တနိုင်ငံလုံးက ကျောင်းများ ယာယီ ပြန်ပိတ်မည် ဆိုပြီး မနေ့က ကြေငြာ၏။ အကန့်အသတ် မရှိဟု ဆို၏။ ပိုမိုဆိုးရွားလာသော အခြေအနေများကြောင့် ဒီထက် ထပ်မဆိုးလာခင် ထိုသို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်မည် ထင်၏။ ရောဂါ အခြေအနေကြောင့် ဆိုတော့ ကိုယ်လည်း ဘာမှ မတက်နိုင်ပေ။ အခုမှ သင်တန်းလေးတွေ အလုပ်လေးတွေက ပြန်စနေနေတုန်း ရှိသေးသည် ကိုရွှေ ကိုဗစ်က တစခန်းပြန်ထတော့ ပြန်နားရ ပြန်၏။ စာလေး ပြန်သင်ရတာမှ တလလားပဲ ရှိသေးသည် ခုတော့ ပြန်နားရပြန်ပြီပေါ့။
ဒီတခါ ထပ် home stay ရလျှင်တော့ အဆင်မပြေလှပေ။ ခက်တာက စာသင်တွေက နားရပြန်ဦးမည်ဆိုတော့ home stay stay မ stay stay ထူးတော့ မထူးပေ။ ဘာပဲ ဖြစ်ဖြစ် လုပ်စရာ မရှိလျှင်တော့ အိမ်မှာပဲ နေရမည် မဟုတ်လား။ အိမ်မှာက ဟို fighter (၂) ယောက်ကို ထိန်းနေ၊ ကြည့်နေရသေးသည်ကိုး။ သင်တန်းတခုကတော့ နားလိုက်ပေမယ့် နောက်တခုကတော့ မပြောတတ်သေးပေ။ ဘယ်လို လာဦးမည်တော့ မသိသေးပေ။ ခုမှ သင်တန်းတွေက သွေးပူနေတုန်းလေး ရှိသေးသည် မဟုတ်လား။
ခုလို သွေးပူဖို့တောင် အတော်လေး လုပ်ထားရ၏။ သွေးပြန်အေးသွားလျှင်တော့ အဆင်မပြေပေ။ ကလေးတွေ အတွက်လည်း အဆင်မပြေသလို၊ ကျနော်တို့ အတွက်လည်း အဆင်မပြေပေ။ အနှီ covid ကလည်း ဆိုးသား။ ငြိမ်နေပြီးမှ တဖန် ပြန်လည် စတင်လာခဲ့သည် မဟုတ်လား။ ဒုတိယလှိုင်း ရိုက်ခတ်မှုက ကြမ်းလှ၏။ အစပိုင်းနှင့်ကို ဆတိုးတွေ ရှိလာ၊ ဖြစ်လာခဲ့ပြီ ဖြစ်၏။ ထိန်းနိုင်၊ မထိန်းနိုင်ကိုတော့ ဆက်လက်စောင့်ကြည့်ရပေလိမ့်ဦးမည်။
ကိုယ့်နိုင်ငံ တခုထဲ မဟုတ်ဘဲ အခြားနိုင်ငံများမှာလည်း ပြန်လည် စတင်နေသည့် ဒုတိယလှိုင်းက မည်သည့်အခါမှ ထိန်းချုပ်နိုင်မည်နည်း။ ဒုတိယလှိုင်းမှာ အပြုတ် မတိုက်နိုင်လျှင် တတိယလှိုင်းတွေနှင့် နောက်ထပ် လှိုင်းတွေများ ဆက်ဆက်လာနေဦးမည်လား။ မူလ လက်ဟောင်း တရုတ်ကြီးထံကနေတော့ ဘာသံမှ ထပ်မကြားရသေးပေ။ အများ တမျိုးထင်စရာ၊ တလွဲထင်စရာ ကိုရွှေ တရုတ်ပင်။
အများတွေ ဒုက္ခများနေပေမယ့် သူတို့က သာသာယာယာပင်။ ဘယ်တော့များမှ ပြီးပြတ်မည်နည်း၊ ဘယ်တော့များမှ ချုပ်ငြိမ်းမည်နည်း၊ ဘယ်တော့များမှ အေးအေးဆေးဆေး နေရမည်နည်း။ အမြန်ဆုံး ငြိမ်းချမ်းချင်မည်။ အမြန်ဆုံး အေးဆေးချင်ပြီ။ အမြန်ဆုံး အလုပ်တွေ ပြန်စချင်နေပြီ။ covid ရယ် ကျနော်တို့ကို ပျော်ရွှင်ခွင့်ပေးပါတော့။