ကျွန်တော် စျေးရောင်းနေပါသည် ( Henry Aung )

111.jpeg

မင်္ဂလာပါ။ ဟုတ်ကဲ့... Covid အကြောင်းပါပဲ။ အခြားမဟုတ်ပါ။ COVID-19 ဒုတိယလှိုင်းက ရန်ကုန်အား အတော်ပင် ဂယက်ထစေပါသည်။ တပတ်အတွင်း COVID-19 ရောဂါကူးစက်သူ မြို့နယ်ပေါင်းစုံတွင် ရှိနေပါတော့သည်။ ကျွန်တော်နေထိုင်ရာ စမ်းချောင်း မြို့နယ်တွင်လည်း ဟိုတလမ်း တွင် ရခိုင်မှ ဧည်သည် ရောက်၍ ကွာရန်တင်း စင်တာ ပို့လိုက်ပြီ။

နောက်တလမ်းတွင်လည်း ဘယ်နှစ်ယောက် ထပ်တွေ့သည်။ ဟိုနေရာ ရခိုင်မှ လူတွေ ရောက်နေပြီ။ သက်ဆိုင်ရာမှ လာစစ်ပါရန်။ အတောမသတ်နိုင်သော သတင်းများ။ စမ်းချောင်းမြို့နယ်ရှိ တိုက်များမှာ အများအားဖြင့် ၆ ထပ်ရှိရာ အလယ်တွင် လှေကား ဘယ်ညာ အခန်းဖွဲ့ထားသည် ဖြစ်ရာ တတိုက်တွင် ၁၂ အိမ်ထောင်စု ရှိသည့်သဘောဖြစ်ပါသည်။ အချို့တိုက်ခန်းကတော့ အငှားတင်ထားသဖြင့် လူဦးရေ များသည်ဟုဆိုနိုင်ပါသည်။

အကယ်၍ တိုက်တတိုက်တွင် ပိုးတွေ့လူနာ တွေ့ပြီ ဆိုပါစို့။ ထိုတိုက်ရှိ ၁၂ အိမ်ထောင်ကတော့ နားကားပြီ ဖြစ်ပါသည်။ တတိုက်လုံး Lock Down ချ ။ ဘယ်မှ မထွက်ရ။ ယခုတလော ကျွန်တော်တို့ တိုက် အနောက်ဘက်လမ်း တွင် ရခိုင်မှ ဧည့်သည် ရောက်နေသောကြောင့် သက်ဆိုင်ရာမှ ထိုဧည့်သည်များအား ကွာရန်တင်း စင်တာသို့ ခေါ်ဆောင်သွားသည်ကို မျက်မြင်တွေ့ခဲ့ရပါသည်။

ရဲကား နှစ်စီး ၊ လူနာတင်ယျဉ် တစ်စီး ၊ ရပ်ကွက်လူကြီးများ ၊ PPE ဝတ်စုံပြည့် ဝတ်ထားသော ဆေးသူနာပြုများ။ ရဲကားရောက်လာသည်နှင့် တိုက်အသီးသီး ရှိ ဝရန်တာမှ ထွက်ကြည့်ကြသူများ။ ကျွန်တော့ အမြင်တွင်တော့ ရာဇဝင်လူဆိုး များအား လာဖမ်းသည်နှင့်သာ တူနေပါတော့သည်။ ကွာရန်တင်း ဝင်ရန်အတွက် လာခေါ်လျင် ဤကဲ့သို့ အုပ်အော်သောင်းနင်း ဖြစ်စရာမလိုဟုထင်ပါသည်။ ကျွန်တော့အထင်သာ ဖြစ်ပါသည်။

