော သို့မဟုတ် စီးပွားရေး မကောင်းသော ကြောင့် ရခိုင် ငှက်ပျောသီး ရောင်းနေပြီလော ဟု ထင်ကောင်း ထင်နေပါလိမ့် မည်။ ထိုသို့ မဟုတ်ပါ။ ဤစာစု ဆုံးအောင် ဖတ်ကြည့်လျင် သိပါလိမ့်မည်။

တကယ်တော့ ကျွန်တော့ တွင် ရခိုင် မိတ်ဆွေပင်မရှိပါ။ စင်္ကပူ တွင် ရှိစဉ်က ချင်း / ကယား / ကရင် / မွန် လူငယ်များ နှင့် ရင်းနှီးခဲ့ပြီး သောက်ဖေါ်စားဖက်များပင် ဖြစ်ခဲ့ကြပါသည်။ ကျွန်တော်တို့ စင်္ကပူတွင် အလုပ်သွားလုပ်ခဲ့ ကြသော လူငယ်များတွင် ရခိုင်လူငယ်များလည်း ပါဝင်ကြပါသည်။ သို့သော် ကျွန်တော်နှင့် ရင်းနှီးကျွမ်းဝင် မှုမရှိခဲ့ပါ။ သို့မဟုတ် ကျွန်တော်ပဲ မမှတ်မိတော့သည်လား တခုခု ဖြစ်ပါလိမ့်မည်။

ရှိစေတော့ ရန်ကုန်ရှိ ရခိုင် အကြောင်း ဆက်ကြပါအုံးစို့။ ဤ ရန်ကုန် ကဲ့သို့သော မြို့ကြီးပြကြီးတွင် သားငါးများ လတ်လတ်ဆတ်ဆတ် ဝယ်စား နိုင်ပါသည်။ ဆိုလိုသည်မှာ ယနေ့ ငါးကန်မှ ထုတ် နက်ဖြန် နံနက်စောစော ဈေးတွင် ဝယ်စား နိုင်ပြီ ဖြစ်သလို ဝက် / အမဲ နှင့် ကြက်များကလည်း ခုသားသတ်ရုံ မှာ သတ် ခဏနေ သွေးသံရဲရဲ နှင့် ဈေးသို့ ရောက်လာပြီ ဖြစ်ပါသည်။

သို့သော် ချွင်းချက် တခုတော့ ရှိပါသည်။ တောင်ပေါ်ရှိ သစ်ဥ သစ်ဖု ယာခင်း သစ်ရွက် များနှင့် တောသားကောင်း များကတော့ ရန်ကုန် တွင် မရနိုင်ခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့လည်း ကချင် အရွက် သစ်ဥ သစ်ဖုများ စားချင်လျင် ဗန်းမောက်ရှိ အမျိုးများထံ မှာရပါသည်။ ထားပါ။

ကျွန်တော်ပြောလိုသည့် အကြောင်းအရာမှာ စမ်းချောင်း ဂွဈေး အနီးရှိ ၂ ထပ်အိမ်ကြီး တအိမ်၏ အောက်တွင် ရခိုင် အစားအစာ များ ရနိုင်ပါသည်။ နံနက် ပိုင်း ရခိုင် မှ ရောက်လာသော အသီးအရွက် သစ်ဥသစ်ဖု ငါးခြောက် ပုဇွန်ခြောက်များ ဂုံးကောင်များ ငါးလိပ်ကျောက် အသားများ စသည်ဖြင့် ရောင်းပါသည်။

အသီးအရွက်မှာ အချို့အား ကျွန်တော်သိသလို့ အတော်များများ တော့ ကျွန်တော်မသိပါ။ ဒရင်ကောက် ( ဍရင်ကောက်) ရွက် များလည်းရသလို မျောက်ငိုသီးများလည်း တွေ့ရပါသည်။ ကျွန်တော်တို့ မြစ်ကြီးနားဖက်တွင်တွေ့ရတော့ ခရု ( ချက်၍ စုပ်စားရသော ခရု ) မှာ လက်မလက်တဆစ်ခန့်သာရှိသော်လည်း ထိုရခိုင် ဆိုင်တွင် တွေ့ရသော ခရုမှာ ခလေး လက်သီးလုံးလောက်ရှိကာ လေးထောင့် ချွန် ဖြစ်ပါသည်။

