စိတ် စိတ်ပါကွယ်။

img_0.7621092795142147.jpg

လူအမျိုးမျိုး စိတ်အထွေထွေ တဲ့။
မှန်တာပေါ့ လူကလည်း ပုံသဏ္ဍန်အမျိုးမျိုး၊
အရောင်အသွေးမျိုးစုံရှိသည်။ စိတ်
အဲ့ဒီ စိတ် ကတော့ဖြင့် အတော်ကို
ထူးဆန်းသည့်အရာဖြစ်ပေသည်။

ကိုယ်စိတ်ကိုပင် မပိုင်။ မှန်သဗျို့ စိတ်
သည် အခု ဒီမှာ၊ ခဏနေ တော်ရာ
ရောက်သွားပြန်သည်။ တော်ကြာ
ဟိုဟာတွေး ခဏကြာ ဒီဟာရောက်။
အတော်လျှင်မြန်ပါပေသည်။

အဲ့ စိတ် ကို လိုက်ဖမ်းဖို့ရာ အတော်ခက်သာလား။
ဒါကြောင့် စိတ်တည်ငြိမ်ဖို့ တရားထိုင်ကြသည်။
သူတော်ကောင်းများ၊ တရားထူးရသူများအဖို့
တော့ မသိပါ။ ကိုယ်တွေ တရားထိုင်ကြည့်တာ
ဆယ့်ငါးမိနစ်အတွင်းမှာ စိတ်ကို လိုက်ကြည့်
ရတာ လိုက်မှတ်ရတာ မောသဗျို့။ ဒီကြားထဲ
လွတ်သွားသေး။

ဒီလောက် ခက်ခဲတဲ့ စိတ်။ ကိုယ်စိတ်ပင်
မထိန်းနိုင်တာ သူများစိတ်ကို ရန်သွားလုပ်သည့်
ကျွန်တော့် အမ စနေသမီးကို မနည်းပြော
ယူရသည်။ တနေ့က အိမ်ဘေးခြံက
မြေကြီးများ သူရို့ရှေ့ မြောင်းဘေး ပုံထားသည်။
ထော်လာဂျီ လေးစီးစာမြေပုံဖြစ်သည်။

သူရို့ခြံရော၊ ကျွန်တော်တို့ခြံရော ရေမြောင်းက
မြေကြီးမြောင်းများဖြစ်သည်။ ဆိုတော့မိုးရွာ
လာပါရင် ထိုမြေကြီးများက တဖြည်းဖြည်း
မြောင်းအတွင်းကျ၍ မြောင်းပိတ်သွားနိုင်သည်။
အမစနေက ဘေးခြံက လူကို ပြောလေသည်။

"ဟိတ် နင်တို့က အင်ဂျင်နီယာတွေဆိုတော့
ဒီမြေကြီးတွေ မြောင်းထဲ မကျအောင်
ဘေးကနေ သစ်သားဖြစ်ဖြစ်၊ သုံးထပ်သား
ဖြစ်ဖြစ်၊ သွပ်ပြားဖြစ်ဖြစ်ကာလိုက်ပါလား"

ဒီတော့ ဘေးခြံမှ လူက

"ဟုတ်ကဲ့ဗျ အားတဲ့အခါ လုပ်လိုက်ပါမယ်"

သူတို့ နှစ်ဦးပြောပြီး နှစ်လ သုံးလကြာသည်အထိ
ထိုမြေကြီးများကို မကာဖြစ်သေးပါ။
ထိုအခါ အမစနေက

"ငါ့ကိုပြောတော့ ကာမယ်ဆိုပြီး အခုထိ
မကာကြသေးဘူး။ သွားမေးအုံးမယ်
ဒီးနှစ်ထဲ ကာအုံးမှာလားလို့"

ကျွန်တော့်မှာ

"အမ ရာ သူတို့ဟာ သူတို့ ကာချင်တဲ့အခါ
ကာ လိမ့်မပေါ့။ သူရို့အိမ်ပိုင်လည်းမဟုတ်
အိမ်ငှားနေကြတာ။ ပြဿနာမရှာချင်ပါနဲ့"

"မဟုတ်ဘူး ငါ့ကို ပြောတော့ ကာမယ်လေး
ဘာလေး ၊ မကာဘူးဆို မကာဘူးပေါ့"

"အော် ငါ့အမနဲ့ မကာချင်ဘူးလို့ ပြောမှ
မကောင်းထာ။ စကားကောင်းအောင်
ပြောလိုက်တာပ။ စိတ်ထဲ ထားမနေနဲ့
ကိုယ့်ဒုက္ခ ကိုယ်ရှာနေတာ။ သူ့ခြံဝင်း
သူလုပ်ချင်တာ လုပ်မှာပ စိတ်လျှော့
စိတ်လျှော့"

ကဲ အဲ့ စိတ် ကြီးက အတော် ပြဿနာဗျို့။
ပျော်စရာ၊ စိတ်ညစ်စရာ၊ စိတ်ဆိုးစရာ
အကုန်လုံးကို ချက်ချင်း ခဏအတွင်း
လုပ်ဆောင်နိုင်တယ်။

@htwegyi
26-9-2022

H2
H3
H4
3 columns
2 columns
1 column
12 Comments
Ecency