အမေနှင့် နွေ။

ရာသီဥတုကပူ၊ မီးကမလာ ဆိုတော့
ဖုန်းအားမသွင်းရ၍ ဖုန်းအားမရှိ။
ဖုန်းအားမရှိသည့်အပြင် အပူရှိန်ပြင်းတော့
ဖုန်းကို အကြာကြီး အသုံးမပြုရဲပေ။
ဖုန်း အကြာကြီး အသုံးမပြုရဲခြင်း၊
ဖုန်းအားမရှိခြင်း စတဲ့ အကြောင်းအရာများ
အပြင်၊ စာရေးဖို့ ပျင်းသည့် အပျင်းကြောင့်
လည်း ပိုစ့်တင်ဖို့ နှောင့်နှေးရပြန်သည်။

စာရေးဖို့ အကြောင်းအရာကလည်း ခေါင်းထဲမှာ
မရှိ။ ပူလွန်တဲ့ နွေဦးအစမှာပင် နွေကိုဖြတ်သန်းဖို့
အတော်ခက်ရပေသည်။ နွေပူမှာ ဘဝပူသူများ
အတွက် ရင်ပိုပူရသည်။ ယခု စာရေးနေသည်ပင်
ချွေးပြိုက်ပြိုက်ကျ၍ ယပ်ခပ်ကာ ရေးရသည်။

‌နွေရာသီကို အမြန်ဖြတ်ကျော်ချင်မိသည်။
ကိုယ်တွေပင် နွေရဲ့ဒဏ်ကု အလူးအလဲခံနေရသည်။
အသက်အရွယ်ကြီးသော၊ လေဖြတ်နေရှာသော
အမေ မည်သို့ခံစားရမည်နည်း။ ထရံကာ သွပ်မိုး
အိမ်၏ အပူဒဏ်က ကျောကော့အောင်ခံရသည်။

မနက်ပိုင်းဆယ်နာရီကျော်သည်နှင့် အမေကို
အိမ်အောက်ချရသည်။ ဆယ့်တစ်နာရီ
ကျော်သည့်အခါ အမေ့ကို ရေချိုးပေသည်။
အမေ့ကို ရေချိုးပြီး ကိုယ်တွေ ဆက်လက်
ချိုးရသည်။ အယ်နီညို ကြောင့်
ဆယ်နာရီကျော်လျှင် ရေမချိုးရဟု
ဆိုသော်လည်း ကိုယ်တွေက အရိပ်ထဲမှာနေ၍
ပြဿနာမရှိနိုင်ဟု ကိုယ့်အတွေးနဲ့ ရေချိုးကြသည်။

အမေ့ကို ရေချိုးပေးပြီး ထမင်းကျွေးကာ
အရိပ်အေးတဲ့နေရာထားရသည်။ ခြံအတွင်း
အရိပ်ရှိရာ နေရာများသို့ ပြောင်း၍ထားရသည်။
အိမ်ပေါ်မှာထက် အိမ်အောက်က အပူအနည်းငယ်
သက်သာသည်။ ပူလွန်၍ အမေ့သည် ယဲ့ယဲ့သာ
လှုပ်နိုင်သည်။ အသက်ကိုးဆယ်နားနီးလာသော
အမေ့အတွက် ဒီနွေက ပိုပူပေမည်။

အပူသက်သာရန် ခြံကို ရောက်စကတည်းက
ခြံအနောက်ဖက်၌ သစ်ပင်များ စိုက်ပျိုးထားသည်။
နှစ်နှစ်ကျော် သုံးနှစ်အရွယ် တမာ၊ ဗာဒံနှင့်
ပိတောက်ပင်ပျိုတို့က မြင်ရ ကြည့်ရ တွေ့ရသည်က
အေးမြသည်။ နွေရာသီရဲ့ အိုအေစစ် အပင်လေးများ
ဖြစ်သည်။ အပင်တပင်ရဲ့ တန်ဘိုးကို နွေအခါမှ
သိမည်ဆိုသည့် စကားက မှန်ပေသည်။
မိဘ၏ အရိပ်နှင့် အပင်၏ အရိပ်များရှိ၍
ဘဝအပူနှင့် နွေအပူကို အတော်ခံနိုင်ရည် ရှိခဲ့
ရပါလေသည်။

@htwegyi
April 9, 2024

H2
H3
H4
3 columns
2 columns
1 column
12 Comments
Ecency