ကြောက်ရွံ့ခြင်းမှ စိတ်လှုပ်ရှား ပျော်စရာ။၊

ဘာရယ်မဟုတ်ဖူးဗျာ။
ခုလိုအချိန်အခါကြီးမှာ ဟိုးယခင် ရွှေထီးဆောင်
ခဲ့တာတွေ ဘာတွေ မတွေးချင်ပါဘူး။
မရေးချင်ပါဘူး။ ရွှေထီးဆောင်ဆိုလို့
လူအထင်ကြီးအောင် ရေးပြတာပါ။
လူတွေက အတိတ်အကြောင်း
ပြောမယ်ဆို အဲ့ဂလို အင်ထရိုကြတာကလား။

အမှန်က ရွှေထီးဆိုတာ ဘုန်းကြီးပျံနဲ့ ဘုရား
တွေမှာသာ မြင်ဖူးတာ။ ကိုယ်တွေငယ်စဉ်က
မိုးရွာရင် ထီးအနက်ကြီးကို မောင်နှမ‌တတွေ
လုဆောင်ဖူးတာပဲရှိတာ။ ရွှေထီးမပြောနဲ့
ထီကောင်းကောင်းတောင် ဆောင်ခဲ့ရတာမဟုတ်ဖူး။

ကိုယ်တွေ ငယ်ဘဝ လွတ်လပ်ပေါ့ပါး
ပျော်ခဲ့ရတဲ့ ကလေးဘဝက အတိတ်ကို
သတိရမိတာပါ။ ယခုလို ခေတ်ပျက်ကြီးထဲမှာ
အားလုံးနီးပါး စိတ်သောက၊ စိတ်ဖိစီးမှုတွေ
အနည်းအများဆီ ရှိကြသည်။ ကိုယ်တွေလည်း
အပါအဝင်ပေါ့။

အပျော်ဆိုတာ ဘယ်လိုမှ ခံစားလို့မရအောင်
စိတ်က ဖိနှိပ်ခံထားရသည်။ အပျော်ဆိုတာ
ခုချိန်မှာ ရှားပါးပစ္စည်းတခုလိုပင်။
ပျော်မလားလို့ စိတ်ကို မြောက်ပင့်မိပေသိ
အပျော်နဲ့ စိတ်က ရန်ဖြစ်ထားသလား။


lmage Credit.

ဒီတော့ အပျော်ဆိုတာ ဘယ်လိုမျိုး အရသာ
လည်ဆိုတာ ပြန်လည်တူးဖော်ကြည့်မိသည်။
ငယ်စဉ်ဘဝ၊ နှပ်ချေးတွဲလောင်းနဲ့ဘဝတွေက
ပျော်ခဲ့ရသည်။ တနေ့က Facebook မှ
ပုံတခုတွေ့၍ သိမ်းထားမိသည်။
ကိုယ်တွေရဲ့ ငယ်ဘဝပုံရိပ်ကို သတိရစေသည်။

ငယ်စဉ် အလယ်တန်းကျောင်းသားဘဝ
မန္တလေးဘူတာကြီးမှာ ရေနွေးရောင်းခဲ့စဉ်
ဘဝတွေက ပျော်စရာကောင်းခဲ့သည်။
မန္တလေးဘူတာကြီးမှ ထွက်ခွါသော၊
ဆိုက်ရောက်သော ရထားများမှ ခရီးသည်
များကို ရောင်းချရင်း ပျော်ခဲ့ရသည်။

မန္တလေး အဝင်ရထားများထက် အထွက်ရထား
များကို ရောင်းရသည်က ပိုပြီးရောင်းရသည်။
မြစ်ကြီးနားရထားများထက် ရန်ကုန်စာပို့
ရထားကြီးက ရေနွေးပို၍ ရောင်းကောင်းသည်။
မန္တလေးမှ မနက်ပိုင်းထွက်သော ရန်ကုန်စာပို့
ရထားကြီးကို ယခုထိ သတိရမိသည်။

ဘူတာအတွင်း၌ ရထားလမ်းတလမ်းနှင့် တလမ်းကို
သံဇကာများခြားထားသည်။ ထိုသို့ခြားထားရခြင်းမှာ
ခရီးသည်များ အန္တရာယ်ကင်းစေရန်ဖြစ်သည်။
စင်္ကြန်တခုမှ တခုသို့ သွားလျှင် လူကူးဂုန်းကျော်
ပေါ်မှ တက်၍ အခြားရထားလမ်းစင်္ကြန်သို့
သွားရောက်စီးကြရသည်။

ထို သံဇကာနှင့် ဂုန်းကျော်များသည် ကျွန်တော်
တို့လို ဈေးသည်များအတွက် ရှုပ်လှသည်။
ဟိုဖက်က ရထားကိုလည်း ဈေးရောင်းချင်၊
ဒီဖက် ရထားကိုလည်းဈေးရောင်း ဆိုတော့။
ရထားလမ်းခြားထားသော သံဇကာများကို
အချို့သော ဈေးသည်ကြီးများက လူတကိုယ်ဝင်စာ
ဖျက်ထားသည်။


lmage Credit.

တခါတရံ ထိုသံဇကာအောက်မှ လူတကိုယ်စာ
ခေါင်းငုံ့၍ဝင်ကြသည်။ သံဇကာနှင့် ရထားလမ်း
သည် ရထားရှိပါက လူကြီးတကိုယ်စာခန့်သာ
လွတ်သည်။ ဒါတောင် လူက သံဇကာဖက်ကို
ဖိကပ်ထားရသည်။ ရထားတွဲဆိုင်းထိုးလာပါက
ထိုသို့ သံဇကာဖက်သို့ လူကိုကပ်ကာ ရထားရပ်သည့်
အထိ ‌ခဏရပ်နေရသည်။

လူကြီးဈေးသည်များ လုပ်သလို ကျွန်တော်လည်း
တခါတရံ လိုက်၍အတုခိုးလုပ်ဖူးသည်။
ပထမဆုံးလုပ်စဉ်က လက်ဖျား ခြေဖျားများ
အေးခဲ့သည်။ ရထားတွဲဆိုင်းကြီး ဖင်ထိုး၍
လာစဉ် ကိုယ်ခန္ဓာကို သံဇကာဖက် အတင်းဖိ
ထားသည်။ မျက်စိကိုမှိတ်သည်။ ရထားကြီး
ကိုယ့်အနီးသို့ ရောက်လာလေ ရင်ခုန်လေ။
ရထားကြီး ကိုယ့်ရှေ့မှ တဂျိမ်ဂျိမ်းဖြတ်မောင်း
သွားသောအခါ မျက်လုံးကို မဖွင့်ရဲ ဖွင့်ရဲ ဖွင့်ကြည့်မိသည်။ ကြောက်ရွံ့မှုကြားမှ ပျော်စရာနှင့် စိတ်လှုပ်ရှားမှုကို ကလေးဘဝက ရှာဖွေမိလေသည်။

@htwegyi
March 28, 2024

H2
H3
H4
3 columns
2 columns
1 column
13 Comments
Ecency