ထို့နောက် ကမာ များ အသားထုတ်ထားသော ကမာသား များ နောက်ဘာမှန်း မသိသော အသီးများအားလည်း တွေ့ရပါသည်။ အစကတော့ ကျွန်တော်လည်း သတိမထားမိပါ။ ယခင်က ထိုအိမ်သည် အာလူးကြက်သွန် မီးသွေး စသည့် ပစ္စည်းများရောင်းသော အိမ် ဖြစ်ပါသည်။

နောက်မှ လူများ တရုန်းရုန်း ဖြင့် ဈေးဝယ်နေကြသော အခါ ကျွန်တော်လည်း စပ်စုမိပါတော့သည်။ ထိုရခိုင်ဆိုင်အား ကျွန်တော်သဘောကျသည်မှာ အထက်တွင် ဖေါ်ပြပေးခဲ့သော အသီးအရွက် သားငါးများလည်း ရသလို တောကောင်သား များလည်း ရပါသည်။

ချေသား / ဆတ်သား / တောကြောင်သား / တောဝက်သား / တောကြက်သား / တောချိုး သား စသည်ဖြင့် ။ ဤတောကောင်သားများကတော့ နေ့တိုင်း မရပါ။ ရခိုင်မှ ကားရောက်သော နေ့များတွင်သာ ရပါသည်။ တောဝက် ဆိုလျင်အသားချည်း ရောက်လာသည် မဟုတ်ပါ။ အသားနှင့်တွဲလျက် တောဝက်မွေး ဗရဗျစ်နှင့် အရေခွံပါ ပါသည်။

ကျွန်တော်ကဲ့သို့ တောကောင်သားများ စားဘူးသူဆိုလျင် မြင်လိုက်သည်နှင့် တောဝက်သားမှန်း သိပါသည်။ အဘယ့်ကြောင့်ဆိုသော် တောဝက်သားတွင် အဆီ မရှိပါ။ အသားနှင့် အခေါက်သာ ရှိပါသည်။ ဆတ်သားလည်း အတူတူ အသားနှင့်တွဲလျက် အရေခွံ အခေါက်ပါပါသည်။ ချေသားကတော့ အစို ဖြစ်သော်လည်း အနည်းငယ် ကျပ်တိုက်ထားပါသည်။

တောကြက် / ချိုး / တောကြောင်သားများကတော့ အမွှေးနှုတ်ထားကာ အနည်းငယ် ကျပ်တိုက်ထားပါသည်။ တောကြောင် တကောင်အား ယူ၍ နမ်းကြည့်လိုက်သော အခါ မီးခိုးနံ့ နှင့်အတူ ကောက်ညှင်းပေါင်း နံ့ ရနေပါသည်။ သေချာသည်မှာ ထိုတောကြောင်သည် ကြောင်နံ့သာ ခေါ် ကြောင်ကတိုး ဖြစ်ပါသည်။

တောကြက်ကတော့ ကြည့်လိုက်သည်နှင့် သိသာပါသည်။ ချိုးကတော့ အနည်းငယ် ကြည့်ရပါသည်။ တောချိုး စစ်သည်လား ခို များအား ကျပ်တိုက်လာသည်လားဟူ၍။ ဤ ချိုးအား စစ်ကြည့်ရာတွင် ချိုးသည် ခြေထောက်တွင်ကြည့်ရပါသည်။ ချိုးခြေထောက်သည် ခိုခြေထောက်ကဲ့သို့ အနီရောင် ဖြစ်သော်လည်း ခြေသည်းများက ခိုထက် အနည်းငယ် ပိုချွန်သလို ကိုယ်ပေါ်ရှိ အသားလည်း ခိုလောက်မများပါ။