အကယ်၍ ဧည့်သည်များ က ရုန်းရင်းဆံခတ် ငြင်းပယ်လျင် ရဲသားများက တာဝန်ယူ ဖမ်းချုပ်ရမည်ကို နားလည်ပါသည်။ သို့သော်...ကျွန်တော့ အမြင်တွင်တော့ ရာဇဝတ်သား ဖမ်းသလို လာခေါ်ခြင်းတော့ ဘဝင်မကျမိပါ။ ဤကဲ့သို့ အုပ်အော်သောင်းနင်း ဖြစ်စရာမလိုသော နည်းလမ်းများလည်း ရှိကောင်း ရှိပါလိမ့်မည်။ ထားပါ။ ဤသည်က ကျွန်တော့ အမြင်ဖြစ်၍ မှားကောင်း မှားပါလိမ့်မည်။

ယခု ဖြစ်နေသည်က COVID-19 အကြောင်းပြ ၍ ဆေးဝါးများ စျေးတက်လာခြင်း ဖြစ်ပါသည်။ ကျွန်တော်လည်း နားမလည်ပါ။ ယခင် ၅၀၀၀ နှင့်ရသော ဆေးများ ၈၀၀၀ ဖြစ်လာပါသည်။ ယခင် ၂၀၀ နှင့် ရောင်းသော ဆေးများ ၅၀၀ ဖြစ်လာပါသည်။

ကျွန်တော်တို့ကဲ့သို့သော ဆေးဆိုင်များ အထူးသဖြင့် End User ဟုခေါ်သော သုံးစွဲသူလက်ထဲသို့ အရောက် ပို့ပေးရသော ဆေးဆိုင်တို့မှာ ပြသနာ ကြုံရပါတော့သည်။ ကုန်သည်ပွဲစားတို့ စျေးတက်လိုက်သည်ကို သုံးစွဲသူတို့ မသိပါ။ ကျွန်တော်တို့ လက်လီ ရောင်းသူများ အငေါ်တူးခံရပါသည်။ ဥပမာပြပါမည်။

လွန်ခဲ့သော ရက်က Mask များ စျေးအလွန်တက်သွားသောကြောင့် ကျွန်တော် Mask များ ထပ်ဝယ်မတင်ထားခဲ့ပါ။ ရှိပြီးသော Mask များအား အနည်းငယ် စျေးတင်ရောင်းမိပါသည်။ စျေးတင်ရောင်းသည်နှင့် ဆေးဆိုင်တွေ အမြတ်စားကြီးသည် အပြောခံရပါသည်။

ဆိုတော့ ကျွန်တော်လည်း စိတ်ပေါက်ပေါက်ရှိလာသည်နှင့် In Stock ရှိနေသော Mask များအား ပြင်ပပေါက်စျေး ထက် ထက်ဝက်ခန့် လျော့၍ အကုန် ရောင်းလိုက်ပါသည်။ ဝယ်လိုက်ကြသည်မှာ ဝက်ဝက်ကွဲ။ နောက်တနေ့ Mask များ မရှိတော့ပါ။ ပြင်ပတွင်လည်း Mask တဘူး ၈၀၀၀ / ၉၀၀၀ စျေးခေါ်နေသဖြင့် ကျွန်တော်လည်း မဝယ်ထားခဲ့ပါ။

နောက်တနေ့ Mask လာဝယ်ပါသည်။ ကျွန်တော်ကလည် ပြေပြေလည်လည်ရှင်းပြပါသည်။ ပြင်ပတွင် Mask စျေးများ မတရား တက်နေ၍ ကျွန်တော့ဆိုင်တွင် Mask များ လက်ကျန်မရှိတော့ကြောင်း။ ဝယ်သူပြန်ချေသွားသည်မှာ " ဆေးဆိုင်ဖြစ်ပြီး Mask မရှိဘူးလား ၊ ပိုက်ဆံက အရေး ကြီးသလား ၊ ကျန်းမာရေးက အရေးကြီးသလား၊ Mask တခု ၅၀၀ ဖြစ်လဲ ဘာအရေးလဲ... ဆေးဆိုင်ဆိုရင် Mask တော့ရှိသင့်တာပေါ့ " ဟူလို။ ဟုတ်ကဲ.... ကျွန်တော် Henry Aung မြန်မာပြည်တွင် ဆေးရောင်းစားနေပါသည်။

Henry Aung ( Kachin )

H1.jpeg

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center