ပျံသန်းမည့် အချိန်။

img_0.7621092795142147.jpg

ကျွန်တော့်အိမ်ရှေ့မှာ တီဗီအင်တာနာ
ထောင်ထားသည်။ ထိုအင်တာနာကို အိမ်ရှေ့မှာရှိသော
တိုင်မှာ ကပ်၍ ကြိုးဖြင့်ချည်ထားသည်။
ဒီတော့ အက်တာနာက အိမ်၏တံစက်မြိတ်
အောက်တွင်ရှိသည်။ တဖန် နေပူသဖြင့် နေဒဏ်
ကာကွယ်ရန် နေကာပိုက်စိမ်းဖြင့် ထက်မံကာ
ထားသည်။

ဒီတော့ ထိုအင်တာနာရှိသောနေရာသည်
လေမိုးကို လုံခြုံသည်။ ထိုကြောင့် အင်တာနာ
သံပိုက်လုံးလေးများအတွင်း၌ ငှက်မက
အသိုက်လာလုပ်သည်။ ငှက်မဟု ထင်သည်။
ပထမတော့ သတိမပြုမိပါ။ နောက်တော့
ငှက်နှစ်ကောင် လာပြီး ကျလိကျလိအသံများ
ကြောင့် သတိထားမိသည်။

ပထမဦးစွာ ငှက်ထီး ငှက်မ နှစ်ကောင်ဖြစ်ပေမည်။
အသိုက်လုပ်ဖို့ ကောက်ရိုးနှင့် မြက်များ ချီလာ
သည်။ ကြည့်နေစဉ်အတွင်း နှစ်ရက် သုံးရက်
မြောက်မှာ သူရို့ အသိုက်လေး ပြီးစီးသွားသည်။
နောက်မကြာမီ ရက်ပိုင်းမှာ ငှက်မက လာလာ
ဝပ်လေသည်။

ထိုနောက်မှာတော့ ငှက်ပေါက်လေးများ၏
အော်သံကို ကြားရသည်။ ငှက်ပေါက်လေးက
နှစ်ကောင်ဖြစ်သည်။ ငှက်မက အစာများ
ကိုက်ချီလာ၍ သူ့ကလေးများကို အစာကျွေး
သည်။ ငှက်မက အစာလာကျွေးပြီး နောက်တခါ
အစာထပ်မံရှာသည်။ ထိုခဏ အချိန်လေးမှာ
ငှက်ပေါက်လေးများက ကျလိကျလိဖြင့်
အသံပေးကြသည်။

ထိုအခါ ထိုငှက်ပေါက်သံကို ကြားသော
တူမ၏ ကြောင်သည် ငှက်ကလေးများရှိရာ
အင်တာနာသို့ တက်ရန် ဟန်ပြင်သည်။
ကြောင်က ငှက်သိုက်သို့ သွားဖို့ ပြင်နေစဉ်
အမေ က မြင်သည်။ မြင်သော အမေက
ငယ်သံပါစွာ

"ဟဲ့ လုပ်ကြစမ်း မောင်းကြစမ်းပါအုံး
နင့်တို့ကြောင်ကို ငှက်သိုက်ပေါ် တက်ဖို့
လုပ်နေတယ်"

အမေ အသံကြား၍ အမက အပြေးလာကာ
ကြောင်ကို မောင်းထုတ်ရသည်။ သကောင့်သားက
တော်တော်နှင့် မောင်းမရပေ။ အမက နှုတ်မှ
ပြောရင်း အဝတ်ဖြင့် ကြောင်ကို ပုတ်၍
အတန်ကြာအောင် မောင်းထုတ်ရသည်။

"မီးညောင် မစားရဘူးနော်၊ ဗိုက်စာရင်
လာတောင်း၊ သူများ ကလေးတွေကို
မစားရဘူးကြားလား"

တူမ က သူ့ကြောင်ကို ပြောဆို၍
ကြောင်စာကျွေးလေသည်။ ယနေ့ထိတော့
ကြောင် သည် ငှက်မိသားစုကို ရန်မပြုပေ။
ငှက်ပေါက်လေးများလည်း အတော်ကြီးလာ
သည်။ ဘယ်နေ့ ပျံသန်းကြမည်တော့ မသိပေ။

@htwegyi
20-3-2023

H2
H3
H4
3 columns
2 columns
1 column
6 Comments
Ecency