ဆိုတော့ ရန်ကုန်တွင် တောကောင်သား များ ရနိုင်သည့် နေရာ ရှိနေပါသည်။ ထိုရခိုင်ဆိုင်က နံနက်ပိုင်းတွင် ဤသို့ဈေးရောင်းပြီး နေ့လည် ပိုင်းတွင် ထမင်း ဟင်း ရောင်းပါသည်။ အဝစား ၂၅၀၀ ဖြစ်ပါသည်။ ကြိုက်သည့် အသားဟင်း တခွက် / ဗူးသီး ဟင်းချို တခွက် / ငပိထောင်း နှင့် တို့စရာများကတော့ Free။

နံနက် ၁၀ နာရီလောက်မှ ဖွင့်သည့် ထမင်းဆိုင် ၁၁ နာရီ ခွဲဆိုလျင် ကုန်ပြီ ဖြစ်ပါသည်။ ဟင်းများကလည်း ကြည့်အုံး ကြက်သောက်ဆမ်း / ချေသား နှပ် / တောကြောင်သား ချက် / ဝက်သား နှပ် / ကကတစ် ရခိုင်ချက် / ငါးခြောက်အား အမျှင် အမျှင် နွှာထားပြီး ကြာဆံနှင့် ပြန်ကြော်ထားသော ငါးခြောက် ကြာဆံကြော်။

ကျွန်တော် နေ့လည်နေ့ခင်း မီးပျက်လျင် ထိုဆိုင်မှဟင်းများသာ ဝယ်စာ ဖြစ်ပါသည်။ ချေသား/ ကြက်သောက်ဆမ်း / ဝက်သားနှပ် / ငါးဟင်း စသည်ဖြင့် အတော်လေး တန်ပါသည်။ ဟင် တပွဲ ၂၀၀၀ ဖိုးဝယ်လျင် ဟင်းချို တပွဲ ငါးပိထောင်း တပွဲနှင့် တို့စရာ အတို့အမြှုပ်များ အပိုထည့်ပေးပါသည်။

ရခိုင်ဟင်း ဆိုသည့် အတ်ုင်း ငရုတ်သီးကတော့ ရှယ်စပ်ပါသည်။ ငပိထောင်းကလည်း ရှယ်မိုက်ပါသည်။ သို့သော် လုံးဝဗိုက် မနာပါ။ အထွက်ဆိုးခြင်း မရှိပါ။ ဆိုင်ရှင် အန်တီးကြီး ကိုယ်တိုင်က အာမခံရောင်းပါသည်။ ဟင်းမချက်မှီ ထည့်ရသော ငရုတ်သီးစိမ်းအားလုံးအား လှော်ထားသောကြောင့် မည်မျှ ငရုတ်သီးစပ်သော်လည်း ဗိုက်မနာစေရဟူ၍။

အကယ်၍ မိတ်ဆွေလည်း ရန်ကုန် ရောက်တုန်း ရောက်ခိုက် ရခိုင်ထမင်းဟင်း နှင့် တောကောင်သားများ စားချင်လျင်တော့ ဂွဈေးအနီး မကြီးကြီးလမ်းနှင့် ဓညဝတီ လမ်းထောင့် တွင် ဖွင့်ထားသော ထိုရခိုင် ဆိုင်အား ညွှန်းလိုပါသည်။ ဆိုင်ဆိုသော်လည်း ဆိုင်အမည်မရှိပါ။ မိသားစု များ ဈေးရောင်း ချက်ပြုတ် သော ထမင်းဆိုင်ဖြစ်ပါသည်။

Henry Aung ( Kachin )

20/05/2022 - Friday - 17;48 Pm

H2
H3
H4
3 columns
2 columns
1 column
17 Comments