စစ်တွေမှာတော့ ပိုးတွေ့ လူနာတွေ များများလို့ လာနေခဲ့ပြီ ဖြစ်၏။ ထပ်မတွေ့ဘဲ ရပ်သွားလျှင် ဘယ်လောက်များ ကောင်းမည်နည်းဆိုပြီး တနေ့တနေ့ တက်လာသည့် လူနာဦးရေကို ကြည့်ရင်း ဆုတောင်းနေမိ၏။ ဒီနေ့ မနက် (၈) နာရီ ထုတ်ပြန်ချက်မှာတော့ ပိုးတွေ့လူနာ မရှိဆိုပြီး ထုတ်ပြန်ထား၏။ မင်္ဂလာရှိပေစွ။ ဆက်လက်ပြီးတော့လည်း မင်္ဂလာရှိလို၏။ မင်္ဂလာ ရှိပါစေလို့လည်း ဆုတောင်းနေမိ၏။
လူနာဦးရေ တိုးပွားလာမှု နှင့်အတူ စစ်တွေမြို့ကို lock down လုပ်ထားလိုက်ပြီ ဖြစ်၏။ ကူးစက်မှု ဆက်လက်မပျံ့ပွားအောင်၊ မကြီးထွားအောင် လုပ်ဆောင်ဖို့ လိုသည် မဟုတ်လား။ ဖွင့်တာ မကြာသေးသည့် အခြေခံကျောင်းများ တဖန် ပြန်ပိတ်ရပြန်၏။ စစ်တွေ အတွက် ဝမ်းနည်းမိ၏။ စိတ်မကောင်းလည်း ဖြစ်ရ၏။ ရောဂါ ဒီထက် ထပ်ပြီး မတိုးပွားလာအောင် ထိန်းချုပ် လုပ်ဆောင်နိုင်ဖို့ လို၏။ တမြို့မှသည် အခြားမြို့များသို့ ထပ်မံ မကူးစက်အောင် လုပ်ဆောင်နိုင်ဖို့ လို၏။
ပထမ အကြိမ်တုန်းက အားလုံး နီးပါး home stay ကြ ဂရုစိုက်၊ သတိထားကြ၏။ ခု စချင်စချင် ဖြစ်လာသည့် ဒုတိယ အကြိမ်မှာလည်း သတိ ဝီရိယလေး ရှိစေချင်၏။ home stay ဖို့ကတော့ ခဲယဉ်းမည် ထင်၏။ အများစုက ရှေ့ကာလတုန်းက home stay ခဲ့ရတော့ စုထား၊ ဆောင်းထားတာတွေလည်း လုံးပါး ပါးလို့ လာခဲ့ပြီ ဖြစ်၏။ နဂိုကတည်းက စုဆောင်းထားတာ မရှိသူ ကျနော့်အဖို့ ပိုလို့တောင် ဆိုးသွားနိုင်၏။ မဖြစ်ပါစေနဲ့ဟုသာ ဆုတောင်းနေမိ၏။
သင်တန်းလေးတွေကလည်း ခုမှ စတုန်းလေ။ မတော်တဆများ အဆိုပါ ဒုတိယလှိုင်းအစက စစ်တွေမှာတင် မရပ်ဘဲ အခြား နေရာများကို ခြေဆန့်လာခဲ့မည် ဆိုလျှင်။ ထိုအတွေးကား တွေးကို မတွေးရဲသည့် အတွေးပင် ဖြစ်၏။ ထိန်းချုပ်နိုင်ပါစေ။ မြန်မြန် ပျောက်ကင်းပါစေဆိုပြီး မျှော်လင့် ဆုတောင်းနေမိ၏။ ခုတော့ သွားသတိ၊ လာသတိနှင့် နေထိုင်နေရ၏။ သတိဆိုတာ ပိုတယ်လို့ မရှိဘူး မလား။ ဘာတွေ ဆက်ဖြစ်လာမည်မှန်း မသိသေးတော့ လောလောဆယ်မှာတော့ လုပ်စရာ ရှိတာလေးတွေကို လုပ်ရင်း အားလုံး ငြိမ်းချမ်းပါစေ၊ အဆင်ပြေပါစေဆိုပြီး ဆုတောင်းနေမိ၏။